ရေးသားသူ – ကောင်းမြတ်လွန်းသော်
၁။ Baigong ပိုက်များ
Baigong ပိုက်တွေဟာ ပိုက်နဲ့တူတဲ့ အရာများ ဖြစ်ပြီး တရုတ်မှာ ရှိတဲ့ Baigong တောင် မှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပိုက်တွေဟာ Baigong တောင် မှာရှိတဲ့ မီတာ ၅၀ လောက် မြင့်တဲ့ ပိရမစ် ပုံစံ ဂူ နဲ့ လဲ ဆက်စပ်နေပါတယ်။ ရှေ့ဘက်မှာ ဂူ ပေါက် ၃ ခု ရှိပြီး ၁၈ ပေ အမြင့်ရှိတဲ့ ဂူပေါက်ကြီး တစ်ခုထဲကိုပင် ဝင်လို့ ရပါတယ်။
Baigong ပိုက် ၂ ခုဟာ ဒီဂူထဲက တွေ့ခဲ့ရပြီး ၁၆ လက်မ အချင်း ရှိပါတယ်။ ဒါအပြင် ၄ လက်မကနေ ၁၆ လက်မထိ ရှိတဲ့ ပိုက်တွေ ဒါဇင်အတော်များများကိုလဲ ဒီနေရာကပဲ တွေ့ရှိခဲ့ပါတယ်။
ဘေဂျင်းဘူမိဗေဒတက္ကသိုလ် (Beijing Institute of Geology) က ဒီပိုက်တွေရဲ့ သက်တမ်းကို တွက်ချက်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀,၀၀၀ ကဖြစ်တယ်လို့ အဖြေထွက်ခဲ့ပါတယ်။ ဒီသံပိုက်တွေကိုသာ လူသားတွေ ပြုလုပ်ခဲ့ရိုးမှန်လျှင် ဒါဟာ တကယ် နားလည်ရခက်စေပြီး လူ့သမိုင်းကြောင်းကို ပြန်သုံးသပ်ရဖို့ ရှိနေပါတယ်။
ဒီဒေသကို လူသားတွေ အခြေချနေထိုင်တာ လွန်ခဲ့သော နှစ် ၃၀,၀၀၀ ကမှ ဖြစ်တယ်လို့ ခန့်မှန်းတာကြောင့် ပိုက်တွေရဲ့သက်တမ်းနဲ့ သိပ်ကို ကွာဟနေပါတယ်။ ဒါ့အပြင် ပိုက်တွေ တွေ့ရှိခဲ့တဲ့ ပိရမစ်ဟာလဲ သဘာဝအရ ဖြစ်ပေါ်လာပုံ မပေါ်ဘဲ အသိဉာဏ်ရှိသူတွေရဲ့ တည်ဆောက်မှု လက်ရာမျိုး ဖြစ်နေပါတယ်။
ဒါကြောင့် ဒီ ပိရမစ်နဲ့ ပိုက်တွေဟာ အတိတ်တစ်ချိန်က ဂြိုဟ်သားတွေရဲ့ လက်ရာဖြစ်မယ်လို့ ယူဆကြသူတွေလည်း ပေါများခဲ့ပါတယ်။ တချို့ကလည်း သမိုင်းမတင်မီ ခေတ်က လူတွေရဲ့ လက်ရာ ဖြစ်ပြီးနောက်ပိုင်းမှာ ဒီနည်းပညာတွေ ဆုံးရှူံးခဲ့လို့ ဘာမှတ်တမ်းမှ မရှိတာလို့ ယူဆကြတယ်။
ပိုက်တွေကို စမ်းသပ်တဲ့အခါမှာ ပါဝင်တဲ့ ပစ္စည်းရဲ့ ၈ % ကို ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပါဘူး။ ကျန်ဓာတ်ပစ္စည်းများကတော့ သံဓာတ် (ferric oxide), ဆီလီကွန်ဓာတ် (silicon dioxide) နဲ့ ထုံးဓာတ် (calcium oxide) တို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပိုက်တွေထဲက တစ်ချို့ဟာ ရေဒီယိုဓာတ်သတ္တိကြွနေတာ တွေ့ရတဲ့အတွက် အဖြေမရှိတဲ့ပုစ္ဆာဟာ ပိုပြီးအဖြေမရှိဘဲ ဖြစ်စေခဲ့ပါတယ်။
၂။ နှစ် သန်း ၃၀၀ သက်တမ်းရှိ ဝက်အူ
ဒီဝက်အူကို ဘယ်သူတွေ သုံးခဲ့တယ်ဆိုတာ စဉ်းစားရ ခက်ပါတယ်။ ဒီဝက်အူဟာ သေချာမြင်သာပြီး 1 cm အရွယ်ရှိကာ အချင်းက 3 mm လောက်ရှိပါတယ်။ ဒီအရာကို ၁၉၉၀ခုနှစ်လောက်က ရုရှားသုတေသနပညာရှင်တွေက kaluga ဒေသမှာ ရှာဖွေတွေ့ရှိခဲ့ကြခြင်း ဖြစ်ပါတယ်။
ဒီဝက်အူဟာ ကျောက်တုံးထဲမှာ စိုက်ဝင်နေပြီး Xray နဲ့ သေချာလေ့လာတဲ့အခါမှာ ရှေးခေတ်က ရေသတ္တဝါ ကျောက်ဖြစ်ရုပ်ကြွင်း crinoidea trunk မဖြစ်နိုင်ဘူးလို့လည်း အဖြေထွက်ခဲ့ပါတယ်။
ကျောက်တုံးရဲ့ သက်တမ်းဟာ နှစ်ပေါင်း သန်း ၃၀၀ ကနေ ၃၂၀ ကြားမှာရှိတယ်လို့ ဆုံးဖြတ်ပါတယ်။ ဒီပစ္စည်းကို လွန်ခဲ့တဲ့ နှစ်သန်း ၃၀၀ က ဘယ်သူတွေ ထားခဲ့တယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။
ဒီဝက်အူကို ပညာရှင် အများအပြားက အသေးစိတ်လေ့လာခဲ့ပြီး ဒါဟာ သဘာဝအတိုင်း ဖြစ်လာတာမဟုတ်ဘဲ ဖန်တီးထားတဲ့အရာ တစ်ခုအဖြစ် သတ်မှတ်ပါတယ်။
ဒီပစ္စည်းဟာ လက်ရှိ သိပ္ပံပညာနဲ့ ဘယ်လိုမှ ရှင်းပြလို့မရတဲ့ ပစ္စည်းတွေထဲမှာ တစ်ခုပါဝင်ပါတယ်။ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ကမ္ဘာပေါ်မှာ လူသားမဟုတ်တဲ့ အသိဉာဏ်ရှိ သက်ရှိတွေရှိခဲ့တယ်လို့ ယူဆသူတွေက ယူဆကြပါတယ်။
၃။ နမ်ပါရုပ်တု
အလွန်သေးငယ်တဲ့ လူပုံရုပ်တုလေးတစ်ခုကို ၁၈၈၉ ခုနှစ်မှာ ရေတွင်းတူးရင်း နမ်ပါမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရွှံ့နဲ့လုပ်ထားတဲ့ ဒီရုပ်တုဟာ သိပ္ပံပညာရှင်တွေကို ပဟေဠိကြီးကြီး ပေးခဲ့ပါတယ်။
၁ လက်မခွဲလောက်ပဲရှိတဲ့ ဒီရုပ်တုဟာ သက်တမ်းအလွန်ရင့်ပြီဖြစ်ပြီး ပေ ၃၀၀ ( ၉၁ မီတာ ) အနက်က ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အမျိးသမီးပုံ ဖြစ်တယ်လို့ ယူဆရပြီး ဒီအနက်ပေဟာ လွန်ခဲ့သော နှစ်ပေါင်း ၂ သန်းက ဖြစ်တည်ခဲ့တဲ့ မြေလွှာဖြစ်ပါတယ်။
လူသားတွေကလွဲရင် ဒီလိုရုပ်တုမျိုး ဖန်တီးမယ့်သူမရှိနိုင်လို့ အမေရိကမှာ လွန်ခဲ့တဲ့ နှစ် ၂ သန်းလောက်ကတည်းက လူသားမျိုးနွယ်စုတွေ အခြေချ နေထိုင်ခဲ့တယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။
ဒီနမ်ပါရုပ်တုလိုမျိုး လက်ရာနဲ့ ရုပ်တုတွေဟာ သက်တမ်းအရင့်ဆုံး တွေ့ရသမျှ နှစ် ၂ သောင်းနဲ့ ၃ သောင်း ကြားမှာပဲ ရှိကြပါတယ်။ သိပ္ပံပညာရှင်များစွာက ဒီရုပ်တုကို စမ်းသပ်ခဲ့ကြပြီး ဒါဟာ ရှေးဟောင်းရုပ်တု အစစ်အမှန် ဖြစ်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။
ကျွမ်းကျင်သူတွေရဲ့အဆိုအရ ဒါဟာ ပန်းပုပညာရှင်ရဲ့ လက်ရာဖြစ်ပြီး အဝတ်အစား နဲ့ လက်ဝတ်ရတနာလို့ ယူဆရတဲ့ မထင်ရှားတဲ့ အမှတ်အသားအချို့ကိုလည်း တွေ့နိုင်ပါတယ်။
ဒီရုပ်တုကြောင့် လူသားတွေရဲ့ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်သမိုင်းကြောင်းဟာ မှန်ကန်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်စေခဲ့ပါတယ်။
၄ ။ ကျောက်တုံးထဲက အလူမီနီယံ ပစ္စည်းတစ်ခု
ဒီပစ္စည်းဟာ နားလည်ရခက်တဲ့ ရှေးဟောင်းပစ္စည်းနောက်တစ်ခုဖြစ်ပြီး ၂၀၀၉ ခုနှစ်က ရုရှား၊ မော်စကိုမြို့နားက ဆာရာစေဗို (Saraksceevo) ရွာမှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ပထမတော့ ဒါကို ကျောက်တုံးလို့ပဲ ယူဆခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ကျောက်တုံးထဲမှာ ခန့်မှန်းမရနိုင်တဲ့ ပစ္စည်းတစ်ခုကို တွေ့ခဲ့ကြရပါတယ်။
လူလုပ်ထားတဲ့ ပစ္စည်းတစ်ခုလို့ ထင်မြင်ရပြီး ဘာအတွက်သုံးခဲ့တယ်ဆိုတာကို မသိနိုင်တော့ပါဘူး။
ဒီပစ္စည်းဟာ နားလည်ရခက်တဲ့ လူ့သမိုင်းကြောင်းကို သက်သေပြနေပြီး ဆင့်ကဲတိုးတက်မှု ဖြစ်စဉ်ကို လက်မခံသူတွေအတွက် သက်သေပြစရာ ပစ္စည်းတွေ ဖြစ်လာပါတယ်။ တချို့ကတော့ အတိတ်တချိန်က ဒီခေတ်ထက် နည်းပညာပိုမိုတိုးတက်တဲ့ ယဉ်ကျေးမှု ဖွံ့ဖြိုးခဲ့တယ်လို့ ယူဆကြပါတယ်။
၅။ ရှေးဟောင်း ခေါင်းလောင်းသဏ္ဌာန် သတ္တုအိုး
တစ်ကမ္ဘာလုံးမှာ သမိုင်းကြောင်းအရ မကိုက်ညီတဲ့ ရှေးဟောင်း ပစ္စည်း အများအပြား ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒီအထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ ပစ္စည်း တစ်ခုကို ၁၈၅၁ ဇွန်လ ၇ ရက်နေ့မှာ တွေ့ရှိရပါတယ်။ ငွေနှင့် ဇင့် ရောစပ်ဖန်တီးထားတဲ့ သတ္တုအိုး တစ်ခုကို ကျောက်သားထဲက ၁၅ ပေ အနက်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ကျောက်သားရဲ့သက်တမ်းဟာ နှစ်သန်းချီနေပြီဖြစ်ပြီး နောက်ပိုင်းမှာ ဒီအိုးကို ဒေါ်ချက်စတာအိုး (Dorchester pot) လို့ အမည်တွင်ခဲ့ပါတယ်။
အိုးကို နှစ် ၃၀ လောက် စမ်းသပ်ခဲ့ကြပေမယ့် ဘယ်ခေတ်က လက်ရာဖြစ်မယ်ဆိုတာကို မခန့်မှန်းနိုင်ခဲ့ပါဘူး။
၁၅ ပေ အနက်ရှိတဲ့ ကျောက်သားထဲမှာ ဒီအိုး ဘယ်လိုရောက်နေခဲ့တယ်ဆိုတာ ပဟေဠိ တစ်ခုအဖြစ် ရှိနေဆဲပါပဲ။
ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Discussion about this post