ရေးသားသူ – ကောင်းစည်သူ(သုတစွယ်စုံ)
အမေရိကန်ဒေါ်လာဟူသည့် ငွေစက္ကူသည် တစ်ကမ္ဘာလုံး သုံးစွဲလျက်ရှိသည့် အမာခံ ဘုံငွေကြေးတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးနီးပါးက အမေရိကန်ဒေါ်လာကို စံငွေကြေးအဖြစ်လက်ခံသုံးစွဲလျက်ရှိသည်။အချို့သော နိုင်ငံများတွင် ပြည်သူများသည် အမေရိကန် ဒေါ်လာ ကို ကိုင်တွယ်အသုံးပြုခွင့်မရှိသော်လည်း နိုင်ငံအများစုတွင် ပြည်သူတစ်ဦးချင်းသာမက နိုင်ငံအစိုးရများကပါ အမေရိကန်ဒေါ်လာကို ခိုင်မာသော ငွေကြေးတစ်ရပ်အဖြစ် သုံးစွဲလျက် ရှိသည်။
အမေရိကန်ဒေါ်လာ နောက်ခံ
အမေရိကန်ဒေါ်လာ ဟု ထင်ရှားသည့် စက္ကူပိုက်ဆံကို ၁၆၉၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက် ပြည်နယ် တွင် ပထမဆုံးအသုံး ပြုခဲ့သည်။ လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာကို တစ်ဒေါ်လာ၊ ငါးဒေါ်လာ၊ ဒေါ်လာ ၂၀၊ ဒေါ်လာ၅၀ နှင့် ဒေါ်လာ ၅၀ တန် များ ထုတ်ဝေသုံးစွဲသည်။ ဒေါ်လာ ၅၀ နှင့် ၁၀၀ တန် ငွေစက္ကူများသည် ရှစ်နှစ်ကြာလည်ပတ်သုံးစွဲသည်အထိ မစုတ်မပြဲ တည်ရှိနိုင် သည်။ ဒေါ်လာ ၂၀ငွေစက္ကူ ကို နှစ်နှစ် အထိ သုံးစွဲခံနိုင်သည်။ ငါးဒေါ်လာ ငွေစက္ကူ၏ သက်တမ်းသည် ၁၅ လထိ ဖြစ်ပြီး တစ်ဒေါ်လာတန် ငွေစက္ကူ တစ်ရွက်၏ ပျမ်းမျှသက်တမ်းသည် ၁၈ လ ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် လှည့်ပတ်သုံးစွဲနေသည့် ဒေါ်လာငွေစက္ကူများ၏ ၉၇ ရာခိုင်နှုန်းတွင် ကိုကင်း အစအနများ စွန်းပေ နေလေ့ရှိသည်။Apple ကွန်ပျူတာ ပူးတွဲတည်ထောင်သူ စတိဗ်ဝေါ့ဇ် နီးခ်က နှစ်ဒေါ်လာ ငွေစက္ကူများကိုစာအုပ်ပုံစံပြုလုပ်ကာ စာ ရွက် များကိုဖြဲယူသကဲ့သို့ ငွေစက္ကူများကို ဖြုတ်ယူသုံးစွဲသည်ဟုဆိုသည်။ ၁၉၆၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံတွင် နေထိုင်လျက် ရှိသောလူ တစ်ဦးချင်း အတွက် အမေရိကန် နိုင်ငံဗဟိုဘဏ်မှ ထုတ်ဝေထားသည့် လည်ပတ်သုံးစွဲနေသည့် ပျမ်းမျှ ငွေစက္ကူတန်ဖိုး သည်ဒေါ်လာ ၁၇၇ ဒသမ ၄၁ ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်တွင်အမေရိကန်တစ်ဦးချင်းသုံးစွဲငွေသည် ဒေါ်လာ ၁၀၆၂ ဒသမ ၈၆ သို့ တိုးမြင့်လာခဲ့သည်။၁၈၆၅ ခုနှစ်တွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ရွေတုံးများကို နောက်ခံပြုထားသည့် ငွေစုလက်သေခံ လက်မှတ်များကို ထုတ်ဝေခဲ့ကာ ၁၉၃၃ ခုနှစ် အထိ သုံးစွဲခဲ့သည်။
၁၉၂၉ ခုနှစ်မှ စတင်၍အမေရိကန် ငွေကြေးကို ရှေ့မျက်နှာတွင် ရုပ်ပုံ၊ ကျောဘက်တွင်အမှတ်တံဆိပ်နှင့် အဆောက်အဦ များထည့်သွင်းရိုက်နှိပ်ထုတ်ဝေရန် စံ သတ်မှတ်ခဲ့သည်။ ငွေစက္ကူလုံခြုံရေးကြိုးနှင့်မိုက်ခရိုပုံနှိပ်ထားခြင်းကို ၁၉၉၀ ပြည့်နှစ်မှစ၍ ဒေါ်လာ ၅၀ နှင့် ၁၀၀ တန်ငွေစက္ကူများတွင် စတင် အသုံးပြုခဲ့သည်။ ယင်းငွေစက္ကူများတွင် အပြာရောင် လုံခြုံရေးကြိုးကို ထည့်သွင်း ထားပြီး ခရမ်းလွန်အောက်ရောင်ခြည်ဖြင့် ကြည့်မှသာ မြင်နိုင်သည်။
ငွေစက္ကူ အသေးများ
တစ်ဒေါ်လာငွေစက္ကူအပေါ်တွင် ရိုက်နှိပ်ထားသော ပိရစ်မစ်ပုံအပေါ်မှ လက်တင်စကားလုံး ANNUIT COEPTIS ၏ အဓိပ္ပာယ်သည် “ ဘုရားသခင်သည် ကျွန်ုပ်တို့ ဆောင်ရွက်မှုကို မျက်နှာသာပေးသည်” ဟူ၍ဖြစ်သည်။ ပိရမစ်အောက်တွင် ရေး ထားသည့် NOVUS ORDO SECLORUM သည် ခေတ်များအတွက်အစီအစဉ်သစ်ဟူ၍ဖြစ်သည်။ ပိရမစ်အောက်တွင် ရောမကိန်း ဂဏန်းများ ဖြင့်ရေးသားထားသော 1776 ကိန်းကို မြင်ရသည်။ ငွေစက္ကူ၏အပေါ်ပိုင်း ဒိုင်းအတွင်းရေးထားသော 1 ဂဏန်း ၏လက်ဝဲ ဘက်ထောင့်တွင် ဇီးကွက်တစ်ကောင်ကို မြင်နိုင်ပြီးငွေစက္ကူမျက်နှာ ယာဘက်ထောင့်တွင် ပင့်ကူတစ်ကောင်ကို ဝှက်ထားသည်။
အမေရိကန်နိုင်ငံတွင် ထုတ်ဝေခဲ့သည့် ငွေစက္ကူများ၏ ထက်ဝက်နီးပါး( ၄၈ ရာခိုင်နှုန်း)သည် တစ်ဒေါ်လာတန်များဖြစ်ပေသည်။ တစ်ဒေါ်လာ ငွေစက္ကူများကို နောက်ကျောစိမ်း(Greenback) ဟု အမည်ပြောင်ဖြင့် ခေါ်ဝေါ်ကြသည်။အမေရိကန် သမ္မတအေဗရာဟင် လင်ကွန်းသည် ၁၈၀၀ ပြည့်နှစ်နှောင်းပိုင်းကာလများတွင် ပြည်တွင်းစစ်ကို ထောက်ပံ့ရန် ထုတ်ဝေခဲ့သည့် တစ်ဒေါ်လာ ငွေစက္ကူများ၏ ကျောဘက်တွင် အနက်ရောင်နှင့်အစိမ်းရောင်ကို ပုံနှိပ်ခဲ့ရာမှ ယင်းအမည်ကို ပြည်သူများက သုံးစွဲခဲ့ကြသည်။
နှစ်ဒေါ်လာတန်ငွေစက္ကူကို ၂၀၀၃ ခုနှစ်တွင်နောက်ဆုံးရိုက်နှိပ်ခဲ့ပြီး ဆက်လက် ထုတ်ဝေခြင်းမရှိတော့ပါချေ။ လူအများက နှစ် ဒေါ်လာတန်ငွေစက္ကူကို ရှားပါးပြီး တန်ဖိုးတက်လာမည်ဟု ယူဆကာ စုဆောင်းမှုများပြုလုပ်ကြသော်လည်း ငွေစက္ကူသည် နှစ် ဒေါ်လာသာ တန်ဖိုးရှိခဲ့သည်။ လူအများသည် Tom Crawl အမည်ပါသည်ဟု ဆိုကာအမေရိကန် နှစ်ဒေါ်လာ ငွေစက္ကူများရရှိရန် ဘဏ်များနှင့် ငွေကြေးဌာနများသို့ သွားရောက်ရှာဖွေခဲ့ကြသည်။ ၁၉၆၃ ခုနှစ်တွင် နှစ်ဒေါ်လာ ငွေစက္ကူရှေ့မျက်နှာစာပေါ်မှ WILL PAY TO THE BEARER ON DEMAND ဟူသည့် စာသားကို ဖြုတ်၍ ကျောဘက်တွင် IN GOD WE TRUST စာသားကို ထည့်သွင်း ခဲ့သည်။
ငါးဒေါ်လာ ငွေစက္ကူ၏ နောက်ကျောတွင်ရိုက်နှိပ်ထားသော လင်ကွန်း အမှတ်တရ ဗိမာန်၏ ချုံနွယ်များအောက်တွင် ၁၇၂ ကိန်း ဂဏန်းကို မြင်တွေ့နိုင်သည်။ ဒေါ်လာ ၂၀ တန်ငွေစက္ကူကို တစ်ခါတစ်ရံ double-sawbuck ဟု ခေါ်လေ့ရှိပြီး နောက်ကျောဘက်တွင်ရိုက်နှိပ်ထားသည့် အိမ်ဖြူတော်နှင့် Elm ပင်ကြီးသည် အိမ်ဖြူတော်အနီးတွင် ပေါက်ရောက်နေသည့် အပင်၏ ပုံအစစ်ဖြစ်သည်။သို့သော် ယင်းအပင် ကြီး သည် ၂၀၀၆ ခုနှစ်တွင် သေဆုံးသွားခဲ့သည်။ ဒေါ်လာ ၂၀ တန်ငွေစက္ကူပေါ်တွင် ရိုက်နှိပ်ဖော်ပြခံရသည့် အမေရိကန်သမ္မတ အင်ဒရူးဂျက်ဆင်သည် ဒင်္ဂါး သုံးစွဲသည့် စနစ်မှ ငွေစက္ကူသုံးစွဲသည့် စနစ်သို့ကူးပြောင်းရန် အားပေးခဲ့သူ ဖြစ်သည်။
အသစ်ထုတ်ဝေသည့် ဒေါ်လာ ၁၀၀ ငွေစက္ကူတွင်ရိုက်နှိပ်ထားသည့် လွတ်လပ်ရေးခန်းမနာရီစင်မှ နာရီသည် လေးနာရီ ၁၀ မိနစ် အချိန်ကိုပြသထားသည်။ အမေရိကန်ငွေစက္ကူပုံနှိပ်ရေးဌာနက မည်သည့် အတွက်ကြောင့် လေးနာရီ ၁၀ မိနစ်ကို ရွေးချယ် ခဲ့ ကြောင်း မှတ်တမ်းမရှိခဲ့ကြောင်းပြောဆိုခဲ့သည်။ ပထမဆုံးငွေစက္ကူများကို တစ်ဆင့်တန်၊ ငါးဆင့်တန်၊ ၂၅ ဆင့်တန်နှင့်ဆင့် ၅၀ တန် များအဖြစ် ထုတ်ဝေခဲ့သည်။ အမေရိကန် အစိုးရသည် ပထမဆုံးသောစက္ကူပိုက်ဆံကို ပြည်တွင်းစစ်ပွဲသို့ ထောက်ပံ့မှုပြုရန် ၁၈၆၂ ခုနှစ်တွင်ထုတ်ဝေခဲ့သည်။ပြည်သူများသည် ရွှေဒင်္ဂါးနှင့် ငွေဒင်္ဂါးများကို ငွေကြေးလုံခြုံမှုအတွက် အထုတ်လိုက်သိမ်းဆည်းခဲ့ကြသဖြင့် ငွေပြတ်လတ်မှုမဖြစ်ပေါ်စေရန်ရည်ရွယ် ထုတ်ဝေခဲ့သည်။
အမေရိကန်ဒေါ်လာ ငွေစက္ကူများသည် တန်ဘိုးများမတူညီကြသော်လည်း အရွယ်အစားမှာမူ တစ်ညီတည်းဖြစ်ပြီးအလျား ၆ ဒဿမ ၁၄ လက်မ၊ အနံ၂ ဒသမ ၆၁ လက်မနှင့် အထူ ဒသမ ၁၁၄၃ လက်မရှိသည်။ ၁၉၂၉ ခုနှစ်မတိုင်မီက ထုတ်ဝေခဲ့သော အမေရိကန်ဒေါ်လာ ငွေစက္ကူသည် ယခုသုံးစွဲနေသည့် ဒေါ်လာထက် အရွယ်ပိုကြီးကာအလျား ၇ ဒသမ ၄၂ လက်မ၊ အနံ၃ ဒသမ ၁၂၅ လက်မဖြစ်သည်။ အမေရိကန်နိုင်ငံ၏ ပထမဆုံးသမ္မတ ဂျော့ဝါရှင်တန်၏ ဇနီးဖြစ်သူ မာသာဝါရှင်တန်သည် အမေရိကန်ငွေကြေးပေါ်တွင် ပုံနှိပ်ဖော်ပြခြင်းခံရသည့် တစ်ဦးတည်းသော အမျိုးသမီးဖြစ်ပြီး မာသာဝါရှင်တန်၏ပုံကို ၁၈၈၆ ခုနှစ်နှင့် ၁၈၉၁ ခုနှစ်များတွင် ထုတ် ဝေခဲ့သည့် တစ်ဒေါ်လာ ငွေ၏ရှေ့ မျက်နှာနှင့် ၁၈၉၆ ခုနှစ်က ထုတ်ဝေခဲ့သည့် တစ်ဒေါ်လာငွေစက္ကူ၏ ကျောဘက်တွင် မြင်တွေ့ ကြရသည်။
အမေရိကန် ၁၀ ဘီလျံ ရှိသူတစ်ဦးသည်နေ့စဉ် တစ်စက္ကန့်လျှင် တစ်ဒေါ်လာ သုံးသွားပါက ငွေများကုန်ရန် ၃၁၇ နှစ်သုံး စွဲရမည်ဖြစ်သည်။ အမေရိကန်ဒေါ်လာငွေစက္ကူပေါ်တွင် အာဖရိကန် အမေရိကန် များ၏ ပုံကို မတွေ့ရှိရသော်လည်း ငွေစက္ကူပေါ်တွင် သက်သေခံ လက်မှတ်များ ကို အာဖရိကန် အမေရိကန် ငါးဦးက ရေးထိုးခဲ့သည်။ အမေရိကန် ဒေါ်လာ မည်သည့် ငွေစက္ကူ တစ်ရွက်ကိုမဆို ရှေ့ပြန် နောက်ပြန် အကြိမ် ၈၀၀၀ ခေါက်သည့်တိုင် မပြဲမစုတ် ဘဲရှိ နိုင်သည်ဟု ဆိုသည်။
အမေရိကန်ဒေါ်လာနှင့် ၁၃ ဂဏန်း
အမေရိကန်လူမျိုးများသည် ၁၃ ဂဏန်းကို ကံမကောင်းသော နံပတ်တစ်ခုဟု ယုံကြည်ကြသော်လည်း အမေရိကန်ဒေါ်လာ ငွေစက္ကူများပေါ်တွင် ၁၃ ဂဏန်းနှင့် ဆက်နွယ်မှုများကို ရှာဖွေ ထုတ်ဖော်ခဲ့ကြသည်။ တစ်ဒေါ်လာ ငွေစက္ကူပေါ်တွင် ကိုလိုနီနယ်မြေ ၁၃ ခုကိုကိုယ်စားပြုသည့် အရာ ၁၃ ခု ပါရှိသည်။ အမေရိကန်နိုင်ငံ လွတ်လပ်ရေး ရရှိသည့် ခုနှစ်ဖြစ်သည့် ၁၇၇၆ တွင် ဂဏန်းလေးလုံး၊ ရိုမန်အက္ခရာဖြင့် ရေးထားသည့် MDCCLXXVI တွင် ဂဏန်း ကိုးလုံး၊ စုစုပေါင်း ၁၃ လုံးဟု ဆိုကြသည်။
အမေရိကန် ဒေါ်လာငွေစက္ကူပေါ်မှ လင်းယုန်ငှက်၏ အပေါ်တွင် ကြယ် ၁၃ လုံး၊ ပိရမစ်ပေါ်တွင် လှေကားထစ် ၁၃ ထစ်၊ ANNUIT COEPTIS နှင့် E PLURIBUS UNUM တွင် အက္ခရာ ၁၃ လုံးစီ၊ ဒိုင်းပေါ်တွင် ထောင်လိုက်အစင်းကြောင်း ၁၃ ခု၊ ဒိုင်း၏ ထိပ်တွင် အလျားလိုက် မျဉ်းကြောင်း ၁၃ ကြောင်း၊ သံလွင်ကိုင်းတွင် အရွက် ၁၃ ရွက်တို့ပါရှိသည့် အပြင် မြား၁၃ ချောင်းနှင့် ဦးထုပ် ၁၃ လုံးကို မြင်နိုင်သည် ဟုဆိုသည်။ အမေရိကန် ငွေစက္ကူဒီဇိုင်းများကို အများအားဖြင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးများကရွေးချယ်လေ့ရှိခဲ့သည်။
တန်ဖိုးကြီး ဒေါ်လာ
၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန် ဒေါ်လာ ငွေစက္ကူ တစ်ရွက်ကို ကမ္ဘာ့ စံချိန်တင်ကာ ဒေါ်လာ ၂၂၅၅၀၀၀ ပေး၍ ဝယ်ယူသွားခဲ့သည်။ ယင်းငွေစက္ကူသည် ၁၈၉၀ ပြည့်နှစ်က ထုတ်ဝေခဲ့သည့်ဒေါ်လာ ၁၀၀၀ တန်ငွေစက္ကူဖြစ်ပြီးအမေရိကန်ပြည်တွင်း စစ်ကာလ ဂက်စ်တီးဘာ့ခ် စစ်ပွဲကို ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး ဂျော့ဂေါ်ဒွန်မိဒ်၏ ပုံကို ရိုက်နှိပ်ထားသည်။ ငွေစက္ကူဟု ခေါ်ဆိုနေကြသော်လည်း အမေရိကန်ဒေါ်လာ ငွေများသည် စက္ကူဖြင့်ပြုလုပ်ထားခြင်းမဟုတ်ဘဲ လိုင်နင် (Linen) ဖြင့် ပြုလုပ်သည်။
ဒေါ်လာ ၅၀ တန်ငွေစက္ကူကို ငွေပေါ်တွင်ရိုက်နှိပ်ထားသည့်သမ္မတ Ulysses S. Grant ကို အစွဲပြု၍ ဂရန့်ဟု ခေါ်ကြသည်။ ဒေါ်လာ ၁၀၀ ငွေစက္ကူများကို ဟန်ဒို၊ ဟန်ဆီ၊ ဖရန့်ကလင်၊ ဘန်၊ ဘန်ဂျီ၊ ဘန်နီ၊ ဘစ်ဝမ်း စသည်ဖြင့် အမျိုးမျိုးခေါ်ဆိုကြသည်။ ဒေါ်လာ ၅၀၀ မှ တစ်သိန်းတန် ဒေါ်လာငွေစက္ကူများကို တရားဝင် သုံးစွဲခွင့်ရှိသည့် ငွေကြေး (legal tender ) အဖြစ် ၁၉၄၅ ခုနှစ်တွင် နောက်ဆုံးရိုက်နှိပ်ခဲ့ပြီး ၁၉၆၉ ခုနှစ်ဇူလိုင်လ ၁၄ ရက်တွင်တရားဝင် ရပ်စဲခဲ့သည်။သမ္မတ နစ်ဆင်သည် ရာဇဝတ်မှုများ ကျူးလွန်သည့် အဖွဲ့များအား နှိမ်နှင်းသည့် လုပ်ရပ်တစ်ခုအဖြစ် အထူးအမိန့်တစ်ရပ်ဖြင့် ယင်း တန်ဖိုးမြင့် ငွေစက္ကူများ လည်ပတ် သုံးစွဲခြင်းကို ရပ်ဆိုင်းခဲ့သည်။
၁၉၄၈ ခုနှစ်က အင်္ဂလန်ဘဏ်မှ ထုတ်ဝေခဲ့သော ပေါင် တစ်သန်းတန် ငွေစက္ကူသည် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး ငွေစက္ကူ ဖြစ်သည်။ ဗြိတိသျှတို့သည် မာရှယ်စီမံကိန်း အရ စစ်ပြီးခေတ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပေါင်တစ်သန်း တန်ငွေစက္ကူကို ယာယီ သုံးစွဲရန် ထုတ်ဝေခဲ့သည်။ ထိုငွေစက္ကူများကို အမေရိကန် အစိုးရ တစ်ခုတည်းသာ သုံးစွဲရန် ထုတ်ဝေခဲ့သော်လည်း လအနည်းငယ်အကြာတွင် ထိုငွေများကို ရုပ်သိမ်းခဲ့သည်။ပြည်သူလူထု လက်ထဲသို့ တစ်ရွက်စ နှစ်ရွက်စ ၊အနည်းငယ်မျှသာ ရောက်ရှိ ခဲ့ကာ ယခုအချိန်တွင် ထိုငွေစက္ကူများသည် နှစ်ရွက်မျှသာ ကျန်ရှိနေပေသည်။ယင်းနှစ်ရွက် အနက် တစ်ရွက်သည် ၂၀၀၈ ခုနှစ်က အမေရိကန် လေလံပွဲတစ်ခုတွင် ဒေါ်လာ ၁၂၀ ၀၀၀ ဖြင့် ရောင်းချခဲ့ရသည်။
ဒေါ်လာအတု
ကမ္ဘာတစ်ဝန်းသုံးစွဲနေသည့် ငွေကြေးဖြစ်သောကြောင်း ဒေါ်လာ အတုများသည် နေရာအနှံ့ပေါ်ထွက်လျက်ရှိနေ သည်။ အမေရိကန် ပြည်တွင်းစစ်အပြီးမှစတင်၍ ဒေါ်လာငွေ အတုများ ပေါများလာသဖြင့် အမေရိကန် နိုင်ငံအား အကြပ်ရိုက်စေ ခဲ့သည်။ ထိုစဉ်က အမေရိကန် နိုင်ငံတွင် လှည့်ပတ်သုံးစွဲနေသော ဒေါ်လာငွေများ၏ သုံးပုံ တစ်ပုံခန့်သည် အတုများဖြစ်နေသည်ဟု အာဏာပိုင် များက ယူဆခဲ့ကြသည့်အတွက် အမေရိကန် ဗဟိုအစိုးရအား ဥပဒေ တစ်ရပ်ပြဋ္ဌာန်းရန် တွန်းအားပေးခဲ့ရသည်။ထို့ကြောင့် ၁၈၆၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ စီးပွားရေး လှိုက်မစားမှုမဖြစ်ပေါ်စေရေးအတွက် ဒေါ်လာငွေ အတုများကို နှိမ်နှင်းရန်ဘဏ္ဍာရေး ဝန်ကြီးဌာနက အထူး အဖွဲ့ တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။
ယင်းအဖွဲ့သည် ယနေ့တိုင် ဒေါ်လာငွေ အတု တိုက်ဖျက်ရေးလုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီးယင်းအဖွဲ့ကို အနက်ရောင်ဝတ်စုံဝတ် အေးဂျင့်များဟု သိထားကြသည်။အမေရိကန် နိုင်ငံ၏ လှိျှု့ဝှက် အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပြီး အမေရိ ကန်နိုင်ငံ သမ္မတ အပါအဝင် ထိပ်တန်းနိုင်ငံရေး ခေါင်းဆောင်များ၏ လုံခြုံရေးကိုပါ တာဝန်ယူရသည်။ထိုအဖွဲ့အား အမေရိကန် သမ္မတ အေဗရာ ဟင်လင်ကွန်းက ၁၈၆၅ ခုနှစ် ဧပြီ လ ၁၄ ရက်တွင် တရားဝင် ဖွဲ့စည်းပေးခဲ့သည်။ထိုနေ့မှာပင် အေဗရာ ဟင်လင် ကွန်း သည် ဖို့ဒ် ကဇာတ်ရုံတွင် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။
ငွေကြေးအတုများတိုက်ဖျက်ရန် မူလက ဖွဲ့စည်းခဲ့သော ထိုအဖွဲ့ကိုပင် ၁၉၀၁ ခုနှစ်တွင်သမ္မတ ဝီလျံမက္ကင်လေး လုပ်ကြံခံရ အပြီးတွင် သမ္မတ လုံခြုံရေးအချိန်ပြည့်တပ်ဖွဲ့ အဖြစ် တိုးချဲ့ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင်ဝန်ထမ်းအင်အား ၆၅၀၀ ဖြင့် အမိမြေ လုံခြုံရေး ဌာနအဖြစ် အသစ်ဖွဲ့စည်းခဲ့သည်။ နိုင်ငံအသီးသီးသည် ဒေါ်လာကို အခြေပြုလျက် စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်ကြသဖြင့် အမေရိကန် ဒေါ်လာ သည် ကမ္ဘာကို လွှမ်းမိုးထားခဲ့ပေသည်။အမေရိကန်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး အကောင်းဆုံးနိုင်ငံများတွင် တစ်နိုင်ငံအပါအဝင်ဖြစ် ပေရာ အမေရိကန်ဒေါ်လာသည် မည်သည့် အချိန်အထိ ကမ္ဘာ့နိုင်ငံများအား လွှမ်းမိုးထားဦးမည်ကို မခန့်မှန်းနိုင်ကြပါချေ။
ဒေါ်လာ ၁၀၀ တန်ထုတ်လုပ်ပုံ ဗီဒီယို
မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၆ ခုနှစ် ဒီဇင်ဘာလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ