ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)
နိုင်ငံရေး အဆင်မပြေမှုများကြောင့် ရန်သူအာရပ်များဝိုင်းရံနေသည့် အစ္စရေးနိုင်ငံသည် များစွာသော ရန်သူ အင်အားများ ကို ဂရုမမူဘဲ အရှေ့အလယ်ပိုင်းဒေသ၊ မြေထဲပင်လယ်အရှေ့တောင်ဘက်ကမ်းခြေနှင့်ပင်လယ်နီ မြောက်ပိုင်းကမ်းခြေ အကြားတွင် ရဲရဲဝံ့ဝံ့ ရပ်တည်နေသည်။ အစ္စရေးနိုင်ငံ၏ မြောက်ဘက်တွင် လက်ဘနွန်၊ အရှေ့မြောက်ဘက်တွင် ဆီးရီးယား၊ အရှေ့ဘက်တွင် ဂျော်ဒန်၊ အနောက်ဘက်ကမ်းနှင့် ဂါဇာကုန်းမြေတို့တွင်ပါလက်စတိုင်းတို့နှင့်နယ်ချင်းဆက်နေသကဲ့သို့အနောက်တောင်ဘက်တွင် အီဂျစ် နိုင်ငံနှင့် ထိစပ်နေသည်။
သေးငယ်သော အစ္စရေးနိုင်ငံ၏ စီးပွားရေးနှင့် နည်းပညာဗဟိုဌာနများသည် မြို့တော် တဲလ်အဗစ်တွင်စုစည်းနေသည်။ အစ္စရေးအစိုးရသည် ဂျေရုဆလမ်ကို မြို့တော်အဖြစ် ကြေညာထားသော်လည်း နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်းကို မရရှိခဲ့ချေ။
အစ္စရေးနှင့် ဂျူဒါ မင်းဆက်များသည် သံခေတ်ကာလအတွင်း ပေါ်ထွန်းခဲ့ကာ အက်စ်ဆီရီယမ် လက်သစ် အင်ပါရာက အစ္စရေးကို ဘီစီ ၇၂၀ ပြည့်နှစ်တွင် ဖျက်ဆီးချေမှုန်းခဲ့သည်။ ဘေဘီလုံ၊ပါရှန်နှင့်ဟယ်လင်နစ်စတတ် ဧကရာဇ်များက ဂျူဒါ တို့ကို အောင်နိုင်ခဲ့ကြကာ ဂျူး ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ်များအဖြစ် တည်ရှိခဲ့ကြသည်။ ဘီစီ ၁၁၀ ပြည့်နှစ်တွင် လွတ်လပ်သော ဂျူး နိုင်ငံတော်ပေါ်ထွန်းရေး မက်ကဘင်းတော်လှန်ရေး (Maccabean Revolt) ဖြစ်ပွားခဲ့ပြီး ဘီစီ ၆၃ ခုနှစ်တွင်ပြီးဆုံးခဲ့သည်။ဘီစီ၃၇ ခုနှစ်တွင် ရောမနိုင်ငံကို ထူထောင်ခဲ့ပြီးနောက် အေဒီ ၆ ခုနှစ်တွင် ဂျူဒီယာ ရောမပြည်နယ်ကို ဖွဲ့စည်းခဲ့သည်။
ဂျူဒီယာသည် ရောမ ပြည်နယ်တစ်ခုအဖြစ် မအောင်မြင်သော ဂျူးတော်လှန်ရေးကာလတိုင်တည်ရှိနေခဲ့ကာ တော်လှန်ရေးကြောင့် ဂျူးများကို နှင်ထုတ် ခဲ့ပြီးဆီရီးယား ပါလက်စတိုင်း (Syria Palaestina) ဒေသဟု အမည်ပြောင်းခဲ့သည်။ယင်းနေရာတွင်ဂျူးများနေထိုင်ခဲ့မှုသည် ရာစုနှစ် အတန်ကြာခဲ့သည်။ သို့သော် ၇ ရာစုတွင် အာရပ်များသည် ဘင်ဇိုင်းအင်ပါရာမှ လီဘင့်ကို သိမ်းယူကာ မွတ်ဆလင် တို့၏ ထိန်း ချုပ်မှုအောက်တွင်ထားရှိခဲ့သဖြင့် ၁၀၉၉ ခုနှစ်တွင် ခရူးဆိပ်စစ်ပွဲဖြစ်ပွားခဲ့ပေသည်။
အီဂျစ်တို့သည် ၁၃ ရာစုတွင် လီဘင့်ထိန်းချုပ်မှုကို ချဲ့ထွင်ခဲ့သော်လည်း ၁၅၁၇ ခုနှစ်တွင် အော်တိုမန်အင်ပါရာကို ရှုံးနိမ့် ခဲ့သည်။၁၉ ရာစုတွင် အမျိုးရေးစိတ်ဓာတ်များနိုးကြာလာသည့် ဂျူးများသည် ဇိုင်ယွန်နစ် လှုပ်ရှားမှုကို စတင်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ် တွင် ကုလသမဂ္ဂက ပါလက်စတိုင်းတို့အတွက် နေရာခွဲဝေရေး အစီအစဉ်ကို ချမှတ်ခဲ့ပြီး လွတ်လပ်သော အာရပ်နှင့် ဂျူးနိုင်ငံများ ထူထောင်၍ ဂျေရုဆလမ်ကို အပြည်ပြည်ဆိုင်ရာ မြို့တော်အဖြစ်ထားရှိရန် ထောက်ခံခဲ့ခြင်းကို အာရပ်ခေါင်းဆောင်များက ပယ်ချခဲ့ သည်။
၁၉၄၈ ခုနှစ်တွင် ဂျူးအေဂျင်စီက အစ္စရေးနိုင်ငံ လွတ်လပ်ရေးကိုကြေညာခဲ့ပြီးနောက် အာရပ်အစ္စရေး စစ်ပွဲဖြစ်ပွားခဲ့သည်။ လွတ်လပ်ရေးကြေညာပြီးချိန်မှစ၍ အာရပ်များနှင့်စစ်ပွဲများဆင်နွဲခဲ့ရပြီး ၁၉၆၇ ခုနှစ်တွင် အစ္စရေးသည် အနောက်ဘက်ကမ်း၊ ဂါဇာ ကုန်းမြင့်နှင့် ဂါဇာကမ်းမြှောင်တို့ကို သိမ်းယူခဲ့သည်။ အစ္စရေးတို့သည် မိမိတို့၏ ဥပဒေ အာဏာစက်ကို ဂိုလန်ကုန်းမြင့်နှင့် အရှေ့ ဂျေရုဆလမ်အထိ ဖြန့်ကြက်ခဲ့သည်။သို့သော် အနောက်ဘက်ကမ်းဒေသ မပါဝင်ခဲ့ချေ။
အစ္စရေးနိုင်ငံသည် လွတ်လပ်ရေးရရှိပြီး တစ်နှစ်အတွင်း မော့ဆက် ထောက်လှမ်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကာ ထောက်လှမ်းရေး စွမ်းအားဖြင့် ရန်သူ အာရပ်များကို အောင်နိုင်ရန် နည်းမျိုးစုံကြိုးပန်းခဲ့သည်။ အစ္စရေးတို့၏ ပါလက်စတိုင်းနယ်မြေများကို ကျူးကျော်သိမ်းပိုက်ခဲ့ခြင်းသည် မျက်မှောက်ခေတ် ကမ္ဘာ့ အရှည်လျားဆုံး စစ်ရေး သိမ်းပိုက်မှု တစ်ရပ်ဖြစ်လာခဲ့သည်။ အစ္စရေး ပါလက်စတိုင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုများသည်လည်း အဖြေထွက် လာခဲ့ခြင်း မရှိချေ။
အစ္စရေးတို့၏ အခြေခံဥပဒေတွင် ဒီမိုကရက်တစ် ဂျူးနိုင်ငံဟု ဖော်ပြကာ ကိုယ်စားလှယ် အချိုးကျပါဝင်သည့် ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ အကြီးအကဲဖြစ်သည်။အစ္စရေးသည် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တစ်ခုဖြစ်ပြီး အိုပက်အဖွဲ့ဝင်နိုင်ငံလည်းဖြစ်ကာ ကမ္ဘာပေါ်တွင် စီးပွားရေး အင်အားကြီးမားမှုအဆင့် ၃၄ နေရာတွင်ရပ်တည် နေ သည်။အဆင့်မြင့်ကျွမ်းကျင် လုပ်သား အင်အားများက နိုင်ငံကို အကျိုးပြုနေပြီး ပညာတတ်ဦးရေအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့အတူ အရှေ့အလယ်ပိုင်းဒေသတွင် လူနေမှု အဆင့်အတန်းအမြင့်ဆုံးနှင့် လူတစ်ဦးချင်းသက်တမ်းအရှည်ဆုံး နိုင်ငံလည်းဖြစ် ပေသည်။
အစ္စရေးဟူသည့် အမည်
အစ္စရေးသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ကြေညာခဲ့ပြီးနောက် အစ္စရေး နိုင်ငံ(State of Israel) ဟူသည့် အမည်ကို ခံယူခဲ့သည်။လွတ်လပ်ရေးရရှိပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမျာပင် အစ္စရေး နိုင်ငံသားများကို Israeli ဟု တရားဝင်သတ် မှတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး မိုရှေ ဒါယန်းက ကြေညာခဲ့သည်။ ၁၉၂၀ ပြည့်နှစ်မှစ၍ ၁၉၄၈ ခုနှစ်အထိ အစ္စရေးနိုင်ငံတည်ရှိသည့် ဒေသ တစ်ခုလုံးကို ပါလက်စတိုင်းနယ်မြေဟု အင်္ဂလိပ် တို့က သတ်မှတ်ခဲ့သည်။ရာစုနှစ်များအတွင်း ယင်းနေရာဒေသသည် အမည်များစွာပြောင်းလဲခဲ့သည်။
ရှေးအကျဆုံးအထောက်အထားများအရ လက်ရှိ အစ္စရေးနိုင်ငံတည်နေရာတွင် လွန်ခဲ့သော နှစ် တစ်သန်းခွဲတွင် လူသား များနေထိုင်ခဲ့ကြသည်။လွန်ခဲ့သည့် နှစ် ၁၂၀၀၀၀ က လက်ရှိ အစ္စရေးနိုင်ငံမြောက်ပိုင်းတွင်နေထိုင်ခဲ့သည့်ရှေးအကျဆုံး လူသား ကျောက်ဖြစ်ရုပ်ကြွင်းများကို တွေ့ရှိခဲ့သည်။ခရစ်တော်မပေါ်မှ နှစ် ၁၀၀၀၀ တွင် အစ္စရေးနိုင်ငံနေရာ၌ နာတူဖီယန် ယဉ်ကျေးမှု (Natufian Culture) ထွန်းကားခဲ့သည်။ အစ္စရေးနှင့် ဂျူဒါ ဘုရင့်နိုင်ငံများ ရှိခဲ့သည့် ကာလသည် အငြင်းပွားဖွယ်ဖြစ်ခဲ့ကာ သမိုင်းပညာရှင် များက ဘီစီ ၉၀၀ တွင် အစ္စရေး ဘုရင့်နိုင်ငံတည်ရှိခဲ့ကြောင်းနှင့် ဘီစီ ၇၀၀ တွင် ဂျူဒါ ဘုရင့်နိုင်ငံတည်ရှိသည့် အချက်ကို လက်ခံခဲ့ ကြသည်။
အစ္စရေးဘုရင့် နိုင်ငံသည် ဘီစီ ၇၂၀ တွင် အာဆာရီးယား အင်ပါယာ၏ ဖျက်ဆီးခြင်းကိုခံခဲ့ရသည်။ ထို့အတူ ဘီစီ ၅၈၆ ခုနှစ်တွင် ဘေဘီလုံ ဘုရင် ဒုတိယမြောက် နီဘူချာနီဒက်ဇ် က ဂျူဒါတို့ကို အနိုင်ယူခဲ့သည်။ ဟီဘရူး သမ္မာကျမ်းစာများအရ သူသည် ဆော်လမွန်ကျောင်း တော် ကို ဖျက်ဆီးပြီး ဂျူးများကို ဘေဘီလုံသို့ နှင် ထုတ်ခဲ့သည်ဟု ဆိုသည်။စစ်အောင်နိုင်မှုကို ဘေဘီလုံ ရာဇဝင်တွင် မှတ် တမ်းတင် ခဲ့သည်။ဘေဘီလုံကို ပါရှန် ဆိုက်ပရပ်စ်ဘုရင် အုပ်စိုးချိန်တွင် ဘေဘီလုံသို့ ဂျူးများကို နှင်ထုတ်ခြင်းသည် ရပ်တံ့သွားခဲ့သည်။
အလယ်ခေတ်နှင့် မျက်မှောက်ခေတ်သမိုင်း
အေဒီ ၆၃၄ ခုနှစ်မှ ၆၄၁ ခုနှစ်အတွင်း ဂျေရုဆလမ်ပါဝင်သည့် နယ်မြေများကို အစ္စလာမ် ဘာသာ ကိုးကွယ်သည့် အာရပ် များက အောင်နိုင်ခဲ့ကာ နှစ် ၃၀၀ အတွင်း နယ်မြေပိုင်ဆိုင်မှုသည် အဆင့်ဆင့် လွှဲပြောင်းခဲ့သည်။၁၀၉၉ ခုနှစ်တွင် ခရူးဆိပ်စစ်ပွဲ အတွင်း ဂျေရုဆလမ်ကို ဝိုင်းထားစဉ် ဂျူးများသည် ဘက်ပေါင်းစုံမှ တိုက်ခိုက်ခဲ့ကြသည်။မြို့တော်ကျသွားချိန်တွင် လူပေါင်း ခြောက် သောင်းသည် အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည်။ ဂျူး လူမျိုး ၆၀၀၀ အပါအဝင် လူများသည် ရဟူဒီ ဘုရားကျောင်း တစ် ကျောင်းတွင် ခိုလှုံခွင့် တောင်းခဲ့ကြသည်။
ဂျူးနိုင်ငံတော် ကျဆုံးခဲ့ပြီးနှစ်ပေါင်း ၁၀၀၀ ကြာမြင့်ခဲ့ချိန်တွင် နိုင်ငံအနှံ့၌ ဂျူး လူမှု အသိုက်အဝန်းများပေါ်ထွန်းခဲ့သည်။ ၁၁၄၁ ခုနှစ်တွင် စပိန် ဂျူး ကဗျာဆရာ ယီဟူဒါဟေလ်ဗီက ဂျူးလူမျိုးများကို အစ္စရေးနိုင်ငံနေရာသို့ ရွှေ့ပြောင်းဝင်ရောက်ကြရန် နှိုးဆော်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကာ သူကိုယ်တိုင်လာရောက်ခဲ့သည်။၁၁၈၇ ခုနှစ်တွင် စူလတန် ဆလာဒင်သည် ခရူးဆိပ်များကို အနိုင်ရရှိခဲ့ကာ ဂျေရူဆလမ်နှင့် ပါလက်စတိုင်းနယ်မြေ များကို သိမ်းပိုက်ခဲ့သည်။စူလတန်သည် ဂျူးများကို ဂျေရုဆလမ်သို့ ပြန်လာ ၍ အခြေချရန် တိုက်တွန်းခဲ့သည်။၁၂၁၁ ခုနှစ်တွင် ဂျူးများသည် မြို့တော်အတွင်း အင်အားတောင့်တင်းလာခဲ့သည်။
၁၂၆၀ ပြည့်နှစ်တွင် အစ္စရေးသည် အီဂျစ် မမ်လတ်ခ် စူလတန်များ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့ကာ ကိုင်ရိုနှင့်ဒမတ်စ် စကတ်အကြားတွင် တည်ရှိခဲ့သည်။၁၂၆၆ ခုနှစ်တွင် အီဂျစ်စူလတန် ဘေဘာစ်သည် ဟေဘရွန်ရှိ ပက်ထရီ အာ့ခ်ဂူကို အစ္စလာမ် ဘာသာဝင်များသီးသန့်ခိုလှုံရာနေရာဟု သတ်မှတ်ကာ ခရစ်ယန်နှင့် ဂျူးများကို ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့သည်။ယခင်က ယင်းဂူကို အခကြေးငွေ သတ်မှတ်ချက်ဖြင့် ဝင်ခွင့်ပြုခဲ့သည်။ယင်းတားမြစ်ချက်သည် ၁၉၆၇ ခုနှစ်တွင် အစ္စရေးက ယင်းအဆောက်အအုံ ကို ထိန်းသိမ်းခဲ့ချိန်အထိ ကြာမြင့်ခဲ့သည်။
၁၄၇၀ ပြည့်နှစ်တွင် ဂျေရုဆလမ်၌ အစ္စရေး မိသားစု ၁၅၀ ရှိခဲ့ရာမှ ၁၆ ရာစု အစောပိုင်းတွင် လူဦးရေ ၁၀၀၀၀ အထိ တိုးတက် လာခဲ့သည်။ အစ္စရေးသည် ၁၅၁၆ ခုနှစ်တွင် အော်တိုမန်အင်ပါရာအောက်သို့ ရောက်ရှိခဲ့ကာ ပထမကမ္ဘာစစ်ပြီးဆုံးချိန် အထိ တူရကီတို့က အုပ်ချုပ်ခဲ့သည်။၁၉၂၀ ပြည့်နှစ်တွင် ဗြိတိန်နှင့် ပြင်သစ်တို့သည် အစ္စရေးနယ်မြေကို ခွဲေ၀ အုပ်ချုပ်ခဲ့ကြရာ ယခု အစ္စရေးနေရာ သည် ဗြိတိသျှ အုပ်ချုပ်မှု အောက်တွင်ရှိခဲ့သည်။
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်တွင် ဗြိတိန်တို့သည် ဂျူးများဝင်ရောက်မှုနှင့် ပတ်သက်၍ ဂျူးအသိုက်အဝန်းများ ပြဿနာ များကိုရင်ဆိုင်ခဲ့ရသည်။၁၉၄၆ ခုနှစ် ဇူလိုင်လ ၂၂ ရက်တွင် အာဂန်အဖွဲ့သည် ပါလက်စတိုင်းများအတွက် ဖွင့်လှစ်ထားသည့် ဗြိတိသျှ အုပ်ချုပ်ရေးဌာနကို တိုက်ခိုက်ခဲ့ရာ ၉၁ ဦးသေဆုံး၍ ၄၆ ဦး ဒဏ်ရာရရှိခဲ့သည်။ယင်းတိုက်ခိုက်မှုကို သေပျောက်မှု အများ ဆုံးအကြမ်း ဖက်တိုက်ခိုက်မှုဟု ကြေညာခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှတို့သည် ပါလက်စတိုင်းနယ်မြေမှဆုတ်ခွာမည် ဟုကြေညာ ခဲ့သည်။
၁၉၄၈ ခုနှစ်တွင် အာရပ်အစ္စရေးစစ်ပွဲဖြစ်ပွားခဲ့ရာ ယီမင်၊ မော်ရိုကို၊ဆော်ဒီအာရေဗျနှင့် ဆူဒန်တို့ပါဝင်တိုက်ခိုက်ခဲ့ကာ အာရပ်ခေါင်းဆောင်အချို့က ဂျူးများကို ပင်လယ်အတွင်းသို့ မောင်းထုတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။တစ်နှစ်ကြာ တိုက် ခိုက် ခဲ့ကြပြီးနောက် စစ်ပြေငြိမ်းခဲ့ကာ အစိမ်းရောင်နယ်မြေသတ်မှတ်နယ်နိမိတ် (Green Line) ကို ထူထောင်ခဲ့သည်။ ဂျော်ဒန်က အရှေ့ ဂျေရုဆလမ် အပါအဝင်အနောက်ဘက်ကမ်းကို သိမ်းယူ၍ အီဂျစ်က ဂါဇာကမ်းမြှောင်ဒေသကို သိမ်းပိုက်ခဲ့ သည်။ စစ်ပွဲ အတွင်း ပါလက်စတိုင်း ခုနစ်သိန်းကျော် ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂက ခန့်မှန်းခဲ့သည်။
အစ္စရေးသည် ၁၉၄၉ခုနှစ် မေလ ၁၁ ရက်တွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။အာရပ်နိုင်ငံများမှ ဂျူး များသည် အစ္စရေးသို့ ပြောင်းရွှေ့ဝင်ရောက်ခဲ့ကြရာ သုံးနှစ်အတွင်း ဦးရေ ၁၄၀၀၀၀၀ အထိရှိခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် အစ္စရေး နိုင်ငံ လူဦးရေသည် နှစ်သန်းကျော် ဖြစ်လာခဲ့သည်။၁၉၄၈ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ အစ္စရေးနိုင်ငံသည် ဂျူးဒုက္ခသည် ၁၁၅၀၀၀၀ ကို လက်ခံနေရာချထားပေးခဲ့သည်။
အီဂျစ်သမ္မတ နာဆာခေါင်းဆောင်သည့် အာရပ်နိုငံများသည် အစ္စရေးနိုင်ငံကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ကြပြီး အစ္စရေး နိုင်ငံကို ချေမှုန်းရန်နှိုးဆော်ခဲ့ကြသည်။ ၁၉၆၆ ခုနှစ်တွင် အစ္စရေးနှင့် အာရပ်နိုင်ငံများသည် ဆက်ဆံရေး ဆိုးရွားလာခဲ့ကာ ၁၉၆၇ ခုနှစ်တွင် ကမ္ဘာကျော် ခြောက်ရက်စစ်ပွဲဖြစ်ပွားခဲ့သည်။အာရပ်များဘက်မှ အီဂျစ်၊ ဂျော်ဒန်၊ ဆီရီးယားနှင့် အီရတ်တို့ပါဝင်တိုက်ခိုက် ခဲ့ကြပြီး စစ်ပွဲကို အစ္စရေးတို့ အနိုင်ရရှိခဲ့ကာ အနောက်ဘက်ကမ်း၊ ဂါဇာကုန်းမြင့်နှင့် ဆိုင်နိုင်းကျွန်းဆွယ်တို့ကို သိမ်းပိုက်ခဲ့သည်။ အစိမ်းရောင်နယ်မြေသတ်မှတ်နယ်နိမိတ်သည် အစ္စရေးနှင့် သိမ်းပိုက်နယ်မြေများ၏ နယ်စပ်ဖြစ်လာခဲ့သည်။
အစ္စရေးသည် ၁၉၆၇ ခုနှစ် စစ်ပွဲပြီးဆုံးပြီးနောက် အီဂျစ်နှင့်ပါလက်စ်တိုင်းတို့၏ တိုက်ခိုက်ခြင်းကိုရင်ဆိုင်ခဲ့ရသည်။ အစ္စရေး ကို အဓိကဆန့်ကျင်တိုက်ခိုက်သည့် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့(PLO)သည် အမိမြေလွတ်မြောက်ရေးအတွက် လက်နက်ကိုင်သည့် နည်းလမ်းဖြင့်သာလျှင်ဖြေရှင်းရမည်ဟုခံယူခဲ့သည်။၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ်ပွဲတော်တွင် အစ္စရေးအားကစား သမားများသတ်ဖြတ်ခံရမှုကိုတုံ့ပြန်သောအားဖြင့် အစ္စရေးတို့သည် လက်ဘနွန်နိုင်ငံရှိ PLO ရုံးချုပ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
၁၉၇၃ ခုနှစ်တွင် အစ္စရေးသည် အီဂျစ်၊ ဆီးရီးယားတို့နှင့် ရက် ၂၀ ကြာ ယွမ်ကစ်ပူးစစ်ပွဲ (Yom Kippur War)ဖြစ်ပွားခဲ့ကာ အစ္စရေးစစ်သည် ၂၅၀၀ ကျော်ကျဆုံးခဲ့သည်။ ၁၉၇၆ ခုနှစ်တွင်လည်း အစ္စရေးလေယာဉ်ကို ပြန်ပေးဆွဲကာ ယူဂန္ဓာနိုင်ငံ၊ အင်တက် ဘီတွင် ဆင်းသက်ခိုင်းခဲ့ပြီးနောက် အစ္စရေးအထူးတပ်ဖွဲ့သည် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ အစ္စရေးလူမျိုး ၁၀၆ ဦးအနက် ၁၀၂ ဦးကို ကယ်တင်နိုင်ခဲ့သည်။
ငြိမ်းချမ်းရေးလမ်းစ
အီဂျစ်သမ္မတ အန်ဝါဆဒတ်သည် ၁၉၇၈ ခုနှစ်တွင် အစ္စရေးနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကာ အစ္စရေးကို ပထမဆုံး အသိ အမှတ်ပြုခဲ့သည်။၁၉၇၉ ခုနှစ်တွင် အစ္စရေး အီဂျစ် ငြိမ်းချမ်းရေး စာချုပ်ကို ချုပ်ဆိုခဲ့ပြီး အစ္စရေးက ဆိုင်နိုင်းကျွန်းဆွယ်မှ ဆုတ် ခွာပေးခဲ့ပြီး အနောက်ဘက်ကမ်း၊ ဂါဇာကမ်းမြှောင်တို့နှင့် စပ်လျဉ်း၍ ပါလက်စတိုင်းတို့နှင့် ညှိနှိုင်းဆွေးနွေးရန် သဘောတူ ခဲ့သည်။ သို့သော် အစ္စရေးနှင့် ပါလက်စတိုင်းတို့သည် အပြန်အလှန်တိုက်ခိုက်ခဲ့ကြသည်။
အစ္စရေးတို့သည် သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းတွင် အိမ်ရာများဆောက်လုပ်ခဲ့သည်။၁၉၈၀ မှ ၁၉၉၀ ခုနှစ် များအတွင်း အီသီယိုးပီယားနှင့် ယခင်က ဆိုဗီယက်အုပ်စုနိုင်ငံမှ ဂျူးများကို လက်ခံခဲ့သဖြင့် အစ္စရေးနိုင်ငံ လူဦးရေသည် ၁၂ ရာခိုင် နှုန်းတိုးတက်လာခဲ့သည်။၁၉၈၁ ခုနှစ် ဇွန်လ ၇ ရက်တွင် အစ္စရေးသည် အီရတ်နိုင်ငံနယူးကလီးယား ဓာတ်ပေါင်းဖို တည်ဆောက် ရေးလုပ်ငန်းကို ဗုံးကြဲဖျက်ဆီးခဲ့သည်။
အစ္စရေးနှင့် PLO အဖွဲ့သည် ၁၉၈၅ ခုနှစ်အထိ အပြန်အလှန် တိုက်ခဲ့ကြပြီး ၁၉၉၁ ခုနှစ်တွင် ပင်လယ်ကွေ့စစ်ပွဲဖြစ် ပွား ချိန်၌ အီရတ်က အစ္စရေးကို စကပ်ဒ် ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သော်လည်း အစ္စရေးသည် လက်တုံ့ပြန်ခြင်းမပြုဘဲ စစ်ပွဲတွင်ပါ ဝင်ခြင်း မပြုခဲ့ချေ။သို့သော် ၁၉၉၂ ခုနှစ်တွင် အစ္စရေး ဝန်ကြီးချုပ် ရှီမွန်ပဲရက်စ်နှင့် PLO ခေါင်းဆောင်မာမွတ် အက်ဘားစ် တို့သည် အော်စလို သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ၁၉၉၄ ခုနှစ်တွင် ဂျော်ဒန်နှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့ သည်။၂၀၀၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံ ဒေးဗစ်စခန်းတွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့ ငြိမ်းချမ်းရေးသဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြသည်။
လက်ရှိ အစ္စရေး
၂၀၁၈ ခုနှစ်တွင် အစ္စရေးနိုင်ငံ၏ လူဦးရေကို ၈၈၀၀၄၀၀ ဦး ဟု ခန့်မှန်းထားကာ လူဦးရေ၏ ၇၄ ဒသမ ၇ ရာခိုင်နှုန်းသည် ဂျူးလူမျိုးများဖြစ်ကြသည်။အာရပ်များက ၂၀ ဒသမ ၈ ရာခိုင်နှုန်း၊အာရပ်မဟုတ်သော ခရစ်ယာန်များနှင့် ဘာသာမဲ့များက ၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။အစ္စရေးနိုင်ငံ လူဦးရေ၏ ၉၂ ရာခိုင်နှုန်းသည် မြို့ပြများတွင်နေထိုင်ကြသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း ရိုမေးနီးယား၊ထိုင်း၊တရုတ်နှင့် တောင်အမေရိကမှ လုပ်သားများသည်အစ္စရေးသို့ ဝင်ရောက်ခဲ့ကြသည်။ တိကျသော စာရင်း ကို မသိရှိရသော်လည်း အစ္စရေးနိုင်ငံတွင် တရားမဝင်နေထိုင်သူဦးရေသည် နှစ်သိန်းကျော် ရှိသည်။၂၀၁၂ ခုနှစ်တွင် ခန့်မှန်း အာဖရိက လူမျိုး ခြောက်သောင်းသည် အစ္စရေးနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
အစ္စရေးနိုင်ငံရှိ ဂျူး လူဦးရေ ၇၇ ရာခိုင်နှုန်းသည် အစ္စရေးတွင် မွေးဖွားခဲ့ကြသူမျျားဖြစ်ပြီး ၁၆ ရာခိုင်နှုန်းသည် ဥရောပနှင့် အမေရိက မှ ပြောင်းရွှေ့လာကြသူများဖြစ်ကြကာ ၇ ရာခိုင်နှုန်းသည် အာရပ်နိုင်ငံများ၊ အာရှနှင့်အာဖရိကမှ ရောက်ရှိလာခဲ့ကြသည်။ ဂျေရုဆလမ်သည် နေထိုင်သူ ၈၈၂၆၅၂ ဦး ရှိကာ အစ္စရေးနိုင်ငံ၏ အဓိက မြို့ပြ လေးခုအနက် အများဆုံးဖြစ်သည်။ တဲလ်အဗစ်တွင် လူဦးရေ ၄၃၈၈၁၈ ဦးနှင့် ဟိုင်ဖာတွင် လူဦးရေ ၂၇၉၅၉၁ ဦး နေထိုင်သည်။ အစ္စရေးနိုင်ငံတွင် လူဦးရေ တစ်သိန်း ကျော်နေထိုင်သည့် မြို့တော် ၁၅ မြို့ရှိသည်။ဂျေရုဆလမ်မြို့တော်သည် ဂျူးများ၊ မွတ်ဆလင်များနှင့် ခရစ်ယာန်များအတွက် ဘာသာရေး ဆိုင်ရာ ယုံကြည်မှုနှင့် ဆက်နွယ်နေသည့် အထူးအရေးပါသော မြို့တော်ဖြစ်ကာ ဂျူးဘုရားကျောင်းများ၊ ဗလီများ၊ ခရစ် ယာန် ဝတ်ပြုကျောင်းများတည်ရှိသည်။
အစ္စရေးနိုင်ငံ၏ တရားဝင်ရုံးသုံးစကားသည် ဟီဘရူးနှင့် အာရေဗျဘာသာတို့ဖြစ်သည်။ဟီဘရူးဘာသာစကားကို လူအများ စုက နေ့စဉ်ပြောဆိုသုံးစွဲကြကာ အာရေဗျဘာသာစကားကို လူနည်းစုအာရပ်များကပြောဆိုကြပြီး ဟီဘရူးစကားကို အာရပ်ကျောင်း များတွင် သင်ကြားသည်။ရွှေ့ပြောင်းလာသူများ များပြားသဖြင့် အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှစသည့် အခြားဘာသာစကားများကို ပြောဆို ကြသူများကိုလည်း တွေ့ရှိနိုင်သည်။ အစ္စရေးနိုင်ငံရုပ်သံထုတ်လွှင့်မှုများတွင် အင်္ဂလိပ်ဘာသာဖြင့် အောက်ခြေ စာတမ်းထိုးပေးသကဲ့သို့ တက္ကသိုလ်၊ကောလိပ် များ တွင်လည်း ဘာသာရပ်များကို အင်္ဂလိပ်ဘာသာဖြင့် ပို့ချပေးလျက်ရှိသည်။
အစိုးရ နှင့် မူဝါဒရေးရာ
လက်ရှိ အစ္စရေးနိုင်ငံ၏ သမ္မတသည် Reuven Rivlin ဖြစ်ပြီး ဝန်ကြီးချုပ်မှာ Benjamin Netanyahu ဖြစ်သည်။ ပါလီမန်ဒီမို ကရေစီစနစ်ကို ကျင့်သုံးသည့် အစ္စရေးသည် လွှတ်တော် (Knesset) တစ်ရပ်သာထားရှိပြီး ကိုယ်စားလှယ် ၁၂၀ ဦးဖြင့် ဖွဲ့စည်း သည်။ လွှတ်တော်၏ ထောက်ခံမှု အများဆုံးရရှိသူက အစိုးရအဖွဲ့ကို ဦးဆောင်သည့် ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်သည်။ အစ္စရေး သမ္မတသည် နိုင်ငံအကြီးအကဲအဖြစ် တာဝန်ယူကာ တာဝန် ကန့်သတ်ချက်များရှိသည်။
ပါလီမန်ရွေးကောက်ပွဲကို လေးနှစ် တစ်ကြိမ်ကျင်းပသော်လည်း ညွန့်ပေါင်းအဖွဲ့များ မတည်ငြိမ်မှုနှင့် အယုံကြည်မရှိ အဆို များက လွှတ်တော်ကို ဖျက်သိမ်းနိုင်သည်။တရားစီရင်ရေးကို မြို့နယ်၊ ခရိုင်နှင့် တရားရုံးချုပ်တို့က အဆင့်ဆင့် ဆောင်ရွက်သည်။ တရားစီရင်ရာတွင် ရာဇဝတ်ဥပဒေ၊ တရားမ ဥပေဒများအပြင် ဂျူးဥပဒေကိုလည်း ကျင့်သုံးသည်။အထူးသဖြင့် လက်ထပ်ထိမ်း မြား ခြင်းနှင့် ကွာရှင်းပြတ်စဲခြင်းတို့ကို ဘာသာရေး ခုံရုံးများက ဆောင်ရွက်ပေးလေ့ရှိသည်။
အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးတွင် နိုင်ငံ ၁၅၈ နိုင်ငံနှင့် သံတမန်ဆက်ဆံမှုထူထောင်ထားကာ ကမ္ဘာအနှံ့ သံရုံး ၁၀၇ ရုံး ဖွင့်လှစ်ထားသည်။အီဂျစ်၊ဂျော်ဒန်နှင့်မောရိသျှတို့နှင့် ပုံမှန်ဆက်သွယ်မှု ရှိခြင်းမှလွဲ၍ မွတ်ဆလင် နိုင်ငံအများစုနှင့် သံတမန် အဆက်အသွယ်မရှိချေ။သို့သော် အဇာဘိုင်ဂျန်နိုင်ငံနှင့် အစ္စရေးတို့သည် အပြန်အလှန်ကူညီမှုများကြောင့်ကောင်းမွန်သော ဆက် ဆံရေးတိုးတက်လျက်ရှိသည်။အဇာဘိုင်ဂျန်က အစ္စရေးနိုင်ငံအတွက် လိုအပ်သည့် လောင်စာများဖြည့်ဆည်းပေးသကဲ့သို့ အစ္စရေး တို့ကလည်း အဇာဘိုင်ဂျန်နိုင်ငံ တပ်မတော် ခေတ်မီတိုးတက်ရေကို ဆောင်ရွက်ပေး လျက်ရှိနေသည်။
ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုပြီးသော်လည်း အီဂျစ်အများစုက အစ္စရေးကို ရန်သူနိုင်ငံဟု ခံယူထားကြသကဲ့သို့ အစ္စရေး ဥပဒေအရ လက်ဘနွန်၊ဆီရီးယား၊ ဆော်ဒီအာရေဗျ၊ အီရတ်၊ အီရန်၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့သည် ရန်သူများဖြစ်ကြသည်။ အစ္စရေး နိုင်ငံသားများသည် ပြည်ထဲရေး ဝန်ကြီးဌာနက ခွင့်ပြုချက်ပြုမှသာ ယင်းနိုင်ငံများသို့ သွားရောက်နိုင်ကြသည်။
စစ်ရေးနှင့် စီးပွားရေး
အစ္စရေးတပ်မတော်သည် စစ်ပွဲများစွာ ဆင်နွှဲခဲ့သည့် အတွေ့အကြုံများရှိခဲ့ပြီး လေ့ကျင့်မှု အများဆုံး တပ်မတော်အဖြစ် ထင်ရှားသည်။အသက် ၁၈ နှစ် ပြည့်သူတိုင်း ယောက်ျားလေးများက နှစ် နှစ် နှင့် ရှစ်လကြာ၊ မိန်းကလေးများက နှစ်နှစ် ကြာ စစ်မှုထမ်းကြရသည်။အာရပ်နွယ်ဖွား အစ္စရေးနိုင်ငံသားများကိုမူ ဘာသာရေး တာဝန်များပြားမှုကြောင့် စစ်မှုထမ်းခြင်းမှ ကင်းလွတ် ခွင့်ပြုသည်။ အစ္စရေးတပ်မတော်တွင် အမြဲတမ်းစစ်သည် ၁၇၆၅၀၀ နှင့် အရံ စစ်သည် ၄၄၅၀၀၀ ရှိသည်။အစ္စရေး တပ်မတော်သည် နည်ပညာမြင့်မားသော လက်နက်များကိုကိုယ်တိုင်ထုတ်လုပ်သကဲ့သို့ ပြည်ပမှလည်း တင်သွင်းသည်။ အစ္စရေးနိုင်ငံထုတ်အဲရိုး ဒုံးကျည်သည် ကျော်ကြားသည့် တိုက်ချင်းပစ် ဒုံးကျည်စနစ်ဖြစ်ပေသည်။
အစ္စရေးနိုင်ငံသည် နယူးကလီယား နှင့် ဓာတု လက်နက်များပိုင်ဆိုင်ထားသည်ဟု ယူဆကြသည်။ကာကွယ်ရေးကို အထူး ဦးစားပေးသည့် နိုင်ငံဖြစ်သည့် အစ္စရေးသည် ကာကွယ်ရေး အသုံးစရိတ်များစွာကို သုံးစွဲခဲ့ရာ ၁၉၇၅ ခုနှစ်တွင် ပြည်တွင်း အသား တင် ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၃၀ ဒသမ ၃ ရာခိုင်နှုန်း အထိ သုံးစွဲခဲ့သည်။၂၀၁၆ ခုနှစ် တွင် စစ်စရိတ် ဒေါ်လာ ၁၈ ဘီလီယံ သုံးစွဲခဲ့ကာ ကမ္ဘာ့ စစ်စရိတ် ငွေပမာဏ အသုံးစွဲဆုံး အဆင့် ၁၅ နေရာ တွင်ရပ်တည်ခဲ့သည်။ နှစ်ဦးနားလည်မှု စာချွန်အရ အမေရိ ကန်က အစ္စရေးကို နှစ်စဉ်အမေရိကန် ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ ထောက်ပံ့ပေးလျက်ရှိသည်။ အစ္စရေးနိုင်ငံ ၏လက်နက်တင် ပို့ရောင်းချမှုသည် ၂၀၁၆ ခုနှစ်တွင် နံပတ် ၇ နေရာတွင် ရှိခဲ့သည်။
အစ္စရေးသည်အနောက်တောင် အာရှနှင့် အရှေ့အလယ်ပိုင်းတွင်တွင် စီးပွားရေး နှင့် စက်မှုဖွံ့ဖြိုးမှု အရှိဆုံးနိုင်ငံဖြစ်ကာ သယံဇာတ အရင်းအမြစ်နည်းပါးသော်လည်း စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း စီးပွားရေးသည် ဆယ်စုနှစ်များအတွင်း အစ္စရေးနိုင်ငံကို အထူးတိုး တက်ကောင်းမွန်စေခဲ့သည်။ပြည်တွင်းရိက္ခာ ဖူလုံမှုရှိပြီး ၂၀၁၆ ခုနှစ်တွင် ကုန်ကြမ်းများ၊ စစ်ပစ္စည်းများ၊ ရင်းနှီးမြှုပ်နှံရန် ထုတ်ကုန်များ၊စိန်ရိုင်းများ၊လောင်စာဆီများ၊လူသုံးကုန်များကို ပြည်ပမှ တင်သွင်းခဲ့ရာ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၉ ဘီလီယံဖိုး ရှိခဲ့ပြီး ပြည်ပသို့ တင်ပို့ရောင်းချမှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၆၁ ဘီလီယံဖြစ်သည်။
အစ္စရေး ဘဏ်တွင် နိုင်ငံသုံးငွေ အရံ ပမာဏသည် ၉၇ ဒသမ ၂၂ ဘီလီယံရှိသည်။ပြည်ပ ကြွေးမြီ အနည်းဆုံးနိုင်ငံများ တွင် တစ်နိုင်ငံဖြစ်သည့် အစ္စရေးသည် နည်းပညာကုမ္ပဏီ များ ၏ရင်းနှီးမြှုပ်နှံမှုမှ အမြတ်အစွန်းများစွာရရှိလျက်ရှိသည်။ နိုင်ငံသေးငယ်သော်လည်း လမ်းမိုင် ၁၁၉၄၅ မိုင်ဖောက်လုပ်ထားပြီး မော်တော်ယာဉ် သုံးသန်းရှိရာ လူ၁၀၀၀ တွင် ယာဉ် ၃၆၅ စီးပိုင်ဆိုင်သည်။မီးရထားလမ်းမိုင် ၇၉၃ မိုင် ဖောက်လုပ်ထားကာ အစိုးရပိုင် မီးရထားလုပ်ငန်းက မီးရထားများပြေးဆွဲသည်။
အပြည်ပြည်ဆိုင်ရာ လေဆိပ် နှစ်ခု တည်ဆောက်ထားပြီး ၂၀၁၅ ခုနှစ်တွင် Ben Gurion လေယာဉ်ကွင်းတွင် ခရီးသည် ၁၅ သန်း ဝင်ထွက်ခဲ့သည်။ မြေထဲပင်လယ်ကမ်းခြေရှိ ဟိုင်ဖာ ဆိပ်ကမ်းသည် အစ္စရေးနိုင်ငံ၏ အကြီးဆုံး ဆိပ်ကမ်းဖြစ်သည်။ကမ္ဘာလှည့် ခရီးသွားများ အစ္စရေးနိုင်ငံသို့ လာရောက်လည်ပတ်မှုသည် ၂၀၁၃ ခုနှစ်တွင် ၃ ဒသမ ၅၄ သန်းဖြစ်သည်။ မြေထဲပင်လယ်အရှေ့တောင်ဘက်ကမ်းခြေ တွင်တည်ရှိသည့် အစ္စရေးနိုင်ငံသည် သေးငယ်သော နိုင်ငံငယ်တစ်ခုဖြစ်သော် လည်း မိမိနှင့်နိုင်ငံရေး မသင့်မြတ်သည့် အာရပ်များဝိုင်းနေသည့်ကြားမှ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေရန် ခေတ်အဆက်ဆက်ထူထောင် နိုင်ခဲ့ ပေသည်။မျိုးချစ်စိတ်ဓာတ်ကို အခြေတည်လျက် ကောင်းမွန်သော ပညာရေးစနစ်၊ တိုးတက်သော နည်းပညာ၊ကြီးမားသော လူ့စွမ်း အား အရင်းအမြစ်နှင့် တောင့်တင်းသော စစ်အင်အားတို့ကြောင့် အစ္စရေးသည် ကမ္ဘာက လေးစားရသည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပေသည်။
အစ္စရေးထောက်လှမ်းရေး မော့ဆက်
ကမ္ဘာ့နိုင်ငံတိုင်းတွင် မိမိတို့နိုင်ငံ လုံခြုံရေးအတွက် ထောက်လှမ်းရေးအဖွဲ့များကို အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် ထားရှိကြ သည့် အနက် အစ္စရေးနိုင်ငံ၏ မော့ဆက်အဖွဲ့သည် ကမ္ဘာတစ်ဝန်း အထူးတင်ရှားခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ မော့ဆက်(Mossad)အဖွဲ့သည် အစ္စရေးနိုင်ငံ၏ ထောက်လှမ်းရေးနှင့်အထူးစစ်ဆင်ရေး အင်စတီကျုအဖြစ် ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်တွင်ဖွဲ့စည်းခဲ့သည်။မော့ဆက်ရုံးချုပ်ကို တဲလ်အဗစ်မြို့တွင် ဖွင့်လှစ်ထားကာ ဝန်ထမ်းပေါင်း ၁၂၀၀ ဖြင့်လှုပ်ရှား လျက်ရှိနေကာ မိခင်ဌာနသည် ၁၉၅၁ ခုနှစ်တွင် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ်ရုံးဖြစ်လာခဲ့သည်။
အစ္စရေးနိုင်ငံ၏ အမျိုးသား ထောက်လှမ်းရေး အေဂျင်စီဖြစ်သည့် မော့ဆက်သည် စစ်ထောက်လှမ်းရေး(AMAN)နှင့် ပြည်တွင်း လုံခြုံ ရေးအဖွဲ့ Shin Bet တို့နှင့် အတူ အစ္စရေးနိုင်ငံ ထောက်လှမ်းရေး အဝန်းအဝိုင်းတွင် အဓိကကျသည့် အဖွဲ့ အစည်းဖြစ်သည်။ မော့ဆက်သည် ထောက်လှမ်းရေး သတင်းစုဆောင်းခြင်း၊လျှို့ဝှက်စစ်ဆင်ရေးနှင့် အကြမ်းဖက် တိုက်ဖျက်ရေး တာဝန်များကို ယူထားသည်။မော့ဆက်သည် အစ္စရေး အစိုးရနှင့် တပ်မတော်အဖွဲ့အစည်းများနှင့် မတူဘဲ ရည်မှန်းချက်များ၊ ဖွဲ့စည်းပုံများနှင့် လုပ်ပိုင်ခွင့်များသည် အစ္စရေးနိုင်ငံ၏ အခြေခံဥပဒေများမှ ကင်းလွတ်ခွင့်ရရှိသည်။
မော့ဆက်၏ လျှို့ဝှက်လုပ်ထုံးလုပ်နည်းများကို မည်သည့်အခါမှ မထုတ်ပြန်ဘဲ မော့ဆက်အဖွဲ့၏ ညွှန်ကြားရေးမှူးသည် ဝန်ကြီးချုပ်ထံသာ တိုက်ရိုက်ဖြေကြားလေ့ရှိသည်။ မော့ဆက်၏ အကြီးဆုံးဌာနသည် သတင်းစုဆောင်းသည့် ဌာနဖြစ်ကာ ပြည်ပသို့စေလွှတ်ထားသည့် ထောက်လှမ်းရေးများ မှတစ်ဆင့် သတင်းအချက်အလက်များကို စုဆောင်းသည်။သတင်းစုဆောင်းရေးဌာနသည် သံတမန်များနှင့် ပြင်ပပုဂ္ဂိုလ်များ အပါ အဝင် အသွင်မျိုးစုံရှိကြသည်။ နိုင်ငံရေးလှုပ်ရှားမှုနှင့် ဆက်ဆံရေးဌာနသည် မဟာမိတ် ပြည်ပနိုင်ငံများမှ ထောက်လှမ်းရေးအဖွဲ့များ နှင့် အစ္စရေးနိုင်ငံနှင့် ပုံမှန်သံတမန်ဆက်သွယ်မှုမရှိသည့် နိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်သည့် ဌာနဖြစ်သည်။ ထို့အတူ သုတေသန ဌာနနှင့် နည်းပညာဌာနတို့က မော့ဆက်၏ လုပ်ငန်းများ ထက်မြက်လာစေရန် ဆောင်ရွက်ကြသည်။
မော့ဆက်၏ အကြမ်းဖက်သမားတိုက်ခိုက်မှု အဖွဲ့များတွင် Metsada သည် ရန်သူကို တိုက်ခိုက်ချေမှုန်းသည့် တာဝန်ကို ထမ်းဆောင်ကာ လုပ်ကြံသတ်ဖြတ်ခြင်းနှင့် အဖျက်အမှောင့် လုပ်ငန်းများကို ပြုလုပ်သည်။Kidon အဖွဲ့သည် လုပ်ကြံသတ်ဖြတ်ရေး မစ်ရှင် အနည်းဆုံး ၂၇၀၀ ကို ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ မော့ဆက်သည် ဆိုင်ဘာ နည်းပညာတိုးတက်စေရေးအတွက် ရင်းနှီးမြှုပ်နှံမှု ရံပုံငွေ တစ်ရပ်ထူထောင်ထားသကဲ့သို့ အကြမ်းဖက်သမားများ၏ ငွေကြေး ကွန်ရက်များကို ဖျက်ဆီးနိုင်မည့် စီမံကိန်းများကိုလည်း ဆောင်ရွက်သည်။
မော့ဆက်၏ ပြည်ပ လှုပ်ရှားမှုများ
မော့ဆက်သည် ပြည်ပနိုင်ငံများတွင် ထောက်လှမ်းရေး လုပ်ငန်းများပြုလုပ်ခဲ့ရာ ၁၉၅၇ ခုနှစ်တွင် ဂျာမနီနိုင်ငံသား လက် မှတ် ကိုင်ဆောင်ထားသည့် မော့ဆက်ထောက်လှမ်းရေး Wolfgang Lotz သည် အီဂျစ်နိုင်ငံသို့ဝင်ရောက်ခဲ့ကာ အီဂျစ်နိုင်ငံ ဒုံးကျည်များထားရှိသည့်နေရာများ၊စစ်ရေး တပ်ဆင်ထားသည့် နေရာများနှင့် စက်မှုလုပ်ငန်းများကို ထောက်လှမ်းခဲ့ကာ အီဂျစ် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဂျာမနီ ဒုံးကျည်ပညာရှင်များစာရင်းကို စုဆောင်း၍ စာအိတ်ဗုံးများပို့ကာ လုပ်ကြံခဲ့သည်။
ထို့အတူ အီဂျစ်နိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေသည့် မြူးနစ်ကုမ္ပဏီ အကြီးအကဲ Heinz Krug သည် ၁၉၆၂ ခုနှစ် စက်တင်ဘာလတွင်ပျောက်ဆုံးသွားခဲ့ရာ မော့ဆက်အဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု ယူဆခဲ့ကြသည်။မော့ဆက် သည် ၁၉၅၆ ခုနှစ်တွင် မော်ရိုကိုနိုင်ငံမှ ဂျူးလူမျိုးများကို အစ္စရေးနိုင်ငံသို့ တရားမဝင်ပြောင်းရွှေ့နိုင်ရန် လျှို့ဝှက် ကွန်ရက်တစ်ခုကို ဖွဲ့စည်းခဲ့ခြင်း၊၁၉၉၁ ခုနှစ်တွင် ဆီရီယားနိုင်ငံသို့ ထွက်ခွာလာသည့် မြောက်ကိုရီးယား ကုန်တင်သင်္ဘောကိုနှစ်မြှုပ်ခဲ့ခြင်း စသည်ဖြင့် နိုင်ငံတကာ အရေးများစွာတွင် ပါဝင်ပတ်သက်ခဲ့သည်။
ကျဉ်းမြောင်းသော နယ်မြေဒေသအတွင်း လူဦးရေ အနည်းငယ်မျှသာရှိသည့် အစ္စရေးသည် မောဆက်အဖွဲ့၏ ထောက် လှမ်းရေးအချက်အလက်များကို အားယူလျက် အနီးဝန်းကျင်နိုင်ငံကြီးများကို ကြောက်ရွံ့ခြင်းကင်းကာ ရပ်တည်နေခဲ့သည်ဟု ဆို နိုင်သည်။လျှို့ဝှက်ထောက်လှမ်းမှုများ၊ နိုင်ငံသားများ၏ မျိုးချစ်စိတ်ဓာတ်ပြင်းထန်စွာ ကြိုးစားမှုများ၊အင်အားထက်မြက်သော တပ်မတော်ကို ထူထောင်ထားနိုင်ခဲ့ခြင်းစသည့်အချက်များကြောင့် အစ္စရေးသည် ကမ္ဘာက လေးစားရသည့်နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပေသည်။
မောင်သာ(ရှေးဟောင်းသုတေသန)
၂၀၁၈ ခုနှစ် သြဂုတ်လထုတ် အကုန်သိ မဂ္ဂဇင်းမှ
Discussion about this post