ရေးသားသူ – ဒေါက်တာဗိုး(Health Guide Journal)
အတာသြင်္ကန်ပွဲတော်ဆိုတာ မြန်မာနိုင်ငံမှာ အထင်ရှားဆုံး အပျော်ရွှင်ရဆုံးပွဲတော်တစ်ခုပါ။ အပျော်ရွှင်ရဆုံးနဲ့အညီ ကျွန်တော်တို့ ယောင်္ကျားလေးအများစုဟာ အဖျော်ယမကာတွေကို နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် သောက်သုံးလေ့ရှိပါတယ်။ ဒီလိုသောက်တဲ့အခါမှာ သောက်လိုက် ကဲလိုက်နဲ့ အရှိန်မထိန်းနိုင်ဖြစ်ပြီး အားပါတရ သောက်လိုက်မိရင်တော့ နောက်တစ်နေ့မနက်မှာ အရက်နာကျတတ်လေ့ရှိပါတယ်။
မျက်လုံး နီနေမယ် ခေါင်းက တဆစ်ဆစ်နဲ့ကိုက်နေမယ် ခေါင်းမကြည်လင်ဘူး ခေါင်းထောင်ထားရင် မူးနေသလိုဖြစ်နေမယ် မသွားချင် မလာချင်ဘူး ဘာမှ မစားချင်ဘူး ၊ ရေတအားငတ်နေမယ် အစရှိသဖြင့် ခန္ဓာကိုယ်မှာ ပြသနာပေါင်း များစွာဝင်လာပါပြီ။ သြင်္ကန်နောက်တစ်နေ့ ဆက်ပျော်ချင်သေးပေမယ့် မပျော်နိုင်တော့ပါဘူး။
ဒီအရက်နာကျခြင်းလေး ပျောက်ကင်းမှပဲ နောက်တစ်နေ့သြင်္ကန်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မှာမလား။ ဒီတော့ အရက်နာကျလို့ နောင်တရတာ ဘေးဖယ်ထားပြီး မိမိဘာသာ ကုစားနိုင်အောင်လို့ အလွယ်တကူလုပ်နိုင်မယ့် နည်းလမ်းလေး ၁၀ မျိုးကို သုတဇုန်မိတ်ဆွေများအတွက် မျှဝေလိုက်ပါတယ်။
၁။ အုန်းရည်
မနက်နိုးထတဲ့အချိန်မှာ တခြား အားဖြည့်အချိုရည် များသောက်ခြင်းထက် အုန်းရည် သောက်တာ ပိုကောင်းပါတယ်။အုန်းရည်မှာ Electrolytes ဓာတ်များစွာပါပါတယ် ။ အထူးသဖြင့် အုန်းရည် တဖန်ခွက်မှာ ပိုတက်စ်ဆီယမ် ၅၆၉ မီလီဂရမ်ပါဝင်လို့ လူကို ရေဓာတ်မြန်မြန်ဖြည့်ပေးပြီး အစာအိမ် အတွက်လည်း ပိုကောင်းပါတယ် ။ တခြားဖျော်ရည်များထက်စာရင် အရသာရှိလို့ ပို အဆင်ပြေပါတယ် ။
၂။ ကညွန့်
အရက်မသောက်ခင်နဲ့ အရက်သောက်ပြီး ချိန်မှာ ကညွန့် စားပေးတာက အရက်နာကျပြီး အိပ်ရာထဲလဲ နေမှာကို ကာကွယ်ပေးပါတယ်။
ကိုရီးယားက သုတေသနပညာရှင်တွေ့ရှိချက်အရ ကညွန့်အရွက်မှာပါတဲ့ ဓါတ်တမျိုးက အရက်ကို မြန်မြန်ချေဖျက်ရာမှာကူညီတဲ့ alcohol dehydrogenase နဲ့ acetaldehyde dehydrogenase ဆိုတဲ့ အင်ဇိုင်း ၂ မျိုးကို တိုးပွားစေပါသည်။
၃။ ဂျင်း
တခါတလေ ဗိုက်အောင့်သလိုလို အန်ချင်သလိုလို ဖြစ်နေရင် အမေက ဂျင်းပြုတ်ရည် လာတိုက်တတ်ပါတယ် ။ မမှားပါဘူး လူကြီးသူမတွေက ဂျင်းကို ပျို့ချင်အန်ချင်ရင် ဆေးအဖြစ်သုံးလာတာ ကြာပါပြီ ။ အရက်နာကျလို့ မအီမသာ ပျို့ချင် အန်ချင် ဖြစ်နေရင် ဂျင်းကို ဒီအတိုင်းမစားနိုင်ပါက ဂျင်းပြုတ် ရည်နွေးနွေး လေးဖြစ်ဖြစ် (သို့) ဂျင်းဖျော်ရည်အေးအေးလေး သောက်ပေးပါ ။
၄။ ခရမ်းချဉ်သီး ဖျော်ရည်
အရက်သောက်တဲ့အခါ ခန္ဓာကိုယ်မှာ ရှိတဲ့ အာဟာရ ဓါတ်တွေ ဆုံးရှုံးကုန်ပါတယ်။ထိုအခါမှာ အရက်နာ ကျပါတယ်။ ခရမ်းချဉ်သီးက အသည်းရဲ့လုပ်ဆောင်မှုကို မြင့်တင်ပေးပြီး ခန္ဓာကိုယ်မှာရှိတဲ့ အရက်တွေ မြန်မြန်ချေဖျက် ပါတယ် ။ ဒါကြောင့် မနက် ကို ခရမ်းချဉ်သီး ဖျော်ရည်အေးအေးလေးတခွက်က ကုန်ဆုံးသွားတဲ့ အာဟာရ ဓာတ်တွေ ပြန်ဖြည့်ပေးပြီး အသည်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ကျစေမှာ မဟုတ်ပါဘူးတဲ့။
၅။ ငှက်ပျောသီး
ဟုတ်ပါတယ် လွယ်လွယ်ကူကူနဲ့ သတိမထားမိတာ ငှက်ပျောသီးပါပဲ။ ညက အရက်သောက်များလို့ မနက် အိပ်ရာထတဲ့ အချိန်မှာ ညောင်းပြီး တကိုယ်လုံး ကိုင်ရိုက်ထားသလို ကြွက်သားတွေ နာနေတတ်ပါတယ်။ ငှက်ပျောသီးမှာ ပါတဲ့ Potassium (ပိုတက်စ်ဆီယမ်) ဓာတ်က ခန္ဓာကိုယ် ကြွက်သား နာကျင် ကိုက်ခဲမှု ကို သက်သာစေပါတယ် ။ ဖျော်ရည်အဖြစ် သောက်သုံးနိုင်တာကလည်း အားသာချက်ပါ ။
၆။ သံပုရာ ဖျော်ရည်
ညက အရက်တော်တော်များများ သောက်မိတဲ့အခါ အသည်းက ဒီအရက်တွေကို ခန္ဓာကိုယ် ကနေ စွန့်ထုတ်ဖို့ တော်တော် အလုပ်လုပ်ရပါသည်။ သံပုရာ ရည်တခွက်သောက်လိုက်ခြင်းဖြင့် အသည်းက အရက်ကို ချေဖျက်ရာမှာ ပိုမို မြန်ဆန်စေပြီး ပျက်ဆီးသွားတဲ့ အသည်း တစ်ရှူး တွေ ပြန်ကောင်းမွန်အောင် ကူညီပေးပါသတဲ့။ သံပုရာသီးမှာ ပါဝင်တဲ့ ဗီတာမင် စီက တနေ့လုံးလန်းဆန်းစေပြီး အသည်းရောင် တာကိုလည်း ကာကွယ်ပေးလို့ သောက်ဖို့ လိုအပ်ပါသည်။
၇။ ကြက်ဥ
ရုတ်တရက် ကြက်ဥ နဲ့ အရက်နာကျတာနဲ့ ဘာဆိုင်လဲဆိုပြီး အံ့သြသွားနိုင်ပါတယ်။ ကြက်ဥ မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ် စစ်စတင်း( the amino acid cysteine) က အရက်နာကျစေတဲ့ Acetaldehyde ကိုဖြိုခွဲပေးပါတယ်။ ထို့ကြောင့် ကြက်ဥ ကို ကြော်စားစား ပြုတ်စားစား ချက်စားစား စားပေးခြင်းဖြင့် အရက်နာ ကျတာကို ကာကွယ်နိုင်ပါတယ်။
၈။ ငရုတ်သီး
အစပ် မကြိုက်ရင်တော့ ဒီနည်းက အဆင်ပြေမှာ မဟုတ်ပါဘူး။ ငရုတ်သီး စပ်စပ်လေး ပါတဲ့ အစာလေး စားပေးခြင်းက အရက်နာကျတာကို ကာကွယ်ပါသတဲ့။ ချွေးများများ ထွက်မယ် ဆိုရင် အသည်းက အရက် ရဲ့ အဆိပ်တွေ မြန်မြန်ချေဖျက်ရာမှာ ကူညီပါတယ်။ အနောက်တိုင်းမှာ ချွေးထွက်ခန်းသွားရင် လန်းဆန်းတယ် အရက်နာမကျဘူး ဆိုတဲ့ သဘောတူတူပါပဲ။ ငရုတ်သီး စပ်တော့ ရေများများ သောက်ဖြစ်မယ် ဒါဆိုရင် အရက်ကြောင့် ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်ပြန်လည် ဖြည့်ပြီးသားပေါ့ ။ တချက်ခုတ် နှစ်ချက်ပြတ်ပဲ ဘယ်လောက်ကောင်းလဲ
၉။ ပျားရည်
ပျားရည် ဟာ ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။ တိုင်ရင်းဆေးတွေမှာ ပျားရည်ဟာ မပါမဖြစ် အလွန်အသုံးဝင်တဲ့အရာပေါ့။
ပျားရည်မှာ ပါတဲ့ ဖရူတိုစ့်(fructose)ပါဝင်ပါတယ် ။ ခန္ဓာကိုယ်က ဒီ ဖရူတိုစ့် ဓာတ်ကို ခြေဖျက်ချိန်မှာ ခန္ဓာကိုယ်တွင်းကျန်တဲ့ အရက်တွေကို မြန်မြန် ချေဖျက်စေပါတယ် ။ ခေါင်းရင်းမှာ ပျားရည် ပုလင်းလေးဆောင်ပြီး ကာကွယ်ကြတာပေါ့ ။
၁၀။ Sprite (စပရိုက်ရည်)
အရက်နာကျတာကို Sprite သောက်လို့သက်သာတယ် ဟုတ်လား။ စာရေးသူ ရူးနေတယ် မထင်ပါနဲ့။ အရက်သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်က နေ Acetaldehyde ဆိုတဲ့ ဓာတုဓာတ်တမျိုး ထွက်တယ်။ ထို ဓာတ်က အရက်နာကျစေတဲ့ တရားခံပေါ့။ ခုနက Acetaldehyde ဆိုတဲ့ ဓာတ်ကနေ Acetate ဆိုတဲ့ဓာတ်ကို ပြောင်းသွားတဲ့ အခါ အရက်နာကျတာ သက်သာပြီး နေလို့ထိုင်လို့ ပိုကောင်းလာတယ်။ Sprite ကဲ့သို့ ဆိုဒါ ပါတဲ့ အရည်တွေက Acetaldehyde ကနေ Acetate ဆိုတဲ့ ဓါတ်ကို မြန်မြန်ပြောင်းစေခြင်းက အရက်နာကျ မြန်မြန်သက်သာ သက်သာစေနိုင်ပါသည်။
ဒါကြောင့်မလို့ အရက်သောက်တာများလို့ ဖြစ်ဖြစ် ခါတိုင်း လစ်မစ်(Limit)ထက်ကျော် သွားလို့ ဖြစ်ဖြစ် နောက်မနက် လန်းလန်းဆန်းဆန်း နဲ့ တနေ့တာခရီးဆက် နိုင်ရန် အထက်ပါ အရာလေးတွေ နဲ့ လက်တွဲလိုက်ရအောင် ။
ဒေါက်တာဗိုး
Health Guide Journal
Discussion about this post