ရန်သူရဲ့စစ်ရေးသတင်းအချက်အလက်တွေကို သူ့လူကိုယ့်ဘက်သားပုံစံမျိုးနဲ့ ရယူပေးနိုင်တဲ့ စပိုင်တွေရဲ့လုပ်ဆောင်ချက်ဟာ သက်ဆိုင်ရာတပ်ဖွဲ့၊အဖွဲ့အစည်းတွေ အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ လုပ်ဆောင်မှုတွေဖြစ်ခဲ့ပါတယ်။ ဒီတခါမျှဝေမယ့် သူကတော့ လက်ရှိကမ္ဘာ့ထောက်လှမ်းရေးနည်းပညာအမြင့်ဆုံးလို့သိကြတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားသူရဲကောင်းတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသူတစ်ယောက် ဖြစ်ပါတယ်။
သူဟာစပိုင်တစ်ယောက်ဖြစ်ပြီး သူကိုယ်စားပြု စပိုင်လုပ်ပေးခဲ့တဲ့တိုက်ပွဲဟာ ( ၁၇၇၅ ကနေ ၁၇၈၃) အထိဖြစ်ပွားခဲ့တဲ့ အမေရိကန် တော်လှန်ရေးကာလတွေဆီက ဖြစ်ပါတယ်။ အမေရိကန်တွေဟာ ယင်းကာလက ဗြိတိသျှအင်ပါယာရဲ့ လက်အောက်မှာကျရောက်နေပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု ဖြစ်လာဖို့ အတွက် အမေရိကန်တွေတိုက်ခဲ့ရတဲ့ ယင်းတော်လှန်ရေးစစ်ပွဲတွေဟာ ယခုချိန်ထိ အမေရိကန်ဆင်နွှဲပြီးသမျှ စစ်ပွဲတွေအနက် အရေးအကြီးဆုံးဖြစ်တယ်ဆိုတာ ပြောနေဖို့တောင်လိုမယ်မထင်ပါဘူး။
သူ့နာမည်ကတော့ Nathan Hale ဖြစ်ပြီး (၁၇၅၅)ခုနှစ်၊ဇွန်လ(၆)ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု Connecticut ပြည်နယ်ထဲက Conventry မြို့မှာမွေးဖွားခဲ့ပါတယ်။ သူအသက်(၁၄)နှစ်အရွယ်၊ (၁၇၆၉)ခုနှစ်မှာတော့ သူရဲ့အစ်ကိုဖြစ်သူ Enoh နဲ့ အတူ Yale ကောလိပ်ကိုတက်ရောက်ပညာသင်ကြားခဲ့ပါတယ်။ သူအသက်(၁၈) နှစ် အရွယ် (၁၇၇၃)မှာတော့ ပထမအဆင့်ဂုဏ်ထူးတန်းနဲ့ဘွဲ့ရခဲ့ပြီး East Haddamနဲ့ New London မြို့တွေမှာကျောင်းဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။
အမေရိကန်တော်လှန်ရေးစတင်တဲ့ (၁၇၇၅)ခုနှစ်မှာတော့ Connecticut ပြည်နယ်က မြေအောက်တော်လှန်ရေးခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး (၅)လအတွင်းမှာပဲ သူ့ရဲ့စွမ်းဆောင်ရည်တွေကြောင့် ဗိုလ်အဖြစ်ရာထူးတိုးပေးခြင်းခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့သူဟာ တော်လှန်ရေးအဖွဲ့ရဲ့လျိုဝှက်ထောက်လှမ်းရေးအဖွဲ့ဲဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး Knowlton ခေါင်းဆောင်တဲ့ Knowlton’s Rangers အဖွဲ့မှာပါဝင်လာခဲ့ပါတယ်။
(၁၇၇၆)ခုနှစ်နွေဦးပိုင်းမှာတော့ အမေရိကန်တော်လှန်ရေးစစ်သည်တွေဟာ နယူးယောက်မြို့ကိုကာကွယ်ရန်အတွက် Manhattan ကိုပြောင်းရွေခဲ့ကြပါတယ်။ ယင်းနှစ်သြဂုတ်လမှာဖြစ်ပွားတဲ့ Long ကျွန်း တိုက်ပွဲတွေမှာတော့ ဗြိတိသျှတွေရဲ့ပြင်းထန်တဲ့ထိုးစစ်ကြောင့် တော်လှန်ရေးတပ်တွေဟာ Staten ကျွန်းကနေ Brooklyn ကိုဖြတ်ပြီး ဆုတ်ခွာခဲ့ရပါတယ်။ ယင်းဖြစ်စဉ်ပြီးဆုံးချိန်မှာတော့ ေတော်လှန်ရေးတပ်ပေါင်းစုရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဂျော့ဝါရှင်တန်က ရန်သူရဲ့ရဲ့နယ်မြေအတွင်းစပိုင်တွေထားရှိဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ယင်းနောက်မှာတော့ Nathan Hale ဟာ ရွေးချယ်တဲ့ အထူးတပ်သားတွေနဲ့အတူ တစ်ဦးတည်းသော စေတနာဝန်ထမ်း စပိုင်တစ်ယောက်အဖြစ်ပါဝင်ခဲ့ပါတယ်။ (၁၇၇၆)ခုနှစ်၊စက်တင်ဘာ(၈)ရက်နေ့မှာပဲ Nathan Hale ဟာဗြိတိန်စစ်တပ်ရဲ့ရွေလျား စစ်ကြောင်းတွေရဲ့သတင်းကို တော်လှန်ရေးတပ်သားတွေထံပေးပို့နိုင်ခဲ့ပါတယ်။ ယင်းလ (၁၂)ရက်နေ့မှာပဲ Nathan Haleဟာ ဗြိတိန်တွေထိန်းချုပ်ထားတဲ့ Long Island အတွင်း ကHuntington မြို့ကိုရောက်ရှိပြီး ရန်သူရဲ့စစ်ရေးဆိုင်ရာပြင်ဆင်မှုတွေကိုတော်လှန် ရေးတပ်သားတွေထံ ထပ်မံသတင်းပို့နိုင်ခဲ့ပါတယ်။
တစ်ဖက်ကလည်းခြေချင်းလိမ်နေတဲ့ ဗြိတိန်ထောက်လှမ်းရေးတွေအကြား Nathan Hale ဟာ ဟော်လန်ကျောင်းဆရာ တစ်ယောက်ပုံစံဖမ်းပြီး အလုပ်လိုက်ရှာနေသယောင် ပိပိရိရိဟန်ဆောင်နိုင်ခဲ့ပါတယ်။ Nathan Hale စပိုင်လုပ်နေဆဲကာလဖြစ်တဲ့ (၁၇၇၆)၊စက်တင်ဘာ(၁၅)ရက်နေ့မှာတော့ နယူးယောက်မြို့ဟာ ဗြိတိန်တပ်တွေရဲ့လက်အောက်ကိုကျရောက်သွားခဲ့ပါ့ပြီး ဝါရှင်တန် ရဲ့တပ်တွေဟာ Harlem Height အထိဆုတ်ခွာခဲ့ရပါတယ်။
စက်တင်ဘာ(၂၀)ရက် နေ့ညမှာတော့ သမိုင်းမှာ Great Fire of New York (1776) လို့နာမည်ကြီးခဲ့တဲ့ သမိုင်း ဝင်မီးလောင်မှုကြီးစတင်ပါတယ်။ ရှို့မီးဖြစ်ပြီးမြို့ကို ရယူထားတဲ့ ဗြိတိန်တပ်တွေကို အခက်တွေ့စေရန်ရည်ရွယ်ပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန်ဗိုလ်ချုပ်ကြီးဝါရှင်တန်ရော အမေရိကန်ကွန်ဂရတ်ကပါ ယင်းမီးလောင်မှုအတွက် တော်လှန်ရေးစစ်သည်တွေမှာ တာဝန်မရှိကြောင်း ငြင်းဆန်ခဲ့ကြပါတယ်။
ယင်းအချိန်လိုခက်ခဲတဲ့ရှုပ်ထွေးမှု တွေရှိနေပေမယ့်လည်း Nathan Hale ကတော့သူရဲ့တာဝန်ကို ရုပ်သဏ္ဍန်အမျိုးမျိုးပြောင်း ပြီးထမ်းဆောင်နေဆဲဖြစ်ပါတယ်။ သူဟာဗြိတိန်စစ်တပ်ရဲ့ရွေလျားပုံတွေသာမက ပုန်းကင်းတွေ၊ဝပ်ကင်းတွေအပြင် အမြောက်လက်နက်တွေထားရှိတဲ့နေရာတွေအထိ တော်လှန်ရေးတပ်သားတွေအထိ သတင်းပေးပို့နိုင်ခဲ့ပါတယ်။ တော်လှန်ရေးတာဝန်ရှိ သူတွေဘက်က Nathan Hale အနေနဲ့ ရန်သူစက်ကွင်းအတွင်းကျရောက်လုနီးဖြစ် ကြောင်းသတိပေးမှုတွေရှိနေခဲ့ပေမဲ့ သူကတော့ နောက်ဆုံးအကြိမ်အထိလုပ်ဖို့ဆုံးဖြတ် ထားခဲ့ပါတယ်။
တစ်ကြိမ်မှာတော့ ဗြိတိန် Queen’s Ranger အဖွဲ့ ရဲ့မေဂျာ Robert Rogers က Nathan Hale ရဲ့အကြောင်းကိုခြေရာခံမိသွားပြီး Queen မြို့က Flushing Bay မှာဖမ်းဆီးခဲ့ပါတယ်။ နောပ်ထပ်မှတ်တမ်းတစ်ခုကတော့ Nathan Hale ကိုသူရဲ့ညီတော်သူ ဗြိတိန်အလိုတော်ရိ Samuel Hale က ပြန်ဖမ်းခဲ့တာ လို့ဆိုပါတယ်။ Nathan Hale အမှုကိုတော့ ဗြိတိန်ဗိုလ်ချုပ်ကြီး William Howe ကိုယ်တိုင်ကိုင်တွယ်ခဲ့ပြီး လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပြီးချိန်မှာတော့ ယင်းကာလကဗြိတိန်ရဲ့ဥပဒေအတိုင်း သေဒဏ်ပေးခဲ့ပါတယ်။
(၁၇၇၆)ခုနှစ်၊စက်တင်ဘာ (၂၂)ရက်နေ့နံနက်ခင်းမှာတော့ ဗြိတိန်လက်မရွံစစ်သည်တွေက Nathan Hale ကိုPost လမ်းမတစ်လျှောက်ကနေ နောက်ပိုင်းမှာ Dove Tavern လို့ခေါ်တွင်ခဲ့တဲ့ Park of Artillery (ယခုချိန်မှာ တော့နယူးယောက်ရဲ့ (၆၆)လမ်း နဲ့ Third Avenue) ကိုခေါ်ဆောင်ပြီး ကြိုပေးကွပ်မျက်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ ကျောင်းဆရာလေး (ဝါ) တာဝန်သိ စပိုင်တစ် ယောက်ဖြစ်တဲ့ Nathan Hale ဟာ အသက်(၂၁)နှစ်အရွယ်သာရှိပါသေးတယ်။
စစ်ကြီး ပြီးဆုံးချိန်မှာတော့ Nathan Hale ဟာအမေရိကန်အမျိုးသားသူရဲကောင်းတစ်ယောက်အဖြစ် လူထုရဲ့သတ်မှတ်ဂုဏ်ပြုခြင်းခံခဲ့ရပြီး (၁၉၈၅)ခုနှစ်မှာတော့သူရဲ့မိခင် ပြည်နယ် Connecticut ပြည်နယ်ရဲ့ သူရဲကောင်းပုဂ္ဂိုလ်အဖြစ်တရားဝင်အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။ Nathan Hale ကိုဂုဏ်ပြုထားတဲ့ အမေရိကန် နာမည်ကျော် ပန်းပုပညာရှင် Frederick William MacMonnies ရဲ့လက်ရာ သူရဲ့ပုံတူကျောက်ရုပ်တု ကိုလည်း နယူးယောက်မှာရှိတဲ့ City Hall မှာယနေ့တိုင်တွေ့မြင်နိုင်ပါတယ်။
Discussion about this post