Vampire squid လို့အမည်ရတဲ့ ရှားပါး ကင်းမွန်ငယ်တစ်မျိုးဖြစ်ပြီး အလွန်အမင်းနက်ရှိုင်းတဲ့ ပင်လယ်သမုဒ္ဒရာကြမ်းပြင်တွေမှာသာ တွေ့ရလေ့ရှိပါတယ်။ ဒီအကောင်တွေရဲ့ သိပ္ပံနာမည်ကတော့ Vampyroteuthis infernalis ဖြစ်ပါတယ်။
ဒီအကောင်တွေကို ပထမဆုံးအနေနဲ့ ၁၉၀၀ ဝန်းကျင်ခန့်ကတည်း တွေ့ရှိခဲ့တာဖြစ်ပြီး အစပိုင်းမှာတော့ ရေဘဝဲမျိုးစိတ်လို့ မှားယွင်းသတ်မှတ်ခဲ့ဖူးပြီး လေ့လာမှုတွေထပ်လုပ်ပြီး နောက်ပိုင်းမှသာ ကင်းမွန်လို့ ပြန်ပြောင်းသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ကင်းမွန်လို့ဆိုပေမယ့်လည်း ကင်းမွန်စစ်စစ်တော့ မဟုတ်၊ အခြားကင်းမွန်တွေနဲ့ မတူပဲ Vampyromorphida ဆိုတဲ့ သီးသန့်မျိုးစိတ်ဖြစ်ပါတယ်။
Vampire squid လို့ ခေါ်ကြပေမယ့် ဒီအကောင်တွေဟာ အခြားရေသတ္တဝါတွေရဲ့သွေးကို တကယ်မစုပ်ပါဘူး။ သူတို့ဒီနာမည်ကို ရလာတာက သူတို့ကို ပထမဆုံးအနေနဲ့ စတွေ့ခဲ့တဲ့ ဂျာမန် အဏ္ဏဝါလေ့လာရေးပညာရှင် Carl Chun ကြောင့်ဖြစ်ပါတယ်။ ပထမဆုံး စတွေ့စဉ်က ဒီအကောင်ရဲ့ နီရဲနေတဲ့မျက်လုံး ၊ နက်မှောင်ကာ ခန္ဓာကိုယ်နဲ့ ကပ်နေတဲ့ ဝတ်ရုံပုံသဏ္ဍာန်လက်တွေကို မြင်တဲ့အခါမှာ အလွန်ထူးခြားလှတာကြောင့် ရေအောက်ကမ္ဘာက သွေးစုပ်ဖုတ်ကောင်နဲ့ တူကြောင်းပြောရာကနေ ဒီနာမည်ကို ရခဲ့တာဖြစ်ပါတယ်။
အရွယ်အစားအားဖြင့် ခန္ဓာကိုယ်အလျား ၁ပေ ဝန်းကျင်ပဲရှိတတ်သလို အလေးချိန်ကလည်း ၁ပေါင်ခန့်သာ လေးပါတယ်။ ခန္ဓာကိုယ်အရေပြားနဲ့ကပ်နေတဲ့ လက်မောင်း ၈ချောင်းပါရှိပြီး လက်မောင်းတွေရဲ့ထိပ်မှာတော့ စုပ်ခွက်တွေရှိနေပါတယ်။ ခန္ဓာကိုယ်ကျောဘက်အရောင်ကတော့ အနီရောင်ဖြစ်ပါတယ်။
အချင်း ၁လက်မခန့်ရှိတဲ့ ကြီးမားလုံးဝန်းတဲ့ မျက်လုံးတွေကို ပိုင်ဆိုင်ထားပြီး ဒီမျက်လုံးတွေဟာ အလင်းရောင်အလိုက် အနီရောင်(သို့) အပြာရောင် ရှိတတ်ပါတယ်။ တိရစ္ဆာန်လောကမှာ သူတို့ခန္ဓာကိုယ်အရွယ်အစားနဲ့ ယှဉ်ရင် အကြီးဆုံးမျက်လုံးတွေကို ပိုင်ဆိုင်ထားကြတဲ့ အကောင်တွေဖြစ်ပါတယ်။
အနိမ့်ဆုံး ရေအောက် အနက်ပေ ၂၀၀၀ နဲ့ ၃၀၀၀ ကြား အလင်းရောင်ကင်းမဲ့ကာ အောက်ဆီဂျင်အလွန်နည်းပါးတဲ့နေရာတွေမှာ ရှင်သန်နေထိုင်လေ့ရှိပါတယ်။ သူတို့နေထိုင်တဲ့နေရာတွေမှာ အောက်ဆီဂျင်ပါဝင်မှု ၃%ခန့်ပဲ ရှိပေမယ့် ဒီကင်းမွန်တွေက ကောင်းကောင်းအသက်ရှင်နိုင်ကြပါတယ်။
ခန္ဓာကိုယ်ရဲ့ အောက်ဘက်မှာတော့ ဆူးတောင်တွေပါဝင်ပါတယ်။ သူတို့အန္တရာယ်နဲ့ကြုံတဲ့အခါ ခန္ဓာကိုယ်ကို ပြောင်းပြန်လှန်ပြီး အဲဒီဆူးတောင်တွေနဲ့ ကာကွယ်နိုင်စွမ်းရှိပါတယ်။
သေးငယ်တဲ့ဂျယ်လီငါး ၊ copepods, cnidarians တို့လို ရေသတ္တဝါငယ်ကလေးတွေကို စားသောက်လေ့ရှိပြီး သူတို့ကိုတော့ ငါးကြီးတွေ ၊ ဝေလငါး နဲ့ ပင်လယ်ဖျံတွေက ပြန်စားပစ်လေ့ရှိပါတယ်။ ဒီအကောင်တွေမှာ သွားမရှိတဲ့အတွက် မကိုက်တတ်ပဲ သူတို့ရဲ့အစာကို လက်တွေကိုအသုံးပြုပြီးသာ ဖမ်းလေ့ရှိပါတယ်။
သူတိုဟာ internal fertilization နည်းနဲ့ မျိုးပွားလေ့ရှိပါတယ်။ အမရဲ့ သန္ဓေအိတ်ထဲကို အထီးရဲ့ sperm ဆဲလ်တွေထိုးသွင်းလိုက်ပြီး သန္ဓေအောင်တဲ့အခါ ကြီးမားတဲ့ဥအနည်းငယ်ကို ဥချလိုက်ပါတယ်။ ဥကနေ အကောင်ပေါက်ဖို့အတွက်တော့ ကြာမြင့်လှပြီး ၁၃လခန့် အချိန်ယူရပါတယ်။
အမတွေဟာ ဥပေါက်ဖို့စောင့်တဲ့ကာလအတွင်းမှာ အစာစားလေ့မရှိတာကြောင့် ဥပေါက်ပြီး မကြာမီမှာပင် သေဆုံးသွားလေ့ရှိပါတယ်။ ဥကပေါက်လာတဲ့ အကောင်ပေါက်ကလေးတွေတော့ အစားမစားပဲ ရက်သတ္တပတ်အနည်းငယ်နေထိုင်ကြရပါတယ်။ ဒါပေမယ့် သူတို့မွေးကတည်းက ကိုယ်တွင်းမှာ စွမ်းအင်တွေပါလာတာကြောင့် အစာမစားရပေမယ့် မသေဆုံးသွားကြပါဘူး။
Vampire squid တွေရဲ့ပျမ်းမျှသက်တမ်းကိုတော့ တိတိကျကျမပြောနိုင်ပေမယ့် ခန့်မှန်းမှုတွေအရတော့ အနည်းဆုံး ၈နှစ်နဲ့ အထက် အသက်ရှင်သန်နေထိုင်နိုင်တယ်လို့ သိရပါတယ်။
VIDEO
Discussion about this post