ဟမ်းဘတ်မြို့တော်ဟာ ဥရောပတိုက်၊ ဂျာမနီနိုင်ငံမှာ ဘာလင်မြို့တော်ပြီးရင်တော့ ဒုတိယမြောက်အကြီးဆုံးမြို့တော်ကြီးအဖြစ် တည်ရှိပါတယ်။ ဟမ်းဘတ်လို့သာ အလွယ်တကူခေါ်ကြပေမယ့် မြို့တော်ရဲ့ တရားဝင်အမည် အပြည့်အစုံကတော့ Free and Hanseatic City of Hamburg ဖြစ်ပြီး ဂျာမနီနိုင်ငံမြောက်ဘက်စွန်းပိုင်းဒေသက အဲဘ်မြစ်ကမ်းပေါ်မှာတည်ရှိပါတယ်။ ကမ္ဘာပေါ်က အသန့်ရှင်းဆုံး နဲ့ ပတ်ဝန်းကျင်ထိမ်းသိမ်းမှု အားအကောင်းဆုံးမြို့တွေထဲမှာလည်း ပါဝင်ပါတယ်။
(၂၀၁၉)ခုနှစ်စာရင်းတွေအရတော့ ဟမ်းဘတ်မြို့တော်ရဲ့ လူဦးရေဟာ (၁.၉)သန်းလောက်အထိကိုရှိနေပြီး ဥရောပမြို့တော်ကြီးတွေအနက်မှာတော့ (၈) မြို့မြောက်လူဦးရေအထူထပ်ဆုံးနိုင်ငံအဖြစ်ရှိနေပါတယ်။ အကျယ်အဝန်းအားဖြင့် ဟမ်းဘတ်ဟာ (၂၉၂) စတုရန်းမိုင်ကျယ်ဝန်းကာ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၂၆)ခန့်အကွာမှာတည်ရှိနေပါတယ်။
ဟမ်းဘတ်မြို့တော်ရဲ့သမိုင်းကြောင်းတွေမှာတော့ (၉)ရာစုကာလက ဆက်ဆွန်မျိုးနွယ်စုတွေ စတင် အခြေချနေထိုင်လာရာကနေစတင်လာခဲ့ပါတယ်။ အလယ်ခေတ်ကာလရောက်ချိန်မှာတော့ ဟမ်းဘတ် ဟာဥရောပတိုက်ရဲ့ ကုန်သွယ်ရောင်းဝယ်မှုလုပ်ငန်း ဆိုင်ရာ အချက်အချာနေရာအဖြစ်ရောက်ရှိလာခဲ့ပါတယ်။ ယင်းကာလကအရောင်းအဝယ်လုပ်ငန်းပြုလုပ်ရာမှာ အရေးပါတဲ့ဆိပ်ကမ်းတွေရှိတဲ့အပြင် အခြားဆက်သွယ်ရေးလမ်းကြောင်းဆုံရာနေရာမှာ ရပ်တည်နေတာကြောင့်လည်း ဟမ်းဘတ်ဟာ စီးပွားရေးကနေ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ထွန်းကားတဲ့ ဥရောပမြို့တော်ကြီးအဖြစ်ရပ်ရာစုနှစ်များစွာရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အလယ်ခေတ်ကာလ ကုန်သွယ်စီးဆင်းမြို့တော်တွေအနက်တစ်ခုအပါအဝင် ဖြစ်ခဲ့သလို မြင့်မြတ်သော ရောမအင်ပါယာ(Holy Roman Empire) ရဲ့မြို့တော်တွေအနက်က တခုအဖြစ်လည်းပါဝင်ခဲ့တာကို တွေ့ရပါတယ်။
(၁၈၁၅)ခုနှစ်ကနေ (၁၈၆၆)ခုနှစ်ကာလအထိ ဟမ်းဘတ်ဟာ ဂျာမန်ကွန်ဖက်ဒရေးရှင်းနိုင်ငံတော်ရဲ့ အချုပ်အချာအာဏာပိုင် ပြည်နယ်တစ်ခုအဖြစ်လည်း ကောင်း၊ (၁၈၆၆)ကနေ (၁၈၇၁)ကာလအထိ မြောက်ဂျာမန်ကွန်ဖက်ထရေးရှင်းရဲ့ပြည်နယ်အဖြစ်လည်း ကောင်း၊ (၁၈၇၁) ကနေ (၁၉၁၈)ခုနှစ်ကာလအထိ ဂျာမန်အင်ပါယာအတွင်းကနယ်မြေအဖြစ်လည်းကောင်း၊ (၁၉၁၈) ကနေ (၁၉၃၃) ကာလအထိ Weimar သမ္မတနိုင်ငံတော်နယ်မြေအဖြစ်လည်းကောင်းရပ်တည်ခဲ့ပါတယ်။
နာဇီတွေကြီးစိုးတဲ့ (၁၉၃၃)ခုနှစ်ကနေ (၁၉၄၅)ကာလအထိလည်း ဟမ်းဘတ်ဟာ ပြည်နယ်မြို့တော်အဖြစ်ရှိနေခဲ့ပြန်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလပြီးဆုံးချိန်မှာတော့ ဟမ်းဘတ်ဟာ ဗြိတိန်ဦးဆောင်တဲ့ အနောက်အုပ်စုအဓိကထိန်းချုပ်ရာနယ်မြေအတွင်း ပါဝင်လာခဲ့ပြီး (၁၉၄၉)ခုနှစ်အထိတည်ရှိခဲ့တဲ့ အနောက်ဂျာမနီရဲ့ပြည်နယ်မြို့တော်တစ်ခုဖြစ်လာခဲ့ပါတယ်။ယနေ့ကာလမှာဆိုရင်လည်း ဟမ်းဘတ်ဟာ ကုန်သွယ်စီးပွားလုပ်ငန်းတွေ၊ ယဉ်ကျေးမှုအနုပညာအမွေအနှစ်အဆောက်အအုံတွေ၊ စက်မှုနဲ့သိပ္ပံနည်းပညာဆိုင်ရာ လုပ်ငန်းတွေအခြေချတဲ့ ကမ္ဘာထိပ်တန်းမြို့တော်ကြီးတွေအနက်က တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။
ဟမ်းဘတ်မြို့တော်သမိုင်းကြောင်းနဲ့တွဲလျက်ပါဝင်နေတဲ့ ဟမ်းဘတ်ပင်လယ်ဆိပ်ကမ်းဟာဆိုရင် ဂျာမနီနိုင်ငံရဲ့ အကြီးဆုံးသော ပင်လယ်ဆိပ်ကမ်းဖြစ်ပြီး ဂျာမန်နိုင်ငံတော်နဲ့ ကမ္ဘာကြီးကိုဆက်သွယ်ပေးတဲ့ လမ်းကြောင်း Gateway to the World(Tor zur Welt) လို့လည်းလူသိများပါတယ်။ ပထမဖရက်ဒရစ်ဘုရင်က (၁၁၈၉)ခုနှစ်၊မေလ(၇)ရက်နေ့မှာ တည်ဆောက်ပေးခဲ့ပြီး ဥရောပအလယ်ပိုင်းဒေသရဲ့ အဓိကသင်္ဘောဆိပ်ကမ်းကြီးအဖြစ် ရာစုနှစ်များစွာရပ်တည်နိုင်ခဲ့ပြီး ဟမ်းဘတ်မြို့တော်ကြီးရဲ့ ကြွယ်ဝ ချမ်းသာမှုအားလုံးဟာ အဲဒီဆိပ်ကမ်းကြီးကို အမှီပြု ဖြစ်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။
ဟမ်းဘတ်ဆိပ်ကမ်းအတွင်းက ဟာဖန်စီးတီးရပ်ကွက်အတွင်းပါဝင်နေတဲ့ Spelchersradt ကုန်သိုလှောင် ရုံကြီးဟာဆိုရင်လည်း ဝက်သစ်ချသစ်သားလုံးတွေ နဲ့တည်ဆောက်ထားတဲ့ကမ္ဘာအကြီးဆုံးကုန်လှောင်ရုံ ကြီးအဖြစ်ရပ်တည်လျက်ရှိပါတယ်။ (၁၈၈၃)ခုနှစ်ကနေ (၁၉၂၇)ခုနှစ်ကာလတွေအတွင်း တည်ဆောက်ခဲ့တာဖြစ်ပြီး (၂၀၁၅)ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့ကတည်းက Kontorhaus District နယ်မြေနဲ့အတူပူးတွဲပြီး ယူနက်စကိုရဲ့ကမ္ဘာအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
ဟမ်းဘတ်မြို့ရဲ့အခြားထင်ရှားတဲ့အပိုင်းကတော့ Kontorhaus District ဖြစ်ပြီး Altstadt အရှေ့တောင်ဘက်ပိုင်းမှာတည်ရှိပါတယ်။ အဲဒီလမ်းပိုင်းဟာဆိုရင် (၂၀)ရာစုအစောပိုင်းကာလကတည်ဆောက်ခဲ့တဲ့ အုတ်အဆောက်အအုံတည်ဆောက်ပုံဆန်းတွေနဲ့ပြည့်နှက်လျှက်ရှိပြီး သမိုင်းဝင်နယ်မြေတစ်ခုဖြစ်ပါတယ်။
St. Michael’s Church ကိုတော့ မီချယ်ဘုရားကျောင်းလို့လည်းသိကြပြီး ဟမ်းဘတ်မြို့တော်ရဲ့ လူသာရမ်ဘုရားရှိခိုးကျောင်း(၅)ကျောင်းအနက်မှာတော့ အထင်ရှားဆုံးသောဘုရားကျောင်းကြီးဖြစ်ပါတယ်။ ဟမ်းဘတ်ရဲ့အမှတ်အသားအဆောက်အအုံအဖြစ်လည်းသတ်မှတ်နိုင်ပြီး Archangel Michael (ကောင်းကင်တမန်နတ်မင်းကြီး)ကိုရည်ညွှန်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဘုရားကျောင်းရဲ့မုဒ်ဝပေါ်မှာ အလွန်ကြီးမားတဲ့ မိစ္ဆာတွေကိုအောင်နိုင်ခဲ့တဲ့ Archangel Michael ရဲ့ကြေးရုပ်တုကြီးကိုမြင်တွေ့ရမှာဖြစ်ပါတယ်။
Elbphllharmonle ဆိုတာကတော့ ဟမ်းဘတ်မြို့တော်ရဲ့ အထင်ကရ တေးဂီတဖြေဖျော်ပွဲကျင်းပရာ ခန်းမကြီးဖြစ်ပြီး ကမ္ဘာအကြီးဆုံး ဂီတပွဲတော်တွေကျင်းပရာခန်းမတွေအနက်က တစ်ခုလည်းဖြစ်ပါတယ်။ ဖန်သားတွေနဲ့တည်ဆောက်ထားပြီး water wave ၊hoisted sail၊ iceberg (or) crystal တွေနဲ့ဒီဇိုင်းပုံဖော်ထားတာကိုလည်းတွေ့ရပါတယ်။(၁၉၆၃)ခုနှစ်ကာလကတည်းကတည်ဆောက်ခဲ့တဲ့ Kaispeicher A ကုန်သိုလှောင်ရုံကြီးရဲ့အပေါ်ထပ်မှာတည်ရှိပြီး (၃၅၄)ပေ မြင့်မားကာ ဟမ်းဘတ်မြို့တော်ရဲ့အမြင့်ဆုံးသောအဆောက်အအုံတွေအနက်က တစ်ခုအဖြစ်ရပ်တည်နေပါတယ်။
ဟမ်းဘတ်မြို့တော်ရဲ့ထင်ရှားတဲ့ အနုပညာပြတိုက် တစ်ခုကတော့ Hamburger Kunsthalle ဖြစ်ပြီး ဂျာမနီတစ်နိုင်ငံလုံးမှာလည်းအကြီးဆုံးသောပြတိုက် အဖြစ်ရပ်တည်နေပါတယ်။ Kunsthalle ဆိုတာကတော့ ယင်းနေရာမှာ (၁၈၅၀)ခုနှစ်ကတည်ဆောက်ခဲ့တဲ့ အနုပညာပြခန်းရဲ့အမည်ဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ Kunsthalle ပြတိုက်ဟာဂျာမနီနိုင်ငံတွင်းကရှားပါးပြတိုက်အမျိုးအစား စာရင်းမှာပါဝင်နေပြီး (၇)ရာစုကာလ၊ အလယ်ခေတ်ကာလနဲ့ လက်ရှိအချိန်ထိဂျာမနီရဲ့နာမည်ကျော် အနုပညာလက်ရာအမွေအနှစ်များစွာပြသထားရှိတဲ့ ပြတိုက်ကြီးအဖြစ်လည်းရှိနေပါတယ်။
Tiperpark Hagenbeck ဆိုတာကတော့ ဟမ်းဘတ်မြို့တော် Stellingen ရပ်ကွက်မှာတည်ရှိနေတဲ့တိရိစ္ဆာန်ရုံကြီးဖြစ်ပါတယ်။ တိရိစ္ဆာန်မွေးမြူစုဆောင်းသူ Carl Hagenbeck Sr.( 1810 -1887) တိရိစ္ဆာန်ရုံလေးကနေစတင်ပြီး (၁၈၆၃)ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တဲ့ယင်းပြတိုက်ဟာ ယခုချိန်မှာတော့ ဟမ်းဘတ်မြို့တော်ရဲ့အထင်ကရနေရာတစ်ခုအဖြစ်ရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။
ဟမ်းဘတ်မြို့တော်ရဲ့နာမည်ကျော် Speicherstadt District မှာတည်ရှိတဲ့ Miniatur Wunderland ဟာဆိုရင်ခေတ်မီမီးရထားလမ်းပိုင်းနဲ့ အသေးစား airport attraction တည်ရှိရာနေရာဖြစ်ပါတယ်။ ကမ္ဘာအကြီးခေတ်မီရထားလမ်းကွန်ယက်တည်ရှိရာနေရာဖြစ်ပြီး ဂျာမနီရဲ့လူကြိုက်အများဆုံးသော tourist attraction အဖြစ် မဲပေးရွေးချယ်ခံရတဲ့နယ်မြေတစ်ခုလည်းဖြစ်ပါတယ်။
ဟမ်းဘတ်မြို့တော်ဟာ ဥရောပတိုက်ရဲ့သိပ္ပံနည်းပညာနဲ့လေ့လာမှုဆိုင်ရာနယ်ပယ်အရပ်ရပ်အတွက် အချက်အခြာကျတဲ့မြို့တော်ကြီးဖြစ်တာနဲ့အညီ ကမ္ဘာကျော်အသက်မွေးဝမ်းကြောင်းပညာတက္ကသိုလ်၊ကောလိပ်ကြီးများစွာတည်ရှိနေပါတယ်။
ဟမ်းဘတ်က မြစ်တွေနဲ့ တူးမြောင်းတွေပါ်မှာ ဖြတ်ထိုးထားတဲ့ တံတားပေါင်း ၂၅၀၀ ဝန်းကျင်ခန့်ရှိပြီး ဥရောပရဲ့တံတားအများဆုံးရှိရာ မြို့တွေထဲမှာ တမြို့အပါအဝင်ဖြစ်ပါတယ်။
ဂျာမနီက အစောဆုံး စတော့အိတ်ချိန်း နဲ့ အစောဆုံးဘဏ်တခုဖြစ်တဲ့ Berenberg ဘဏ်ဟာလည်း ဟမ်းဘတ်မှာပဲ တည်ရှိနေပါတယ်။ ဒီဘဏ်ကိုတော့ ၁၅၉၀ခုနှစ် (လွန်ခဲ့သောနှစ်ပေါင်း ၄၃၀ခန့်) က ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ဘဏ်လုပ်ငန်း ၊ စီးပွားရေး ဆိုင်ရာ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်နေဆဲ ဘဏ်ဖြစ်ပါတယ်။
(၁၉၆၀)ကာလကဆိုရင် ကမ္ဘာကျော် ရော့ခ်ဂီတကြီးစိုးရာနယ်မြေဖြစ်ပြီး ကမ္ဘာကျော် Beatles အဖွဲ့ဟာဆိုရင်လည်း (၁၉၆၀) ကနေ (၁၉၆၂) ဒီဇင်ဘာကာလအထိ ဟမ်းဘတ်မြို့တော်မှာနေထိုင်ပြီး အနုပညာလုပ်ငန်းတွေကိုလုပ်ကိုင်ခဲ့ကြပါတယ်။ ယင်းကာလကဆိုရင် Beatles ဟာကမ္ဘာကျော်အဖွဲ့အဖြစ်မရောက်ရှိသေးပဲ ဟမ်းဘတ်မြို့တော်ကနေ အားယူကာ အနုပညာဖန်တီးမှုသစ်တွေကို ကမ္ဘာအရပ်ရပ်ကိုချပြခွင့်ရရှိခဲ့တာဆိုလည်း မမှားပါဘူး။
ကမ္ဘာကျော်စားသောက်ဖွယ်ဖြစ်တဲ့ ဟမ်ဘာဂါဆိုတာကလည်း ဟမ်းဘတ်မြို့တော်ရဲ့အမည်ကို ရယူဖန်တီးခဲ့တာဖြစ်ပြီး နောက်ပိုင်းဟမ်ဘာဂါကနေပဲ ဆင်းဒ်ဝစ်လိုသရေစာမုန့်တွေဖြစ်လာခဲ့ပါတယ်။ (၁၈)ရာစုကာလတွင်းက ဟမ်းဘတ်ကနေထုတ်လုပ်တဲ့ အမဲသားကိုနုတ်နုတ်စဉ်းပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ငရုတ်ကောင်းတွေကိုရောနှောပြီး (ပေါင်မုန့်ချပ်)မပါသေးတဲ့ ဟမ်းဘတ်အမဲသားဟင်းလျာဆိုပြီး အနောက်တိုင်းမှာစားသောက်ကြပါတယ်။ ဒါဟာ ဟမ်ဘာဂါတွေရဲ့အစဖြစ်ပြီး (၁၉)ရာစုကနေ (၂၀)ရာစုအစောပိုင်းကာလမှာတော့ ပေါင်မုန့်ချပ်တွေအောက်မှာ ဌာပနာထားဖန်တီးထားတဲ့ ဟမ်ဘာဂါတွေဟာ စားသုံးသူဈေးကွက်အတွင်းခေတ်စားလာပါတော့တယ်။
Discussion about this post