သမိုင်းတလျှောက် ကမ္ဘာ့နေရာအနှံ့မှာ နိုင်ငံများ ရာထောင်ချီပေါ်ပေါက်ခဲ့ကြသလို ခေတ်အဆက်ဆက်မှာ နိုင်ငံရဲ့အမည်တွေကို အမျိုးမျိုး ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။ ယနေ့အချိန်ထိတိုင် တည်ရှိနေဆဲနိုင်ငံတွေထဲမှာ သက်တမ်းအရှည်ကြာဆုံး အမည်မပြောင်းလဲတဲ့ နိုင်ငံဆိုရင်တော့ ဆန်မာရီနို ကို ပြရမှာဖြစ်ပါတယ်။ အီတလီနယ်နိမိတ်အတွင်းမှာ တည်ရှိနေတဲ့ ဒီနိုင်ငံငယ်လေးဟာ အေဒီ ၃၀၁ ကာလက စလို့ ယနေ့တိုင် ဆန်မာရီနို ဆိုတဲ့အမည်နဲ့ တည်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာတလွှားမှာ အမည်ပြောင်းလဲခဲ့တဲ့ နိုင်ငံတွေ ရာနဲ့ချီပြီးာ ရှိတဲ့အနက်က ၉ ခုကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့ ပြန်လည်ဝေမျှလိုက်ပါတယ်။
(၉) မြောက်မက်ဆီဒိုးနီးယား
တချိန်က ဘုရင့်နိုင်ငံဖြစ်ခဲ့တဲ့ မက်ဆီဒိုးနီးယားကိုတော့ စစ်ဘုရင် မဟာအလဇန္ဒားရဲ့နိုင်ငံအဖြစ် သိကြပြီးဖြစ်မှာပါ။ အဲဒီဘုရင့်နိုင်ငံရဲ့နယ်မြေအချို့ဟာ ယနေ့ မြောက်မက်ဆီဒိုးနီးယား ထဲမှာ ရှိနေပြီး တချို့ကတော့ ဂရိထဲမှာ ရှိနေပါတယ်။ မြောက်မက်ဆီဒိုးနီယားဟာ ယူဂိုဆလားဗီးယားပြည်ထောင်စုထဲမှာ ပါဝင်ခဲ့တဲ့ ကုန်းတွင်းပိတ်နိုင်ငံ တခုလည်းဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်ကစလို့ ဒီနိုင်ငံရဲ့အမည်ဟာ FYR( Former Yugoslav Republic) မက်ဆီဒိုးနီးယား ဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်ကနေ စလို့ မြောက်မက်ဆီဒိုးနီးယား သမ္မတနိုင်ငံ Republic of North Macedonia လို့ ပြောင်းလဲခေါ်ဆိုခဲ့တာဖြစ်ပါတယ်။
(၈) အက်ဆွက်တ်နီ
အက်ဆွက်တ်နီကတော့ အာဖရိကတောင်ပိုင်းက ကုန်းတွင်းပိတ်နိုင်ငံ တခုဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ မူလအမည်ကတော့ Swaziland ဆွာဇီလန်ဖြစ်ပြီး ဒေသခံစကားရဲ့အဓိပ္ပါယ်အရ ဆွာဇီလူမျိုးတို့ရဲ့မြေ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့် သူတို့နိုင်ငံရဲ့အမည်ဟာ ဥရောပတိုက်မှာရှိတဲ့ ဆွစ်ဇာလန် နိုင်ငံရဲ့အမည်နဲ့ ဆင်တူနေပြီး မကြာခဏမှားယွင်းခေါ်ခြင်းကို ခံခဲ့ရပါတယ်။ ဒါကြောင့် ၂၀၁၈ ခုနှစ်မှာတော့ ဆွာဇီလန် ဆိုတဲ့အမည်ကနေ အက်ဆွက်တ်နီ ဘုရင့်နိုင်ငံ Kingdom of Eswatini လို့ တရားဝင် ပြောင်းလဲ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
(၇) အီရန်
အီရန်ကတော့ အာရှတိုက် အနောက်ပိုင်းမှာ တည်ရှိတဲ့ အစ္စလာမစ်နိုင်ငံ တနိုင်ငံအဖြစ် ထင်ရှားပါတယ်။ ဒီနိုင်ငံဟာ ကမ္ဘာ့အစောပိုင်း လူ့ယဉ်ကျေးမှုစတင်ရာ နယ်မြေတခုဖြစ်ပြီး Achaemenid လို အင်ပါယာကြီးတွေလည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒီနိုင်ငံကို အစဉ်အဆက်ခေါ်ဝေါ်ခဲ့ကြတဲ့ အမည်ကတော့ ပါရှားပြည် Persia ဖြစ်ပြီး ပါရှန်တို့ရဲ့နယ်မြေလို့ အဓိပ္ပါယ်ရပါတယ်။ ၁၉၃၅ ခုနှစ်မှာတော့ ရှားဘုရင် Reza Shah က မူလအမည်ကနေ အီရန် Iran ဆိုတဲ့ အမည်ကိုပြောင်းလဲခေါ်ဝေါ်စေခဲ့ပါတယ်။ အီရန်ရဲ့ အဓိပ္ပါယ်ကတော့ အာရိယန်တို့ရဲ့နယ်မြေ the land of Aryans ဖြစ်ပါတယ်။
(၆) သီရိလင်္ကာ
သီဟိုဠ်ကျွန်းလို့ ကျွန်တော်တို့နဲ့ ရင်းနှီးပြီးဖြစ်တဲ့ သီရိလင်္ကာနိုင်ငံဟာ အာရှတိုက်တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းနိုင်ငံဖြစ်ပါတယ်။ သူ့ရဲ့ပုံသဏ္ဍာန်နဲ့ တည်နေရာအနေအထားကြောင့် အိန္ဒိယသမုဒ္ဒရာရဲ့ ပုလဲရတနာလို့လည်း တင်စားခေါ်ဝေါ်ခြင်း ခံရတဲ့ နိုင်ငံဖြစ်ပါတယ်။ ၁၆ ရာစုကစလို့ ပေါ်တူဂီ ၊ ဒတ်ချ် နဲ့ ဗြိတိသျှတို့ရဲ့ အဆက်ဆက် သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး ၁၉၄၈ ခုနှစ်မှာမှ ဗြိတိသျှတို့ထံကနေ လွတ်လပ်ရေးရရှိခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီတို့ရှိစဉ်ကတည်းက ဒီနိုင်ငံရဲ့ အမည်ဟာ စီလုံ Ceylon ဖြစ်ခဲ့ပြီး ၁၉၇၂ ခုနှစ်မှာတော့ သီရိလင်္ကာ Sri Lanka အမည်ကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ သီရိလင်္ကာ ရဲ့ အဓိပ္ပါယ်ကတော့ ကြည်နူးဖွယ်ကောင်းသောကျွန်း ဖြစ်ပါတယ်။
(၅) ဘာကီးနားဖာဆို
ဘာကီးနားဖာဆို ကတော့ အာဖရိကအနောက်ပိုင်းက ကုန်းတွင်းပိတ်နိုင်ငံ တခုဖြစ်ပါတယ်။ ၁၉၀၀ ပြည့်နှစ်တဝိုက်ကစလို့ ဒီနိုင်ငံရဲ့ နယ်မြေတော်တော်များများဟာ ပြင်သစ်တို့ရဲ့လက်ထဲကို ကျရောက်ခဲ့ပြီး ၁၉၆၀ ခုနှစ်မှာမှ လွတ်လပ်ရေး ရရှိခဲ့တာဖြစ်ပါတယ်။ ပြင်သစ်တို့လက်ထဲကျရောက်စဉ်က နိုင်ငံရဲ့အမည်ဟာ French Upper Volta ဖြစ်ခဲ့ပြီး လွတ်လပ်ရေးရတဲ့အခါမှာတော့ Republic of Upper Volta ဖြစ်ခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်မှာတော့ နိုင်ငံရဲ့အမည်ကို Upper Volta ကနေ ဘာကီးနားဖာဆို Burkina Faso အဖြစ် တရားဝင်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။
(၄) ထိုင်းနိုင်ငံ
ကျွန်တော်တို့ရဲ့အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်ပြီး တရားဝင်အမည်က ထိုင်းဘုရင့်နိုင်ငံ ဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ မူလအမည်က သယာမ် (ဆိုင်ယမ်) Siam ဖြစ်ပါတယ်။ သူတို့နိုင်ငံသားတွေကတော့ မောင်းထိုင်း လို့ခေါ်ပြီး ပြင်ပလူတွေကတော့ သယာမ် လို့ခေါ်ကြပါတယ်။ သယာမ် ဆိုတာကတော့ ပါဠိဘာသာ ကနေ ဆင်းသက်လာတာဖြစ်ပြီး ရွှေမြေ လို့ အဓိပ္ပါယ်ရပါတယ်။ စည်းမျဉ်းခံဘုရင်စနစ်ပြောင်းလဲပြီးချိန် ၁၉၄၉ ခုနှစ်ကနေ စလို့ နိုင်ငံရဲ့အမည်ကို ထိုင်းလန်း Thailand လို့ ပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။
(၃) နမ်မီးဘီးယား
နမ်မီးဘီးယား ကတော့ အာဖရိကတိုက်တောင်ပိုင်းက နိုင်ငံတနိုင်ငံဖြစ်ပြီး အတ္တလန္တိတ်သမုဒ္ဒရာနဲ့ ထိစပ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ၁၉ ရာစု မတိုင်မီအထိ လွတ်လပ်တဲ့နယ်မြေဖြစ်ခဲ့ပေမယ့် ၁၈၈၄ ခုနှစ်မှာတော့ ဂျာမန်တို့ရဲ့လက်ထဲကို ကျရောက်ခဲ့ရပါတယ်။ အဲဒီအချိန်ကစလို့ ဒီနိုင်ငံရဲ့အမည်ဟာ ဂျာမန်အနောက်တောင်အာဖရိက German South West Africa ဖြစ်ခဲ့ပါတယ်။ ပထမ ကမ္ဘာစစ်ပြီးတဲ့နောက်မှာတော့ တောင်အာဖရိကနိုင်ငံရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရပြီး ၁၉၉၀ ခုနှစ်မှ လွတ်လပ်ရေး ရရှိခဲ့တာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးချိန်မှာတော့ နိုင်ငံရဲ့အမည်ကို နမ်မီးဘီးယား Namibia လို့ ပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်ပါတယ်။
(၂) အိုင်ယာလန်
အိုင်ယာလန် သမ္မတနိုင်ငံကတော့ အနောက်ဥရောပပိုင်းက အိုင်ယာလန်ကျွန်းမှာ တည်ရှိပါတယ်။ ကျွန်းနယ်မြေဧရိယာစုစုပေါင်းရဲ့ ၆ပုံ ၅ပုံ ကို ပိုင်ဆိုင်ပြီး ကျန် ၁ပုံကိုတော့ မြောက်အိုင်ယာလန်က ပိုင်ဆိုင်ပါတယ်။ အိုင်ယာလန်ဟာ နှစ်ပေါင်းများစွာ ဗြိတိသျှတို့ရဲ့ အုပ်ချုပ်မှုကိုခံခဲ့ရပြီး ၁၉၂၂ ခုနှစ်မှာတော့ အင်္ဂလိပ်-အိုင်းရစ် သဘောတူညီမှုအရ Irish Free State ဆိုတဲ့အမည်နဲ့ ရှိနေခဲ့ပါတယ်။ ၁၉၃၇ ခုနှစ်မှာတော့ ဗြိတိသျှတို့နဲ့ ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်ပြီး အိုင်ယာလန် အမည်အဖြစ် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။
(၁) မြန်မာ
အရှေ့တာင်အာရှမှာတည်ရှိတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တရားဝင်အမည်က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဖြစ်ပါတယ်။ ဥရောပတိုက်သားတွေ နဲ့ အဆက်အဆံရှိလာတဲ့ ၁၉ ရာစုက စလို့ နိုင်ငံရဲ့အမည်ကို အခြားနိုင်ငံတွေက Burma အဖြစ် သိကြပါတယ်။ အစဉ်အဆက် Burma လို့ ခေါ်ဝေါ်ခဲ့ကာ လွတ်လပ်ရေးရပြီးတဲ့အခါမှာတော့ Union of Burma ဗမာနိုင်ငံတော် အမည်ကို ဆက်လက်သုံးစွဲခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာတော့ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ(အင်္ဂလိပ်လိုတော့ Burma စာလုံးနဲ့ဆက်သုံး) အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အဖြစ်ပြောင်းလဲခဲ့ပြီး အင်္ဂလိပ်စာလုံး Burma နေရာမှာ Myanmar ကို ပြောင်းလဲသုံးစွဲခဲ့ပါတယ်။ ယနေ့အချိန်ထိလည်း Burma ဆိုတဲ့ အမည်ကို နေရာအချို့မှာ ဆက်လက်သုံးစွဲနေကြဆဲဖြစ်ပါတယ်။
ကမ္ဘာတလွှားက ဘယ်နိုင်ငံတွေ ဘယ်လိုအမည်တွေပြောင်းလဲခဲ့ကြောင်း စုံစုံလင်လင် သိချင်တဲ့ မိတ်ဆွေများအတွက် ကွန့်မန့်မှာ လင့်ချပေးထားပါတယ်။ အဲဒီကနေ သွားရောက်လေ့လာနိုင်ပါတယ်။
Discussion about this post