Written By Ko Aung Min Thein
(၁)
သူမ.. အပြင်မှာ နောက်ယောက်ျားလေးအသစ်တစ်ယောက် တွေ့နေတာကြောင့် အိမ်ကယောကျာ်းနဲ့ တစ်ကုတင်တည်းမအိပ်ချင်တော့ဘူး။
ဘီဒိုထဲက စောင်နဲ့ ခေါင်းအုံးအသစ်ထပ်ထုတ်ပြီး ယောကျာ်းနဲ့ကုတင်ခွဲအိပ်တယ်။
တစ်ယောက်တည်း ကုတင်အထက်မှာ ချမ်းလွန်းလို့ တုန်နေတယ်။
ယောက်ျားက ချက်ချင်းကုတင်နားလာပြီး သူ့စောင်နဲ့ လဲလိုက်တယ်..
ပြီးတော့ ပြောတယ်..
“ ငတုံးမလေး… အရင်နေ့တွေက ငါနင့်ထက်အရင်စောပြီး အိပ်ရာဝင်တာ ငါ့ကိုယ်ငွေ့နဲ့ အရင်နွေးပေးအောင်လုပ်တာ.. စိတ်ချပါ.. ငါနင့်စောင်မဖယ်ပါဘူး.. ”
သူမ စိတ် အရည်ပျော်သွားသည်။
နောက်နေ့ အပြင်က ချစ်သူနဲ့တွေ့တဲ့အခါသူမက မေးလိုက်သည်။
“ရှင် ကျမကို ချစ်လား” ?
“ အမ်… အင်း… အင်း ချစ်တယ်လေ.. ”
ရုတ်တရက်အမေးကြောင့် သူနည်းနည်းကြောင်သွားသည်။
“ဒါဆို ကျမစောင်ကို ရှင်နွေးထွေးအောင်လုပ်ပေးမှာလား”
သူ ဒီ့ထက်ပိုကြောင်သွားတယ် .. “ ဘယ်လို… ဘယ်ဟာကို….”
သူမ အခန်းတံခါးကိုဆွဲဖွင့်လိုက်ပြီးတစ်ခွန်းလှည့်ပြောလိုက်တယ်..
“ ဒီနေ့ ရှင်နဲ့ ကျမ နောက်ဆုံးပဲ… ဘိုင့်”
[ အချစ်ဆိုတာ ကိုယ်ခန္ဓာရဲ့ အနွေးဓာတ်လေးတစ်ခု ]
(၂)
သူမ ကားမောင်းရင် အာရုံပျံ့လွင့်တတ်တယ်။
ရုံးက ပြန်လာနေတုန်း ပျင်းပျင်းရှိတာနဲ့ ယောက်ျားဆီဖုန်းခေါ်လိုက်တယ်..
ယောက်ျားဆီအမြဲ အဲလိုဖုန်းဆက်တိုင်း “ အင်း… ” တစ်လုံးထက်ပိုမပြောဘူး…
အဲဒါနဲ့ ဖုန်းချပစ်လိုက်ပြီး ကျောင်းနေဖက်သူငယ်ချင်းကို ဖုန်းလှမ်းခေါ်လိုက်တယ်။
တစ်ဖက်က ကျူ တဲ့အဆင့်ထိတက်လာတော့ သူမ အာရုံထွေပြားသွားပြီး ကားတိုက်မှုဖြစ်သွားတယ်။
ဆေးရုံမှာ ယောက်ျားဖြစ်သူက နေ့ညမနား ပြုစုပေးတယ်။
သူမ သတိရလာတော့ ယောက်ျားက သူမလက်ကိုဆုပ်ကိုင်ပြီးပြောတယ်။
“ ဘာဖြစ်လို့ ဒီလောက်ပေါ့ဆရတာလဲဟင်…
နင်ကားမောင်းနေတုန်းငါ စကားတစ်ခွန်းထက်ပိုမပြောဘူးဆိုတာ နင်အခုလို အက်စီးဒင့်ဖြစ်မှာစိုးရိမ်လို့လေ.. နင်က ဒီလောက်အာရုံများတတ်တာ ငါမသိဘဲနေမလား..”
သူမ သူ့လက်ကို တင်းတင်းလေးပြန်ဆုပ်ကိုင်ထားလိုက်သည်၊ ပါးပြင်အထက်ကနေ မျက်ရည်ပူအချို့ စီးဆင်းလာသည်။ ရင်ဘတ်ထဲမှာ နွေးနေသည်။
[ အချစ်ဆိုတာ စကားတစ်ခွန်းထက် ပိုမပြောတာ ]
(၃)
ညအိပ်ခါနီး ယောက်ျားကိုမေးတယ်
“ တကယ်လို့ ရှင်နဲ့ ကျမ အသက်တွေကြီးလာလို့ နှစ်ယောက်ထဲက တစ်ယောက်အရင်သေရမယ်ဆို.. ဘယ်သူ့ကို အရင်သေစေချင်လဲ”
“ ကိုယ့်မိန်းမကို အရင်ပေးသေမှာပေါ့လို့… ”
“ ဟွန်း… အကျင့်မကောင်းဘူး.. ဘာဖြစ်လို့လဲ… ”
“ဘာဖြစ်လို့လဲဆိုတော့ ကိုယ်မရှိတဲ့နေ့ရက်တွေကို မိန်းမ တစ်ယောက်တည်း အထီးကျန်ဆန်ဆန် မဖြတ်သန်းစေချင်ဘူးလေ… ကိုယ့်ကိုပဲဖြတ်သန်းခွင့်ပေးပေါ့”
“ အော်…. ဂလိုလား…. ဒါဆို ကို့မှာ ကုလို့မရတဲ့ ရောဂါရနေတယ်ဆိုရင်ကော… ”
“ အာ… အိပ်တော့… အိပ်ခါနီး ပေါက်ကရလျှောက်တွေးနေတယ်… ”
“ဟာ… ကိုကလည်းကွာ.. ရဖူး.. ပြောပြ.. တကယ်လို့ဆိုရင်ပြောတာ”
“ အဲလိုဆို.. မကုတော့ဘူး.. ”
“ ဘာဖြစ်လို့လဲ .. ”
“ မိန်းမ တစ်ယောက်တည်းကျန်ခဲ့ရင် ငွေရှာရတာ လွယ်လို့လား… ”
[ အချစ်ဆိုတာ ကိုယ်ဘေးဒုက္ခရောက်နေသည့်တိုင်အောင် သင့်အတွက် စိတ်ပူပန်ပေးသေးတာ ]
၄)
သူမ ပန်းသီးကြိုက်တတ်တယ်။
သူ နေ့တိုင်း ပန်းသီးနှစ်လုံးအခွံနွှာတယ်၊ တစ်ယောက်တစ်လုံးပေါ့၊ သူမကလည်း ဒါကို ရိုမက်တစ်ဆန်တယ်လို့ တွေးပြီး နှစ်ခြိုက်တယ်။
ဒါပေမယ့် တစ်ခုမကြိုက်တာက အမြဲတမ်း သူက ပန်းသီးတစ်လုံးဆီကို တစ်ကိုက်ဆီကိုက်ပြီးမှ သူကိုက်ပြီးသားမှ သူမကို ပေးတာပဲ.. ဒါကို စိတ်ထဲမှာ မေးချင်နေပေမယ့် အောင့်ထားတာကြာပြီ။
တစ်ရက်.. သူ ဖုန်းသွားကိုင်တုန်း
စားပွဲပေါ်တင်ထားခဲ့တဲ့ သူ့ပန်းသီးကို သူမ တစ်ကိုက်ပြန်သွားကိုက်လိုက်တယ်၊
အရသာက ကိုယ်စားနေကျ ပန်းသီးလောက် မချိုဘူးဖြစ်နေတယ်။
မျက်ရည်နွေးလေးက သူမ ပါးပြင်ထက်က စီးဆင်းလာတယ်…
[ အချစ်ဆိုတာ သင့်အတွက် ကောင်းတာလေးကိုပဲချန်ထားတာ ]
(၅)
သူက သူမကိုမေးတယ်၊ “ ငါ့ဘောင်းဘီအိတ်ထဲမှာ သကြားလုံးဘယ်နှစ်လုံးရှိသလဲ မှန်းကြည့်”
သူမက ဖြေတယ် “ ဖြေတာမှန်ရင် ကျွေးမှာလားပြော”
သူခေါင်းညိတ်ပြီး ပြန်ဖြေတယ် .. “ အင်း.. မှန်ရင် နှစ်လုံးကျွေးမယ်”
သူမ တံတွေးကိုမြိုချလိုက်ပြီးပြောတယ်၊ “ ၅ လုံး ရှိတယ် ”
သူက ရယ်ပြီး သူမလက်ထဲကို သကြားလုံးထိုးထည့်ပေးပြီးပြောလိုက်တယ်
“ သုံးလုံးအကြွေးမှတ်ထား ”
[ အချစ်ဆိုတာ သင့်လောဘစိတ်သေးသေးလေးကအစ လိုက်ဖြည့်ဆည်းပေးတာ ]
(၆)
ကုလားထိုင်ပေါ်မှာ အဖိုးကြီးတစ်ယောက် မှိန်းပြီး အနားယူနေသည်။
အဘွားကြီးက အဖိုးကြီးလက်ကို လာဆွဲပြီးပြောတယ်
“ အဖိုးကြီးရေ… ကျုပ်အခု တော့်ကို တောင်းပန်းစရာတစ်ခုရှိတယ်အေ…
အဲဒီနှစ်မှာ.. ကျုပ်ကို ကျုပ်ငယ်ရည်းစားပြန်လာရှာတယ်၊ သူကပြောတယ်.. ကျုပ်ကိုချစ်သေးတုန်းပဲတဲ့… အခု ကျုပ်ကိုလာပြန်ခေါ်တာတဲ့၊
ကျုပ်လည်း အဲဒီတုန်းက သူ့အပေါ်ချစ်သေးသလိုတော့ရှိသား…
ဒါနဲ့ပဲ သူနဲ့လိုက်သွားဖို့ အထုပ်အပိုးပြင်မလို့ အိမ်ကိုပြန်လာတယ်၊
အိမ်ထဲဝင်လိုက်တာနဲ့ မီးဖိုချောင်က ကြက်ပေါင်းရည်ပြုတ်နေတဲ့ တော့်ကို တွေ့လိုက်ရတော့တာပဲ.. တော် တောင်ပြောသေးတယ်
” ကျုပ် အခုတလော စိတ်ကယောင်ချောက်ခြားဖြစ်နေလို့တဲ့၊ အားရှိသွားအောင်ပြုတ်ပေးတာတဲ့ ”
“ အဲတုန်းက ကျုပ် အိပ်ခန်းထဲတန်းပြေးဝင်သွားပြီး ငိုချင်းချတော့တာပဲ
အဲဒီတုန်းက ကျုပ်ဆုံးဖြတ်ခဲ့တယ်.. တော့်ကို မခွဲသွားတော့ဘူးလို့… ”
အဖိုးကြီးက မျက်လုံးကို မှေးနေအောင်ရယ်လိုက်ပြီး ပြန်ဖြေတယ်၊
“ အဖွားကြီးရ… ဒီကိစ္စကို ငါ အစောကြီးတည်းကသိနေတယ်..
အဲတုန်းက နင်တို့ နှစ်ယောက် အပြန်အလှန်ပို့ခဲ့တဲ့စာတွေငါ ခိုးဖတ်ခဲ့တယ်၊
အဲဒီကြက်ပေါင်းရည်ကလည်း နင်သွားတော့မယ်ဆိုတာ ငါသိနေလို့ နောက်ဆုံးအနေနဲ့ ငါ့ဘက်က တတ်နိုင်တာလုပ်ပေးတာ၊
ဗိုက်ထဲအစာမရှိပေမယ့် ကြက်ပေါင်းရည်လေးသောက်ထားတော့ ကားမူးနည်းနည်းသက်သာတာပေါ့. .. နင်ငယ်ငယ်က ကားအရမ်းမူးတတ်တယ် မဟုတ်လား… ”
ပါးရေတွန့်နေတဲ့ အဘွားကြီး မျက်နှာမှာ မျက်ရည်တွေနဲ့စိုရွှဲသွားတယ်..
ခဏနေတော့ အဘွားကြီးကပြောတယ်…
“ အဖိုးကြီး…
ကျုပ်ဒီတစ်သက်လုပ်ခဲ့ဖူးသမျှကိစ္စမှာ အမှန်ဆုံးကိစ္စကတော့.. အဲဒီနှစ်က တော့ကို မခွဲသွားခဲ့တာပဲ.. ”
ယောကျာ်းလေး တစ်သက်လုံးသိမှာ မဟုတ်ဘူး၊
မိန်းကလေးတွေ ဘာတွေတွေးနေတယ်ဆိုတာ။
မိန်းကလေး တစ်သက်လုံးသိမှာမဟုတ်ဘူး၊
ယောက်ျားလေးတွေ ဘာလိုချင်သလဲဆိုတာ။
အရမ်းကို လက်ရာသေသပ်လှပတဲ့အချစ်တိုင်းက အကျိုးအကြောင်းမရှိဘဲဖြစ်ပေါ်လာကြတယ် ဆိုတာမရှိပါဘူး..။
ကောင်းတဲ့ကံကြောင့်ပဲဖြစ်ဖြစ်၊ ဆိုးတဲ့ကံကြောင့်ပဲဖြစ်ဖြစ်
အဲဒီလူနှစ်ယောက်ချစ်နေတဲ့ အချစ်တစ်ခုထဲကိုသာ ရှေ့တန်းတင်ပြီး နားလည်ပေးမယ်၊ အချင်းချင်းခွင့်လွှတ်ဖာထေးပေးမယ်ဆိုမှသာ အချစ်ရဲ့ တကယ့်နောက်ခံပိတ်ကားအစစ်အမှန်ပေါ့…
အချစ်ဆိုတာ ထင်တာထက် နက်နဲတယ်ဟုတ်..
ချမ်းသာသုခဆိုတာ ဗလိုင်းကြီး ဖြစ်မလာပါဘူး၊
သင်က စိတ်ရှည်ရှည်နဲ့ ဖြေးဖြေးချင်းပြုစုပျိုးထောင်ပေးမှသာရရှိမှာပါ။
သံယောဇဉ်က ကြီးထွားတတ်တာ – ပျိုးထောင်ပေါ့ …
wish all u can find love,
the true love ,
peace.
Aung Min Thein
Discussion about this post