USS Scorpion ကို SSN-589 လို့လည်းသိကြပြီး အမေရိကန် ရေတပ်ရဲ့ Skipijack အမျိုးအစားနျူးကလီးယား စွမ်းအင်သုံးရေငုပ်သင်္ဘောဖြစ်ပါတယ်။ (၁၉၆၈)ခုနှစ်မှာတော့ အဲဒီရေငုပ်သင်္ဘောကြီး ဟာ အကြောင်းအရာသဲလွန်စ တိတိကျကျမရှိပဲ ပျောက်ဆုံး နစ်မြုပ် သွားခဲ့ပြီး မေးခွန်းများစွာ၊ ပဟေဠိများစွာကို ယခုချိန်ထိခေတ်သစ်သိပ္ပံလောကကို အလုပ်ပေးသွားခဲ့ပါတယ်။ USS Scorpion ပျောက်ဆုံးမှုအတွက် ကမ္ဘာ့နည်းပညာအမြင့်ဆုံးလို့ဆိုရမယ့် အမေရိကန်အစိုးရက စုံစမ်းရေးအဖွဲ့တွေဖွဲ့စည်းပြီး အသေးစိတ်ကအစ လိုက်လံစုံစမ်းခဲ့ပေမယ့် နစ်မြုပ်ခဲ့ရခြင်းအတွက် တိကျတဲ့အဖြေကို တော့လက်ရှိအချိန်ထိမပေးနိုင်ခဲ့ပါဘူး။
USS Scorpion ကိုတော့ Electric Boat Division of General Dynamics ကုမ္ပဏီက Connecticut ပြည်နယ်၊ Groton မှာတည်ဆောက်ပြီးစီးခဲ့ပြီး အလျား(၂၅၂)ပေ အနံ ၃၁ပေ ရှည်လျားပါတယ်။ အရာရှိ ၈ဦးနဲ့ အတူ သင်္ဘောသား ၇၅ယောက်ခန့် စီးနင်းလိုက်ပါနိုင်တယ်လို့သိရပါတယ်။ USS Scorpion ကို (၁၉၅၉)ခုနှစ်၊ ဒီဇင်ဘာ (၂၉)ရက်နေ့ကရေချခဲ့ပြီး တပ်တော်ဝင်အခမ်းအနားကိုတော့ (၁၉၆၀)၊ဂျူလိုင်(၂၉) ရောက်မှသာ Norman B Bessac ရဲ့ထိန်းချုပ်မှုအောက်ကနေပြုလုပ်ခဲ့ပါတယ် ။ USS Scorpion ရဲ့ပင်မဆိပ်ကမ်းကတော့ Connecticut ပြည်နယ်အတွင်းက New London မှာထားရှိခဲ့ပါတယ်။
USS Scorpion ရဲ့ပထမဆုံးတာဝန်ကတော့ နေတိုးအုပ်စုဝင်ရေတပ်ယာဉ်တွေနဲ့ ပူးပေါင်းပြီး စစ်သည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေဖြစ်ပါတယ်။ (၁၉၆၀)၊သြဂုတ်လ (၂၄)ရက်နေ့မှာတော့ USS Scorpion ဟာ(၂)လကြာရှေတန်းထွက်ခဲ့ရပြီး ယင်းကနေ အမေရိကန်ပြည်ထောင်စုအရှေဘက်ကမ်းလွန်က စစ်ဆင်ရေးလေ့ကျင့်မှုတွေအတွက် ထောက်ပို့ယာဉ်အဖြစ်ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ယင်းစစ်ရေးလေ့ကျင့် မှုတွေအတွက် USS Scorpion ဟာ(၆)လကြာတာဝန်ထမ်းဆောင်ခဲ့ရပြီး နိုင်ငံရပ်ခြားခရီးစဉ်တစ်ခုကိုဆက်လက်ထွက်ခွာခဲ့ရပြန်ပါတယ်။ USS Scorpion ပြန် ရောက်လာချိန်မှာတော့ သူမရဲ့ပင်မဆိပ်ကမ်းဟာ New London ကနေ ဗာဂျီးနီးယား ပြည်နယ်အတွင်းက Norfolk ကိုပြောင်းရွေသွားခဲ့ရပါတယ်။
(၁၉၆၃)ခုနှစ်၊ဂျွန်လမတိုင်ခင်အထိ USS Scorpion ဟာစစ်ဆင်ရေးထောက်ပို့ယာဉ် အဖြစ်ကွဲပြားတဲ့နေရာဒေသတွေမှာ ဆက်တိုက်ကိုပါဝင်နိုင်ခဲ့ပြီး ယင်းနောက်မှာတော့ အကြီးစားပြန်လည်ပြင်ဆင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ယင်းပြင်ဆင်မှု ဟာတာဝန်ထမ်းဆောင်ချိန်(၂)နှစ်ကာလအတွင်း USS Scorpion ရဲ့ပထမဆုံးပြင် ဆင်မှုဖြစ်ခဲ့ပြီး ယင်းနောက်မှာတော့ အတ္တလန္တိတ်သမုဒ္ဒရာရေပြင် စောင့်ကြည့်ရေး လုပ်ငန်းတွေမှာ ကင်းလှည့်ရေယာဉ်အဖြစ်စစ်ဆင်ရေးတာဝန်တွေကိုထမ်းဆောင်ခဲ့ပါတယ်။ (၁၉၆၄)ခုနှစ်အတွင်း USS Scorpion ရဲ့ အတ္တလနစ်နယ်မြေစိုးမိုးရေးစစ်ဆင် ရေးတွေကို (၂)ကြိမ်တိုင်ပါဝင်ခဲ့ပြီး ရေငုပ်သင်္ဘောရဲ့မြင့်မားတဲ့စွမ်းဆောင်ရည်တွေ ကြောင့် များစွာသောရေတပ်စစ်သည်တွေရဲ့ ချီးကျူးမှုအပါအဝင် ယင်းသင်္ဘောမှာ လာရောက်အမှုထမ်းလိုကြောင်းအဆိုပြုလွှာများစွာကိုလက်ခံရရှိခဲ့ပါတယ်။
နောက်ထပ်(၃)နှစ်ကြာချိန်မှာတော့ USS Scorpion ဟာ အကြီးစားပြင်ဆင်မှုတွေကို ပြန်လည်လုပ်ဆောင်ခဲ့ရပြီး အမေရိကန်ရေတပ်ရဲ့စစ်ဆင်လေ့ကျင့်ရေးစီမံချက်တွေ လက်နက်စမ်းသပ်ချက်တွေအတွက် အသင့်အနေအထားကနေ နေရာယူထားခဲ့ရပါတယ်။ (၁၉၆၈)ခုနှစ် ဖေဖော်ဝါရီ(၁၅)ရက်နေ့အထိ USS Scorpionဟာ စစ်ရေးလေ့ကျင့်မှုတစ်ကြိမ်ထက်မကပြုလုပ်ခဲ့ရပြီး မြေထဲပင်လယ်ကိုစေလွှတ်ခြင်းခံခဲ့ ရပြန်ပါတယ်။
ယင်းနောက်စစ်ဆင်ရေးတာဝန်တွေထမ်းဆောင်နေရင်း (၁၉၆၈)ခုနှစ် မေလ(၂၀)ရက်နေ့သန်းခေါင်ယံ၊မေလ(၂၁)နံနက်မှာတော့ ဂရိနိုင်ငံ၊ Nae Makri ကရေ တပ်စခန်းကို အရေးကြီးသတင်းပေးပို့လာပါတယ်။ အကြောင်းအရာကတော့ Azores ကျွန်းရဲ့တောင်ဘက် မိုင်(၅၀)ခန့်အကွာမှာ USS Scorpion အနေနဲ့ခက်ခဲတဲ့အခြေအနေ တစ်ခုကိုရုန်းကန်နေရကြောင်း သတင်းပို့လာခဲ့ပြီးတဲ့နောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။ ၂ရက်ကြာအောင်အဆက်အသွယ်ပြတ်တောက်သွားပေမယ့် ရေငုပ်သင်္ဘောတွေဟာ Radio Silence လုပ်လေ့ရှိတာကြောင့် အစပထမမှာတော့ စိုးရိမ်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် ၆ရက်ကြာပြီးတဲ့ သတ်မှတ်ရက်ဖြစ်တဲ့ မေလ(၂၇)ရက် နေ့အထိ ရေငုပ်သင်္ဘောဟာ အခြေစိုက်စခန်း Norfolk ကိုရောက်မလာနိုင်တာကြောင့် အမေရိကန်ရေတပ် ဘက်က USS Scorpion ရေငုပ်သင်္ဘောရှာပုံတော်ဖွင့်ရပါတော့တယ်။
ချက်ချင်းဆိုသလို အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့ဝင်တွေစုပေါင်းပြီး စစ်ရေယာနဲ့ရေငုပ်သင်္ဘောအစီးရေ (၅၀) သာမက ဒါဇင်နဲ့ချီတဲ့လေယာဉ်တွေကိုအသုံးပြုပြီး USS Scorpion ရှာပုံတော်ဖွင့်ခဲ့ပေမဲ့ အရိပ်အယောင်မျှသာတွေ့ရှိခဲ့ခြင်းတော့မရှိပါဘူး။ ပျောက်ဆုံးရေငုပ်သင်္ဘောနဲ့ပတ် သတ်ပြီး ပွဲဆူစေခဲ့တာကတော့ (၁၉၆၈)၊ဂျွန်လမှာပြုလုပ်ခဲ့တဲ့ USS Scorpion စုံစမ်း ရှာဖွေရေးအဖွဲ့ရဲ့အစီရင်ခံစာတွေ ပေါက်ကြားခဲ့ရာကနေစတင်ပါတယ်။
ယင်းသတင်း တွေအရ USS Scorpion ပျောက်ဆုံးတယ်လို့ယေဘုယ ယူဆတဲ့နေရာရဲ့အနေအထားဟာ ယခုလိုအပူတစ်ပြင်းလိုက်လံဖို့မလိုအပ်တာအပါအဝင် ပျက်စီးနစ်မြုပ်တယ်ဆိုတဲ့ အချက်အလက်တစ်ခုတောင်မတွေ့ရခဲ့ခြင်းက စုံစမ်းရေးအဖွဲ့မှာပါဝင်တဲ့ပညာရှင်တွေကို အတော်ကိုခေါင်းစားစရာဖြစ်နေကြောင်း ဖော်ပြချက်တွေပါရှိခဲ့တာဖြစ်ပါတယ်။ ဒါဆိုရင် USS Scorpion ရေငုပ်သင်္ဘောနစ်မြုပ်ရခြင်းဟာ ရန်သူလက်ချက်ကြောင့်လား၊ စက်ချို့ယွင်းမှုကြောင့်လား စသည်ဖြင့် သင်္ဘောနစ်မြုပ်ပြီး(၂)ပတ်ကြာချိန်မှာတော့ သတင်းစာ မျက်နှာပေါင်း (၁၈၀၀)လောက်အထိကိုဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါပေမဲ့တိကျတဲ့အဖြေက တော့အစိုးရကိုယ်တိုင်ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။
နောက်ပိုင်းမှာတော့ MIZAR (T-AGOR11) အမည်ရတဲ့အဏ္ဏဝါဗေဒလေ့လာရေး ရေယာဉ်တစ်စီးဟာ USS Scorpion နစ်မြုပ်တယ်လို့ယူဆရတဲ့ Azores ရဲ့အနောက် တောင်ဘက်မိုင်(၄၀၀)ခန့်အကွာက ရေအနက်ပေ ၉၈၀၀ကျော်လောက်မှာ USS Scorpion ရေငုပ်သင်္ဘောရဲ့ အပျက်အစီးတွေလို့ယူဆရတဲ့အပိုင်းအစတွေကို ဓာက်ပုံရိုက်မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ ယင်းသတင်းဟာ တိုင်ပတ်နေတဲ့ USS Scorpion ရှာဖွေရေးအဖွဲ့ကို အတော်လေး အသက်ရှူချောင်သွားစေခဲ့ပြီး USS Scorpionရေငုပ်သင်္ဘောနစ်မြုပ်မှုကို အတည်ပြုပေးနိုင်ခဲ့ပါတယ်။
ပျောက်ဆုံး ရေငုပ်သင်္ဘောရဲ့အစိတ်အပိုင်းကိုတွေ့ရှိပြီး လေ့လာမှုအရတော့ ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုကြပြီး သင်္ဘောနဲ့အတူ လိုက်ပါစီးနင်းခဲ့ကြတဲ့ သင်္ဘောသား ၉၉ဦးစလုံးဟာ သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် ဘာကြောင့်ဘယ်လို ပေါက်ကွဲခဲ့ရတယ်ဆိုတာကိုတော့ ယနေ့ထိတိုင် တိကျတဲ့အဖြေ ထွက်လာခဲ့ခြင်း မရှိပါဘူး။
Discussion about this post