သတိုးမင်းဖျားရဲ့ မိဖုရား စောဥမ္မာကို သိတဲ့သူရှိသလို မသိတဲ့သူလည်း ရှိပါလိမ့်မယ်။ သူခိုးကြီးငတက်ပြားဆိုရင်တော့ အားလုံးသိကြမှာပါ။ သတိုးမင်းဖျားက သူခိုးကြီးငတက်ပြားကိုဖမ်းပြီး မသတ်မီ နောက်ဆုံးအနေနဲ့ ဘယ်လက်နက်နဲ့ သေချင်သလဲ လို့မေးမြန်းလိုက်ပါတယ်။
“နင့်ကို မိပြီ ၊ ရဲတင်း ၊ ပုဆိတ် ၊ ဓားလှံ ၊ တံကျင်း ဘာကို လိုသလဲ”
ငတက်ပြားကလည်း “ငါ့ကို မိပြီဖြစ်သည် ၊ ကွပ်လိုရာ ကွပ်တော်မူလော့၊ ငါ့အလိုသော်ကား မိဖုရားစောဥမ္မာ” လို့ ပြန်လျှောက်ပါတယ်။ အခုခေါင်းစဉ်တပ်ထားတဲ့ စကားကိုပြောခဲ့သူဟာအဲဒီ မိဖုရား စောဥမ္မာဖြစ်ပါတယ်။
စောဥမ္မကိုမွေးတော့ ပုဏ္ဏားတွေက အလှထွဋ်ခေါင်ဖြစ်မယ် ၊ မင်း၊ မှူးမတ်တွေရဲ့ မိဖုရားဖြစ်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ ဟောထားတဲ့အတိုင်းပဲ အရွယ်ရောက်လာတဲ့အခါလှပလွန်းတာကြောင့် ပင်းယဘုရင် ဥဇနာပြောင်ရဲ့ မိဖုရားဖြစ်လာခဲ့ပါတယ်။ ဥဇနာပြောင်မင်းဟာ သတိုးမင်းဖျားရဲ့လုပ်ကြံမှုကြောင့် နန်းသက် ၃ လသာ စံခဲ့ရပါတယ်။ အဲဒီနောက်တော့စောဥမ္မာကို နန်းတက်လာတဲ့ သတိုးမင်းဖျားက မိဖုရားအရာ ထပ်မြှောက်ခဲ့ပါတယ်။
သတိုးမင်းဖျားဟာ အသက် ၂၀ဝန်းကျင် နန်းသက် ၃နှစ် အတွင်းမှာ အရွယ်နဲ့ မမျှတဲ့ တိုင်းပြည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်နိုင်ခဲ့တဲ့ မင်းတစ်ပါးပါ။ စကုစား သိင်္ဂသူ ပုန်ကန်တာကို ထွက်နှိမ်နှင်းရင်း ကျောက်ပေါက်ပြီး တပ်ဆုတ်ခဲ့ရပါတယ်။ အနာသည်းပြီး မကွယ်လွန်ခင်မှာသူချစ်မြတ်နိုးလွန်းလို့ စိတ်မချတဲ့သူဟာ မိဖုရားစောဥမ္မာပါ။ ဒါကြောင့် အတွင်းသင်မှူးငနုကို အပါးမှာခေါ်ပြီး မှာပါတယ်။
“ငါမရှိရင် ငါ့မိဖုရား စောဥမ္မာကို သူ မိဖုရားမြှောက်တော့မည်။ ငါနှမြောတော်မူသည် ။ နင် သွားသတ်ချေ” တဲ့။
ငနုကလည်း အင်းဝကို အပြင်းဆန်ပြီး မိဖုရားစောဥမ္မာရှေ့ကို ဝင်ခဲ့ပါတယ်။ သူ့ကိုလုပ်ကြံခိုင်းမှန်းသိတဲ့နောက် စောဥမ္မာက ငနုကိုပြောလိုက်ပါတယ်။
“ဟဲ့ ငနု နင်ယောကျာ်း မဟုတ်သလော” ဆိုပြီးတော့ပေါ့။
ဒီအချိန်မှာ ငနုလည်း စဉ်းစားပါတယ်။ မိဖုရားကိုသတ်လိုက်လို့လည်း ဆုတော်ချီးမြှင့်မယ့် ဘုရင်က နတ်ရွာစံနှင့်ပြီ။ မိဖုရားသတ်သူဆိုပြီး နောက်ပိုင်းရန်တွေကလည်း တစ်သီကြီးလာနိုင်တဲ့အတွက် စောဥမ္မာရဲ့စကားအတိုင်း စောဥမ္မာကိုယူလိုက်ပါတယ်။ (သဘောမတူတဲ့ အထိန်းသမီးကို သုတ်သင်လိုက်ကြပါတယ်)အင်းဝမှာ ၁လခွဲလောက်နေပြီး စစ်ကိုင်းဘက်ကို ကူးပြီးတစ်ထီးတစ်နန်းနေကြပါတယ်။
သတိုးမင်းဖျားနတ်ရွာစံပြီးနောက် မှူးမတ်တွေက ရမည်းသင်းစားသီလဝကို ထီးနန်းအပ်သော်လည်း လက်မခံတာကြောင့် မင်းကြီးစွာစော်ကဲ ဘုရင်ဖြစ်လာပါတယ်။ မင်းကြီးစွာစော်ကဲဟာ ငနုရဲ့ အစ်ကို ရာဇသြင်္ကန်(ခေါ်) ငမောက် ကို ခေါ်ယူပြီး ငနုကိုခေါ်လို့ရရင် ဝါးရင်းတုတ်ရွာကိုစားစေပြီး မိဖုရားစောဥမ္မာနဲ့ ပေးစားမယ်လို့ မိန့်ပါတယ်။ ဒီလိုမိန့်တော့ ငမောက်ဟာ လက်ခံပြီး ညီဖြစ်သူ ငနုကိုသွားခေါ်ပါတယ်။
ငနုရှိရာစစ်ကိုင်းသဲပြင်မှာ လှေဆိုက်ပြီး “ငါ့ညီ မင်းဖြစ်နေပြီဟု ကြားတာကြောင့် လာတွေ့သည် ၊ ယခုနေမကောင်းဖြစ်နေတာကြောင့် ငါ့ညီလာတွေ့ပါ” လို့ တစ်ယောက်ကိုအခေါ်လွှတ်တယ်။ ငနုကလည်း ယုံတာကြောင့်ရဲမက်အစောင့်တွေကို ခေါ်မလာပဲ လှေပေါ်တန်းတက်ခဲ့ပါတယ်။ ငမောက်ဟာ ငနုတက်တက်ချင်းမှာပဲ လှေကြိုးကိုဖြတ်ပြီး ကမ်းကခွာလာလိုက်ပါတယ်။ ပြီးတော့ ငနုကိုကြိမ်းပါတယ်။
“နင့်အမိဘက်က လည်း မင်းမျိုးမဟုတ် ၊ အဖဘက်ကလည်းမင်းမျိုး မဟုတ် ၊ နင် တယ် ဘုရင်ဖြစ်ချင်သလား” ဆိုပြီး သံခြေချင်းခတ်ထားလိုက်ပါတယ်။
မင်းကြီးစွာကလည်း ကတိအတိုင်း ငနုကိုအကျဉ်းချထားပြီး ငမောက်ကို ဝါးရင်းတုတ်ရွာကိုစားစေတဲ့အပြင် မိဖုရားစောဥမ္မာနဲ့ ပေးစားလိုက်ပါတယ်။ မိဖုရားစော ဥမ္မာဟာ ရွာစားကတော်ဖြစ်လာရပြန်ပါတယ်။ များမကြာမီ ငနုအကျဉ်းက လွတ်ပြီး မင်းကြီးစွာစော်ကဲကို ပုန်ကန်ပါတယ်။ ညီအစ်ကိုချင်းလွှတ်ပေးသည်ဟု ဆိုကာ ငမောက်ကိုဖမ်း စောဥမ္မာကို သိမ်းဖို့ကြံပါတယ်။
အဓိကကတော့ စောဥမ္မာရဲ့အလှကို နှမြောလှတာကြောင့် သိမ်းပိုက်ဖို့အကြောင်းရှာတာပါ။ အမတ်ကြီး ဖိုးရာဇာက မင်းတို့မည်သည် ပေးပြီးသားကတိ မဖောက်ဖျက်သင့်ပါလို့တားတာကြောင့် မင်းကြီးစွာစော်ကဲဟာ သူ့ရဲ့ စောဥမ္မာသိမ်းပိုက်ရေးအကြံကို လက်လျှော့ခဲ့ရတာပါ။ ဒါကတော့ အင်းဝခေတ် အလှထွဋ်ခေါင် မိဖုရားစောဥမ္မာနဲ့ ပတ်သတ်တဲ့အဖြစ်တွေပါပဲ။
ကိုးကား :
သမိုင်းမတွင် သမိုင်းတွင် သမိုင်းဝင်နေတဲ့ စကားများ – ချစ်ဦးညို
ခေတ်မီမြန်မာ့ရာဇဝင် အကျဉ်း – ဦးဖိုးကျား
မြန်မာ့စွယ်စုံကျမ်း
Discussion about this post