ရေးသားသူ – ချော(အစိမ်းရောင်လွင်ပြင်)
ရုတ်တရက်ကြည့်ရင် ဂြိုလ်သားတွေ ဖန်တီးထားသကဲ့သို့ ထူးဆန်းစွာဖြင့် သစ်ပင်ကြီးတစ်ခုလုံး အကောင်တွေ တက်နေတယ်လို့ ထင်ရလောင်အောင် ပင်စည်ပေါ်မှာ ပြွတ်သိပ်စွာသီးတတ်တဲ့ အသီးတစ်မျိုးက ဘရာဇီးလ်စပျစ်သီးခေါ် Jabuticaba ဖြစ်ပါတယ်။ ဘရာဇီးစပျစ် (Brazilian grape) လို့သာခေါ်ပေမယ့် သူ့ရဲ့မျိုးရင်းကတော့ သပြေမျိုးရင်း Myrtaceae မှာပါဝင်ပါတယ်။
ဘရာဇီလ်းနိုင်ငံတွင် အထူးထင်ရှားသောအသီး ဖြစ်သောကြောင့် ဘရာဇီးလ်စပျစ်သီးဟု ခေါ်ဆိုကြသော်လည်း ပါရာဂွေး၊ အာဂျင်တီးနားနဲ့ဘရာဇီးလ်စတဲ့ တောင်အမေရိက ဒေသတစ်ဝိုက်မှာ ပေါက်ရောက်တဲ့အပင် ဖြစ်ပါတယ်။ အရည်ရွှမ်းတဲ့ အသီးဖြစ်ပြီး ရင့်မှည့်ချိန်မှာ ခရမ်းရင့်ရောင် ရှိကာ အပင်ကနေ ခူးဆွတ်ပြီး အလွယ်တကူ စားသုံးနိုင်ပါတယ်။ ချိုသောအရသာရှိပြီး ဂျယ်လီပြုလုပ်ရာတွင် ပါဝင်ပစ္စည်းအဖြစ် ထည့်သွင်းအသုံးပြုကြပါတယ်။
အပင်ပေါ်တွင် ရင့်မှည့်နေသော အသီးကို ခူးဆွတ်ပြီးပါက ၃ရက်ခန့်အကြာတွင် ၎င်းအသီးများဟာ အချဉ်ပေါက်စ ပြုလာတတ်တဲ့အတွက်လည်း ကြာရှည် အထားမခံသောအသီး ဖြစ်တာကြောင့် အမြန်ဆုံး ယိုထိုးခြင်း၊ ဖျော်ရည်အဖြစ် ပြုလုပ်ရောင်းချခြင်းနဲ့ ဝိုင်၊ အရက်အပြင်းစား စသည်တို့ကိုလည်း ချက်လုပ်ကြပါတယ်။
ကြီးထွားမှုနှုန်းနှေးကွေးကာ တဖြည်းဖြည်းကြီးထွားတဲ့အပင်မျိုးဖြစ်ပြီး အကိုင်းအခက်တွေကို မချိုးဘူး မခုတ်ဘူးဆိုရင်တော့ ၁၅မီတာ အမြင့်ထိအောင် ရောက်ရှိနိုင်ပါတယ်။ အပင်ငယ်စဉ်ကာလမှာ ဒီအပင်ရဲ့ သစ်ရွက်တွေဟာ ပန်းလိမ္မော်ရောင် သန်းနေပေမယ့် အရွယ်ရောက်လာတဲ့အခါ အစိမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားပါတော့တယ်။ အပင်က အစေ့နဲ့စိုက်ရင် ၁၀ နှစ်လောက်နေမှ အသီးသီးပြီး ပျိုးပင်နဲ့ စိုက်ရင်တော့ ၅ နှစ်အတွင်း အသီးသီးပါတယ္။
အပင်တစ်ပင်ကြီးထွားလာဖို့ နှစ်များစွာ စောင့်ဆိုင်းရသော်လည်း အသီးသီးလာချိန်မှာတော့ တစ်ပင်လုံးပြွတ်အောင် သီးတတ်တာမို့ စိုက်ပျိုးထားသူများအတွက် အချိန်ကုန်ခံရကျိုးနပ်စေပြီး စိတ်ကျေနပ်မှု ရစေပါတယ်။ စွတ်စို၍ အက်စစ်ဓာတ်ရှိသော မြေအမျိုးအစားကို နှစ်သက်ပြီး တစ်နှစ်ကို ၂ကြိမ် အပွင့်ပွင့်တတ်ပါတယ်။ အပွင့်ပွင့်ဖို့အတွက် ရိုးတံရှိစရာမလိုဘဲ ပင်စည်ပေါ်နဲ့ သစ်ကိုင်းတွေပေါ်မှာတင်ဘဲ ပွင့်လာတာဖြစ်ပါတယ်။
အပင်ကို ရေအမြဲတမ်းလောင်းပေးပြီး စနစ်တကျ စိုက်ပျိုးထားပါက တစ်နှစ်ပတ်လုံး အသီးအပွင့်များ မပြတ်အောင် သီးတတ်တဲ့အပင်မျိုးဖြစ်ပါတယ်။ အသီးအရွယ်အစားသည် ၄စင်တီမီတာခန့် ရှိပြီး အတွင်းတွင် အစေ့ကြီး ၄ခုခန့် ပါရှိပါတယ်။
ဒီစပျစ်သီးဟာ ဘရာဇီးဈေးကွက်မှာတော့ လူကြိုက်များတဲ့သစ်သီးတစ်မျိုးဖြစ်ပြီး အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချခြင်းကိုလည်း ပြုလုပ်ပါတယ်။ သိုလှောင်သိမ်းဆည်းနိုင်တဲ့သက်တမ်း တိုတောင်းလွန်းတာကြောင့် အမေရိက တဝိုက်ကလွဲလို့ အခြားဒေသတွေမှာ ဒီအသီးတွေကို မြင်တွေ့ရဖို့အလွန်ခက်ပါတယ်။
အသီး၏ အတွင်းသားကို စားသုံးပြီး အခွံကို အခြောက်ခံကာ ပန်းနာရင်ကြပ်ရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ကို ကုသရာတွင် အသုံးပြုကြပါတယ်။ အာသီးယောင်ခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်တယ်လို့ သိရပါတယ်။ ထို့အပြင် ၎င်းအသီးမှာ ကင်ဆာကို တိုက်ဖျက်နိုင်သော ဓါတ်ပေါင်းများကိုလည်းတွေ့ရှိရပါတယ်။ ထို့ကြောင့်လည်း ထူးဆန်းတဲ့ ပုံသဏ္ဍာန်ရှိသော်လည်း ဆေးဘက်ဝင်ပြီး အသုံးတည့်သော အပင်တစ်မျိုးဖြစ်ပါတယ်။
ချော(အစိမ်းရောင်လွင်ပြင်)
Discussion about this post