ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)
တစ်ချိန်သောကာလက အီသီယိုပီးယားဟု ဆိုလျှင် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နှင့် ငတ်မွတ်မွဲတေမှု အမြင့်ဆုံးနိုင်ငံတစ်ခု ဟု သိထားကြသည်။ အီသီယိုပီးယားနိုင်ငံကို အစာ အာဟာရ ချို့တဲ့ကာ ပိန်လှီ၍ အရိုးပြိုင်းပြိုင်းကျနေသည့် ကလေးငယ်များ၏ ပုံရိပ်များနှင့်တွဲဘက် မြင်ခဲ့ကြသည်။
သို့သော်လည်း ယခုအခါတွင်မူ အီသီယိုပီးယားနိုင်ငံသည် အာဖရိက၏ ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးနိုင်ငံတစ်ခုအဖြစ် ကမ္ဘာက အသိအမှတ်ပြုလာရသည် အထိ လျင်မြန်စွာ တိုးတက်နေပြီဖြစ်ပေသည်။
နောက်ခံသမိုင်း
အီသီယိုပီးယားဟု အတို ခေါ်ကြသည့် ဖက်ဒရယ် ပြည်ထောင်စု ဒီမိုကရက်တစ် အီသီယိုပီးယား နိုင်ငံသည် အာဖရိက ဦးချိုတွင်တည်ရှိသည်။အီသီယိုပီးယား နိုင်ငံ၏ အရှေ့မြောက်နှင့်မြောက်ဘက်တွင် အက်စ်တိုးနီးယားနိုင်ငံ၊အရှေ့ဘက်တွင် ဂျီဘူတီ နှင့် ဆိုမာလီ နိုင်ငံ၊အနောက်ဘက်တွင် ဆူဒန်နိုင်ငံနှင့်တောင်ဘက်တွင် ကင်ညာနိုင်ငံများနှင့် နယ်နမိတ်ချင်းဆက်စပ်နေသည်။
လူဦးရေ သန်း ၁၀၀ ကျော် ရှိသည့် အီသီယိုပီးယားသည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး နေထိုင်လျက်ရှိသည့်ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သည်။ ထို့အတူပင် အာဖရိကတိုက်တွင် နိုင်ဂျီးရီးယားပြီးလျှင် ဒုတိယ လူဦးရေ အထူထပ်ဆုံးနိုင်ငံလည်းဖြစ်သည်။
အီသီယိုပီးယားနိုင်ငံသည် စတုရန်းကီလိုမီတာ ၁ ဒသမ ၁ သန်း( ၄၂၀၀၀၀ စတုရန်းမိုင်) ကျယ်ဝန်းကာ နိုင်ငံ၏ အကြီးဆုံး မြို့ သည် မြို့တော် အက်ဒီစ်အဘာဘာဖြစ်သည်။ အီသီယိုပီးယားနိုင်ငံသည် ရှေးဦးလူသား (Homo sapien) များအခြေချခဲ့သည့် နေရာ ဟု ပညာရှင်များ ယူဆကြသည်။ကျောက်ခေတ်သစ်ကာလတွင် ပထမဆုံးသော အာဖရိကအာရှ ဘာသာစကားအုပ်စုဝင် စကား ကို ပြောကြသူများသည် လွန်ခဲ့သော နှစ် နှစ်သန်းတွင် အာဖရိက ဦးချိုဒေသတွင် နေထိုင်ခဲ့ကြသည်။
အီသီယိုပီးယားသည ်နိုင်ငံ၏ သမိုင်းတစ်လျောက် သက်ဦးဆံပိုင်စနစ်၊ ဘုရင်စနစ်များကို ကျင့်သုံးခဲ့သည်။ ၁၉ ရာစု နှောင်း ပိုင်းတွင် အောင်မြင်သော စစ်ဘက် တော်လှန်ရေး ဖြစ်ပွားခဲ့ကာ ဥရောပ ကိုလိုနီများကို အောင်နိုင်ခဲ့သည့် ပထမဆုံးသော နိုင်ငံဖြစ် လာခဲ့သည်။
ကမ္ဘာ့နိုင်ငံပေါင်းစုံ အဖွဲ့နှင့် ကုလသမဂ္ဂအဖွဲ့ တွင် အဖွဲ့ဝင်ဖြစ်လာခဲ့သည့် အာဖရိက၏ ပထမဆုံးသော လွတ်လပ် သည့် နိုင်ငံလည်းဖြစ်သည်။ ကုလသမဂ္ဂ G-24 ၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၊ G-77 ၊ အာဖရိက ညီညွတ်ရေးအဖွဲ့ များကို ဦးဆောင် ဖွဲ့စည်းခဲ့သည့် နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်သည့် အီသီယိုပီးယားတွင် အာဖရိက ညီညွတ်ရေးအဖွဲ့၏ ဌာနချုပ်ရုံးကို ဖွင့်လှစ် ထားသည်။
၁၉၇၄ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ၏ ထောက်ခံမှုဖြင့် ကွန်မြူနစ် စစ်အစိုးရက အီသီယိုးပီးယားနိုင်ငံကို အုပ်ချုပ်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်နိုင်ငံ ပြိုကွဲပြီးနောက် EPRDF က အုပ်ချုပ်ခဲ့သည်။ အီသီယိုပီးယားသည် လူမျိုးစု ၈၀ ကျော် ရှိကာ ဘာသာ စကား ၈၀ ကျော် အသုံးပြုလျက်ရှိသည်။
အီသီယိုးပီးယားသည် ကော်ဖီပင်၏ မူလရင်းမြစ်ဒေသ ဖြစ်သကဲ့သို့ မြေသြဇာကောင်းမွန်သော ရေမြေတောတောင်များ မြစ်ချောင်းများရှိသည်။ ကမ္ဘာပေါ်တွင်အပူဆုံး ဒေသတစ်ခုဖြစ်သည့် ဒလောလ် သည် အီသီယိုးပီးယား၏ မြောက်ပိုင်းတွင်တည်ရှိ သည်။ အာဖရိကတိုက်၏ အကြီးဆုံးတောင်တန်း နှင့် အကြီးဆုံးလိုဏ်ဂူ ဆော့ဖ်အိုမာ လည်းရှိသည်။ ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စ်ကို အဖွဲ့၏ အမွေအနှစ်ဒေသများသည် အာဖရိကတိုက်နိုင်ငံများအတက် အီသီယိုပီးယားနိုင်ငံတွင် အများဆုံးရှိနေသည်။
ဘာသာ နှင့် ယဉ်ကျေးမှု
အီသီယိုးပီးယားနိုင်ငံလူဦးရေ၏ ၆၂.၈%သည် ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ ၃၄ % သည် အစ္စလမ်ဘာသာကိုကိုးကွယ်ကြသည်။ အများစုက ဆွန်နီဂိုဏ်းဖြစ်ကြသည်။ ဘီတာ အစ္စရေး ဟု ခေါ်ကြသည့် အီသီယိုပီးယားဂျူးများသည် ၁၉၈၀ ခုနှစ် များတွင် အီသီယိုးပီးယားတွင်အခြချနေထိုင်ခဲ့ကြကာ ယင်းတို့အများစုသည် အစ္စရေးနိုင်ငံမှ ပြောင်းရွှေ့လာကြသူ များဖြစ်ကြသည်။
အီသီယိုးပီးယား ဘာသာအက္ခရာစာလုံးများသည် ကမ္ဘာပေါ်တွင် အစောဆုံး ပေါ်ထွန်းခဲ့သည့် ရှေးဟောင်း Ge’ez စာလုံး များဖြစ်ကာ ယင်းတို့ကို ယနေ့တိုင်သုံးစွဲလျက်ရှိပေသည်။ အီသီယိုပီးယား ပြက္ခဒိန် သည် လက်ရှိကမ္ဘာသုံး ဂရီဂိုးရီးယန်း ပြက္ခဒိန်ထက် ခုနစ်နှစ် သုံးလနီးပါး နောက်ကျနေသည်။
လွန်ခဲ့သော နှစ်နှစ်သိန်းကျော်၊ ကျောက်ခေတ်လယ်ကာလက ရှေးဦးလူ(Homo Sapiens) များ သည် အီသီယိုးပီးယား တွင် နေထိုင်ခဲ့ကြပြီး ယင်းတို့၏ ရုပ်ကြွင်းများအား နိုင်ငံအနောက်မြောက်ပိုင်းမှ တွေ့ရှိခဲ့ပြီး အိုမို ရုပ်ကြွင်းများဟု ထင်ရှားခဲ့သည်။ သက်တမ်း နှစ် ၁၆၀၀၀၀ ရှိသည့် ရှေးဦးလူ ရုပ်ကြွင်းတစ်ခုကိုလည်း အီသီယိုးပီးယားနိုင်ငံ အလယ်ပိုင်း အဝက်ရှ်တွင် တွေ့ရှိခဲ့ရသည်။
စီးပွားရေး
ကမ္ဘာပေါ်တွင် အရှည်လျားဆုံးဖြစ်သည့် နိုင်းမြစ် ၏ သယံဇာတ များကို ပိုင်ဆိုင်ထားခဲ့သည့် အီသီယိုပီးယားသည် ၁၉၈၀ ပြည့်ုနှစ်များတွင် အငတ်ဘေးနှင့် ပြည်တွင်းစစ်ဘေးများနှင့် ရင်ဆိုင်ခဲ့ရကာ ဆင်းရဲမွဲတေခဲ့သည်။ နှစ်ပေါင်းကြာရှည်စွာ ဆင်းရဲဒုက္ခမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရသော အီသီယိုးပီးယားသည် များမကြာမီ နှစ်များအတွင်း နလံထူခဲ့ကာ အရှေ့နှင့် ဗဟိုအာဖရိက၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိဆုံး နိုင်ငံဖြစ်လာခဲ့သည်။
အီသီယိုးပီးယားနိုင်ငံ၏ စီးပွားရေးသည် လယ်ယာစိုက်ပျိုးရေးဖြစ်ပြီး ပြည်တွင်းထုတ်ကုန်တန်ဘိုး(GDP) ၏ ၄၆ ရာခိုင်နှုန်း သည် စိုက်ပျိုးရေးလုပ်ငန်းမှ ရရှိသကဲ့သို့ လုပ်သား အင်အား ၈၅ ရာခိုင်နှုန်းသည်လည်း စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်လျက် ရှိကြသည်။
ယခင်က နိုင်ငံ၏ လုပ်ငန်းအများအပြားကို နိုင်ငံတော်က ပိုင်ဆိုင်ခဲ့သော်လည်း နေက်ပိုင်းတွင် ဆက်သွယ်ရေး၊ ငွေကြေး၊ အာမခ၊ လေကြောင်းရေကြောင်းသွားလာရေး လုပ်ငန်းမျာမှ လွဲ၍ ကျန်လုပ်ငန်းများကို ပုဂ္ဂလိက ပိုင်များအဖြစ်ပြောင်းလဲပေးခဲ့ရာ နိုင်ငံစီးပွားရေးက တစ်ဟန်ထိုးတိုးတက်လာခဲ့သည်။
နိုင်ငံ၏ လူဦးရေ တစ်ဝက်နီးပါးသည် အသက် ၁၈ နှစ်အောက် အရွယ်များဖြစ်ခြင်း ၊ မူလတန်းနှင့် အထက်တန်းကျောင်း ပညာသင်ကြားမှု သိသိသာသာ မြင့်မားလာခြင်း၊ ပညာတတ်လူငယ်များအား အလုပ်အကိုင်ဖန်တီးပေးနိုင်မှု မြင့်တက်လာခြင်း တို့သည် တိုင်းပြည်စီးပွားရေးတိုးတက်လာမှု၏ အဓိက အကြောင်းရင်းများဖြစ်သည်။လူဦးရေတိုးတက်လာသည်နှင့် အမျှ နှစ်စဉ် အလုပ်အကိုင်နေရာ ထောင်ပေါင်းများစွာ ကို ဖန်တီးပေးလျက်ရှိသည်။
စီးပွားရေးတိုးတက်မှု တွန်းအားများ
အီသီယိုးပီးယားနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် မြေယာများကို နိုင်ငံနှင့် ပြည်သူကသာ ပိုင်ဆိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။သို့သော်လည်း အီသီယိုးပီးယားနိုင်ငံသားများအား ပေါင်နှံ၊ရောင်းချ၊ပိုင်ဆိုင်ခွင့်မပြုသော၉၉ နှစ်သက်တမ်းရှိသည့် မြေယာငှားရမ်းခွင့်ကိုပေးအပ်ထားသည်။
အီသီယိုးပီးယား၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွင် ပုဂ္ဂလိက ပိုင်ဆိုင်မှုများကို တိုးမြှင့်ပေးခဲ့ သဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့သည်။ လယ်ယာစိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများတွင် ပြည်ပမှ အကြီးစား ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လာနိုင်ရန် အခွင့်အရေးများပေးခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ဝင်ရောက်ကာ နိုင်ငံ၏ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်းများ တိုးတက်လာခဲ့သည်။
စက်မှုဇုန် လေးခု ထူထောင်ကာ လိုအပ်သော အခြေခံအဆောက်အုံများကို ဖြည့်ဆည်းပေးကာ ရွှေ၊ ရေနံ၊ ဓာတ်ငွေ့၊ ကျောက်မျက်ရတနာ အစရှိသော သယံဇာတ နှင့် ကုန်ကြမ်းပစ္စည်းများကို ပြန်လည် ဆန်းသစ်ခဲ့သည်။ နိုင်ငံတစ်ဝန်းလမ်းကွန်ယက်ကို မိုင် ၁၀၀၀၀ အထိ တိုးခဲျ့ခဲ့သည်။ အဆင့်မြင့် ရထားလမ်းကွန်ယက် မိုင် ၁၅၀၀ ဖောက်လုပ်ခဲ့သည့်အပြင် မီးရထား စက်ခေါင်း များ၊ အင်ဂျင်များနှင့် လမ်းအချက်ပြစနစ်များကို ထုတ်လုပ်ခဲ့သည်။
လျှပ်စစ်စွမ်းအားထုတ်လုပ်မှုကို လေးဆတိုးကာ မီဂါဝပ် ၁၀၀၀၀ အထိ တိုးမြှင့် ဖြန့်ဖြူးခဲ့သည်။ ဓာတ်အားဖြန့်ဖြူးလိုင်း မိုင် ၈၂၅၀၀ တိုးခဲ့ကာ လက်ရှိ ဓာတ်အားထုတ်လွှတ်မှု မိုင်၄၈၀၀ ကို ပြန်လည် မွမ်းမံခဲ့သည်။
ပြည့်ဖြိုးမြဲ စွမ်းအင်များအဖြစ် ရေအား၊ လေအား၊ အပူအား နှင့် ဇီ၀ လောင်စာများကို သုံးစွဲကာ မိုဘိုင်းဖုန်း ဆက်သွယ်ပြောဆိုနိုင်မှု ကို အလုံးရေ ခုနစ်သန်းမှ သန်း ၄၀ အထိ တိုးချဲ့ခဲ့သည်။ အင်တာနက်သုံးစွဲနိုင်မှုကို ဦးရေ နှစ်သိန်းမှ ၃၇ သိန်းအထိ ခွင့်ပြုပေးခဲ့သည်။
အကျိုးရလာဒ်များ
ထိုသို့ဆောင်ရွက်မှုများကြောင့် အီသီယိုးပီးယားနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းသည် ငါးနှစ်အတွင်း နှစ်စဉ် ၈ ဒသမ ၁ ရာခိုင် နှုန်း တိုးတက် လျက်ရှိသည်။ အဓိကသီးနှံ ထုတ်လုပ်မှုသည်လည်း ၁၈ ဒသမ ၁ မက်ထရစ်တန်မှ ၃၉ ဒသမ ၅ တန်အထိရှိလာသည်။ နိုင်ငံ၏ စီးပွားတိုးတက်လာသည်နှင့်အမျှ အီသီယိုးပီးယားတပ်မတော်သည်လည်း ကမ္ဘာပေါ်တွင် အင်အားကြီးမားမှု အဆင့် ၄၆ သို့ ရောက်ရှိလာခဲ့ပေသည်။
မှန်ှကန်ကောင်းမွန်သော စနစ်တစ်ခုအောက်တွင် တော်တည့် ဖြောင့်မတ်သော ခေါင်းဆောင်များ၏ ဦးဆောင်မှုကြောင့်အောက်ဆုံးအဆင့်မှသည် အထက်သို့ရောက်အောင် မြန်နှုန်းမြင့်မားစွာ တက်ရောက်နေသည့် အီသီယိုးပီးယားနိုင်ငံ၏ ပုံရိပ်များသည် ယနေ့ကမ္ဘာတစ်လွှား တွင် ထင်ရှားကျော်ကြားလျက်ရှိနေပေသည်။
မောင်သာ(ရှေးဟောင်းသုတေသန)
၂၀၁၆ ခုနှစ် ဇန်နဝါရီ လထုတ် သုတစွယ်စုံ မဂ္ဂဇင်းမှ
Discussion about this post