တဲလ်အဗီ(Tel Aviv) အရှည်ကောက် တဲလ်အဗီရာဖို (Tel Aviv-Yafo) မြို့ဟာ အစ္စရေးရဲ့ဒုတိယအကြီးဆုံး မြို့တော်ဖြစ်ပါတယ်။ လူဦးရေ ၄သိန်းခွဲကျော် နေထိုင်တဲ့ ဒီမြို့တော်ကို ၁၉၀၉ခုနှစ်မှ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် ၂၀ စတုရန်းမိုင်ခန့်ရှိတဲ့ ဒီမြို့ဟာ အစ္စရေးဘက်ခြမ်း မြေထဲပင်လယ် ကမ်းရိုးတန်းပေါ်မှာ တည်ရှိနေတာဖြစ်ပါတယ်။
ကမ္ဘာ့လူနေမှုအဆင့်အတန်းမြင့်မားတဲ့မြို့တွေထဲမှာ ပါဝင်ပြီး အစ္စရေး ရဲ့ စီးပွားရေး နဲ့ နည်းပညာမြို့တော်ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ၃၁ နေထိုင်မှု စရိတ်မြင့်မားတဲ့မြို့သလို နေထိုင်သူတွေအတွက် စီးပွားရေး အထူးကောင်းမွန်တဲ့မြို့လည်းဖြစ်ပါတယ်။ တဲလ်အဗီမြို့သားတယောက်ရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၄၂၀၀၀ ခန့်ရှိပြီး အရှေ့အလယ်ပိုင်းက တဦးချင်းဝင်ငွေအကောင်းဆုံးမြို့တွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။
၁၉၀၉ ခုနှစ် ဧပြီလမှာ စတင်တည်ထောင်ခဲ့တဲ့ တဲလ်အဗီမြို့တော်ဟာ ပထမဆုံး ခေတ်သစ် ဟီးဘရူးမြို့လည်းဖြစ်ပါတယ်။ ဒီနေရာကို တချိန်ကတော့ Ahuzat Bayit လို့ခေါ်ခဲ့ပြီး သဲသောင်ကုန်းတွေ အလွန်ပေါများတဲ့ အရပ်ဖြစ်ပါတယ်။ Tel Aviv ကတော့ နွေဦးသဲသောင်ပို့ Spring Mound လို့ အဓိပ္ပါယ်ရပါတယ်။ အစ္စရေးဟာ သီးသန့်နိုင်ငံဖြစ်လာတဲ့အကြောင်းကို ၁၉၄၉ ခုနှစ် တဲလ်အဗီက လွတ်လပ်ရေးခန်းမမှာ ပထမဆုံးဝန်ကြီးချုပ် ဘင်ဂူရီယန်က ကြေငြာခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က ဂျေရူဆလမ်ကို ဂျော်ဒန်က ထိန်းချုပ်ထားတဲ့အတွက် တဲလ်အဗီဟာ ၁၉၆၇ ခုနှစ်အထိ အစ္စရေးရဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်ခဲ့ပါတယ်။
တဲလ်အဗီဟာ တနှစ်မှာ ရက်ပေါင်း ၃၀၀ လောက်က နေသာလေ့ရှိပြီး မိုးရွာသွန်းတဲ့အချိန်ကတော့ နည်းပါးပါတယ်။ ဒါကြောင့်လည်း အချိန်အခါမရွေး နေရာတိုင်းလိုလိုမှာ ပါတီပွဲတွေကျင်းပလေ့ ရှိတာကြောင့် ဒီမြို့ကို အရှေ့အလယ်ပိုင်းရဲ့ပါတီမြို့တော်လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။ နေ့ညမပြတ် ၂၄နာရီ စည်ကားတဲ့မြို့ဖြစ်ပြီး ကိုဗစ်မဖြစ်ခင်ကဆိုရင် နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား ၂.၅သန်း ဝန်းကျင် လာရောက်လေ့ရှိတဲ့မြို့လည်းဖြစ်ပါတယ်။
တဲလ်အဗီမြို့ကို မြို့တော်ဝန် Ron Huldai က အုပ်ချုပ်ပြီး နိုင်ငံတကာ သံရုံးတွေအများအပြား ရုံးစိုက်ရာမြို့လည်းဖြစ်ပါတယ်။ အသီးအရွက်စားသောက်သူတွေ အများဆုံးနေထိုင်ကြတဲ့ ဒီမြို့ကို ကမ္ဘာ့သက်သတ်လွတ်မြို့တော်လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။ ကမ်းခြေပေါင်းကလည်း ၁၃ ခုခန့်ရှိနေပြီး စုစုပေါင်း ကမ်းခြေအလျား ၈.၇မိုင်ခန့် ရှိနေပါတယ်။ ဒါကြောင့်လည်း တဲလ်အဗီကို National Geographic က ကမ္ဘာ့ ၉ခုမြောက် ကမ်းခြေမြို့တော်အဖြစ် သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။
တဲလ်အဗီမြို့သူမြို့သားတွေဟာ အလွန်အလုပ်လုပ်ကြပါတယ်။ ငွေကြေးဆိုင်ရာ ကုမ္ပဏီ ၊ စတော့အိတ်ချိန်း ၊ ဆက်သွယ်ရေး နဲ့ နည်းပညာကုမ္ပဏီတွေ ရှိပြီး အစ္စရေးနိုင်ငံ စုစုပေါင်းဝင်ငွေရဲ့ တဝက်လောက်ဟာ ဒီဒေသရဲ့စီးပွားရေး လုပ်ငန်းတွေကနေ ရရှိနေတာဖြစ်ပါတယ်။ တဲလ်အဗီတက္ကသိုလ်ဟာ နိုင်ငံရဲ့အကြီးဆုံး တက္ကသိုလ်ဖြစ်သလို ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၁၀၀ စာရင်းမှာလည်း အမြဲပါဝင်နေလေ့ရှိပါတယ်။
တဲလ်အဗီဟာ LGBT အသိုက်အဝန်းများတဲ့မြို့တခုဖြစ်ပြီး best gay city လို့တောင် တင်စားခေါ်ဝေါ်ခံရပါတယ်။ ဒီလိုချီတက်တဲ့ ပွဲတော်တွေမှာဆိုရင် လူပေါင်း ၂သိန်းနီးပါး အထိ ရှိတတ်ပြီး တခြားနိုင်ငံက ခရီးသွားတွေလည်း သောင်းနဲ့ချီပြီး ပါဝင်ဆင်နွဲလေ့ရှိကြပါတယ်။ LGBT Community Center ကိုလည်း ၂၀၀၈ ခုနှစ်ကတည်းက ဖွင့်လှစ်ပေးခဲ့သလို LGBT ရုပ်ရှင်ပွဲတော်ကို လက်ခံကျင်းပရာမြို့လည်းဖြစ်ပါတယ်။
တဲလ်အဗီရဲ့ အဖြူရောင်မြို့ White City မှာတော့ ၂၀ရာစုအစောပိုင်းကာလက ထင်ရှားခဲ့တဲ့ Bauhaus ဗိသုကာလက်ရာ အဆောက်အအုံပေါင်း ၄၀၀၀ ခန့် ရှိနေပါတယ်။ ၁၉၃၀ တဝိုက်က ဆောက်လုပ်ထားတဲ့ ဒီအဆောက်အဦးတွေရှိတဲ့ အဖြူရောင်မြို့ဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့နေရာလည်းဖြစ်ပါတယ်။ အမေရိကန်က Silicon valley နဲ့အပြိုင် Silicon Wadi ဆိုတဲ့နည်းပညာနယ်ဟာလည်း ဒီမြို့မှာ ရှိနေပါတယ်။ အစ္စရေးရဲ့ နည်းပညာကုမ္ပဏီကြီးပေါင်း မြောက်များစွာဟာ ဒီနေရာမှာ ရှိနေပါတယ်။
ဒီမြို့မှာ အစားအသောက်ဆိုင်တွေများစွာရှိတဲ့ အနက် ဆူရှီဆိုင်တွေချည်းပဲ ၁၀၀ ကျော် ရှိနေပြီး နယူးယောက် နဲ့ တိုကျိုတို့ကလွဲရင် ဆူရှီဆိုင်အများဆုံးမြို့လို့ တင်စားကြပါတယ်။ အီတလီစားသောက်ဆိုင်တွေလည်း ရှိနေပြီး အီတလီရဲ့အပြင်ဘက်မှာ အကောင်းဆုံး အီတလီစားသောက်ဆိုင်တွေ ရှိတဲ့မြို့အဖြစ် အီတလီအစိုးရကိုယ်တိုင် အသိအမှတ်ပြုထားခြင်းလည်း ခံထားရပါတယ်။
ခေတ်မီတဲ့မြို့ကြီးဆိုပေမယ့် မြို့ရဲ့တချို့နေရာတွေမှာတော့ ၁၉၉၀ ဝန်းကျင်က စတိုင်အများအပြား ရှိနေပါသေးတယ်။ စကိတ်စီးတာကို အလွန်နှစ်သက်ကြပြီး နေရာအနှံ့မှာ စကိတ်စီးသူတွေကို တွေ့ရတတ်ပါတယ်။ Tel Aviv Rollers စကိတ်အဖွဲ့က ကြီးမှူးပြီး ရက်သတ္တပတ်တိုင်းမှာ စကိတ်စီးသူပေါင်း ၃၀၀ နီးပါး ရှိတဲ့ အုပ်စုကြီးကို တဲလ်အဗီရဲ့လမ်းတွေပေါ်မှာ မြင်ရမှာ ဖြစ်ပါတယ်။
တဲလ်အဗီမှာ ပြတိုက်ပေါင်း မြောက်များစွာ ရှိနေပြီး ထင်ရှားတဲ့ပြတိုက်ကြီး ၃ခုကတော့ Eretz သမိုင်းသုတေသနပြတိုက် ၊ Tel Aviv အနုပညာပြတိုက် နဲ့ အစ္စရေးရဲ့ တပ်မတော်သမိုင်းပြတိုက် Batey Haosef တို့ပဲ ဖြစ်ပါတယ်။ Sde Dov ပြည်တွင်းလေဆိပ်ရှိသလို ရထားဘူတာကြီး ၄ခုလည်း ရှိနေပြီး တလကို ရထားအသုံးပြုကာ ခရီးသွားသူပေါင်း ၁သန်းခန့် ရှိနေပါတယ်။
Discussion about this post