ဟာရှီးမားကျွန်းကို ဂန်ကန်ဂျီးမား (Gunkanjima) ကျွန်းလို့လည်း ခေါ်ဝေါ်ကြပါတယ်။ Gunkanjima ဆိုတာ စစ်သင်္ဘောကျွန်းလို့ အဓိပ္ပါယ်ရပါတယ်။ ဂျပန်ရေတပ်ရဲ့ နာမည်ကျော်စစ်သင်္ဘော Tosa ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီအမည်ကိုပေးထားခြင်း ဖြစ်ပါတယ်။
ဒီကျွန်းဟာ ဂျပန်နိုင်ငံတောင်ပိုင်းမြို့ဖြစ်တဲ့ နာဂါစကီမြို့ရဲ့ ၉မိုင်အကွာမှာရှိပြီး နာဂါစကီပိုင်တဲ့နယ်ထဲက လူမနေထိုင်တဲ့ ကျွန်းပေါင်း ၅၀၀ကျော်ထဲက တစ်ကျွန်းဖြစ်ပါတယ်။
ဒီကျွန်းရဲ့ထူးခြားချက်ကတော့ ကျွန်းပေါ်မှာ အဆောက်အအုံများစွာ ရှိနေပြီး ၊ ပင်လယ်နဲ့ ကျွန်းကြားများ အုတ်တံတိုင်းတွေ ကာရံထားတာပါ။ ကျွန်းရဲ့အကျယ်ကတော့ စတုရန်းပေ ၇သောင်းဝန်းကျင်ခန့်ပဲ ရှိပါတယ်။ ဒီကျွန်းမှာ လူသူကင်းမဲ့တဲ့ အဆောက်အအုံ အပျက်အစီးများနဲ့ ခြောက်ချားဖွယ်ဖြစ်နေတာကြောင့် တစ္ဆေကျွန်းလို့လည်း ခေါ်ဝေါ်ကြပါတယ်။
တစ်ချိန်ကတော့ ဒီကျွန်းဟာ ပင်လယ်အောက်က ကျောက်မီးသွေးတွေကို တူးဖော်ထုတ်လုပ်တဲ့နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီနေရာတစ်ဝိုက်မှာ ကျောက်မီးသွေးတွေရှိနိုင်တယ် ဆိုတာကို ၁၈၁၀ခုနှစ်တည်းက သိခဲ့ပေမယ့် ၁၈၈၇ ခုနှစ်တိုင်အောင် စွန့်ပစ်ကျွန်းအနေအထားပဲ ရှိခဲ့ပါတယ်။
ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းလုပ်ဖို့အတွက် ၁၈၈၇ခုနှစ်မှာမှ ဒီကျွန်းကို စတင်အခြေချခဲ့ပါတယ်။ အဲဒီအချိန်က ဂျပန်မှာ စက်မှုလုပ်ငန်းတွေ စတင်ထွန်းကားနေတဲ့ အချိန်ပါ။ ၁၈၉၀ခုနှစ်မှာတော့ ဒီကျွန်းကို Mitsubishi ကုမ္ပဏီက ဝယ်ယူခဲပြီး ပင်လယ်အောက်မိုင်းတွင်းနေကနေ ကျောက်မီးသွေးတွေကို ဆက်ထုတ်ခဲ့ပါတယ်။
အဆောက်အအုံတွေ တံတိုင်းတွေကိုလည်း ဆောက်လုပ်ခဲ့ပါတယ်။ ပထမဆုံး ဆောက်လုပ်တဲ့ အကြီးဆုံး အဆောက်အအုံက ၇ထပ်ရှိတဲ့ တိုက်ခန်းတွဲကြီးဖြစ်ပါတယ်။ တူးဖော်ရေးဝန်ထမ်းတွေကို အဆင့်အလိုက် ဒီအဆောက်အဦးမှာနေထိုင်စေဖို့ ဖြစ်ပါတယ်။ အဲဒီကစလို့ နောက်နှစ်ပေါင်း ၅၅နှစ်အထိ အဆောက်အအုံများကို တစ်လုံးပြီးတစ်လုံးဆောက်ခဲ့ပါတယ်။
အဲဒီအထဲမှာ ကျောင်း ၊ ဆေးရုံ ၊ မြို့ခန်းမ ၊ ပေါင်းဆုံရေးစင်တာတစ်ခု သာမက ရုပ်ရှင်ရုံ ၊ မူကြို ၊ ရေကူးကန် ၊ ခေါင်မိုးဥယျာဉ် ၊ ဈေးဆိုင် နဲ့ ဂိမ်းဆိုင်တွေတောင် ပါဝင်ပါသတဲ့။ ပင်လယ်ထဲမှာ ရှိတာကြောင့် အဆောက်အဦးတွေကို တိုက်ဖွန်းမုန်တိုင်းခံနိုင်တဲ့အထိ ခိုင်ခံစွာဆောက်လုပ်ခဲ့ပါတယ်။
ဒီကျွန်းမှာ အလုပ်လုပ်ရတဲ့သူ အများစုကတော့ စစ်မှုမထမ်းမနေရစနစ်နဲ့ ရောက်ရှိလာတဲ့ ကိုရီးယားလူမျိုးတွေ နဲ့ တရုတ်စစ်သုံ့ပန်းတွေဖြစ်ပါတယ်။ တဖြည်းဖြည်း နေထိုင်သူ များပြားလာခဲ့ပြီး ၁၉၅၉ခုနှစ်မှာတော့ နေထိုင်သူပေါင်း ၅၂၅၉ဦး အထိ ရှိလာပြီး အလွန်စည်ကားခဲ့တဲ့ ကျွန်းဖြစ်ခဲ့ပါတယ်။ လူဦးရေသိပ်သည်းမှုဟာ ဂျပန်နိုင်ငံထက်တောင် ၉ဆပိုပြီး ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် ကုမ္ပဏီအရာရှိတွေရဲ့ မတရားခိုင်းစေမှုတွေအပြင် အမျိုးမျိုးသော အန္တရာယ်တွေကြောင့် လုပ်သားပေါင်း ၁၃၀၀ ဝန်းကျင်ခန့် သေဆုံးခဲ့ရပါတယ်။ အလုပ်သမားတွေ ဘယ်လောက်ဒုက္ခခံခဲ့ရသလဲ ဆိုတဲ့အကြောင်းကို ကိုရီးယားက The Battleship Island ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတာရှိပါတယ်။
၁၉၆၀၀န်းကျင်မှာ ကျောက်မီးသွေးအစား ရေနံတွေကို စတင်အသုံးပြုလာကြပါတယ်။ ဒါ့အပြင် ၁၉၇၄ခုနှစ်မှာတော့ ကျွန်းက ကျောက်မီးသွေးထုတ်လုပ်နိုင်စွမ်းကလည်း အလွန်နည်းပါးလာခဲ့တာကြောင့် မကြာမီမှာပဲ ကျောက်မီးသွေးတွင်းတွေကို ပိတ်လိုက်ပြီး နေထိုင်သူအားလုံးလည်း ကျွန်းကို စွန့်ပစ်သွားကြပါတော့တယ်။ ၁၈၉၁ခုနှစ်ကနေ ၁၉၇၄ခုနှစ်အထိ ဒီကျွန်းကနေ ကျောက်မီးသွေးတန်ချိန်ပေါင်း ၁၅.၇ သန်း ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။
အဲဒီအချိန်က စလို့ ဒီကျွန်းဟာ ၁၀စုနှစ် ၃ခုလောက် လူသူအရောက်အပေါက်မရှိတဲ့ ကျွန်းဖြစ်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှာတော့ ဒီကျွန်းရဲ့ အဆောက်အဦး အပျက်အစီး ဓာတ်ပုံတွေကို တွေ့ကြရာက တစ်ဆင့် ဒီကျွန်းကို ပြန်လည်စိတ်ဝင်စားလာကြပါတယ်။ ဒီလို စိတ်ဝင်စားမှုကနေ ဟာရှီးမားကျွန်းဟာ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။
အဆောက်အဦးတွေ နဲ့ တံတိုင်းတွေကို ထိမ်းသိမ်းဖို့ ခဏပိတ်ထားပြီး ၂၀၀၉ခုနှစ်မှာတော့ ခရီးသွားတွေအတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ၂၀၁၅ခုနှစ် ဇူလိုင်မှာတော့ ဒီကျွန်းဟာ ဂျပန် Meiji စက်မှုတော်လှန်ရေးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခု အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
ယနေ့မှာတော့ ခရီးသွားတွေ မကြာခဏသွားလေ့ရှိတဲ့နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ခရီးသွားကုမ္ပဏီ အနည်းငယ်က မြန်နှုန်းမြင့် သင်္ဘောတွေနဲ့ ဝန်ဆောင်မှုပေးနေပြီး သင်္ဘောတွေကတော့ နာဂါစကီဆိပ်ကမ်းကနေ ထွက်ခွာပါတယ်။ ဒါပေမယ့် ဒီအတိုင်းသွားလည်လို့ မရပဲ ၊ ဂိုက်တွေနဲ့ သွားလည်မှ အဆင်ပြေမှာပါ။
အဆောက်အအုံတွေရဲ့ ခိုင်ခံ့မှုဟာ အားနည်းနေပြီဖြစ်တဲ့အတွက် ရှောင်ရှားသွားနိုင်ဖို့လိုအပ်လို့ ဖြစ်ပါတယ်။ ငယ်ရွယ်လွန်းတဲ့ ကလေးတွေနဲ့ အချစ်တော်တိရစ္ဆာန်လေးတွေကိုလည်း ခေါ်သွားလို့မရပါဘူး။ သွားလည်မယ့်သူဟာလည်း ကိုယ်ခံအားကောင်းဖို့ လိုတယ်လို့ သိရပါတယ်။
VIDEO
Discussion about this post