ကမ္ဘာနိုင်ငံရေးစင်မြင့်ပေါ်မှာ ထင်ရှားခဲ့တဲ့ ခေါင်းဆောင်တွေအနက်မှာတော့ (၁၉၇၉)ခုနှစ်ကနေ(၁၉၉၀)ခုနှစ်အထိ ဗြိတိန်ဝန် ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ Margaret Thatcher(မာဂရက်သက်ချာ)ဟာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ အထူးသဖြင့် အင်္ဂလန်နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုရှေးရှုပြီး အာဂျင်တီးနားကို ဖောက်ကလန်စစ်ပွဲဆင်နွှဲပြီးတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့တဲ့ သူမဟာ စစ်မြေပြင်အထိ သွားရောက်ပြီး တိုက်ပွဲဝင် စစ်သည်တွေကိုသွားရောက်အားပေးခဲ့သူလည်းဖြစ်ပါတယ်။
(၁၉၈၀)ပြည့်နှစ်ကလည်း လန်ဒန်မြို့က အီရန်သံရုံးစီးနင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွက် တန်ပြန်တိုက်ခိုက်ရေးတွေကို ဗြိတိန်စစ်တပ်က ပြန်လည်ပြုလုပ်တဲ့အခါ မီဒီယာသမားတွေ အားလုံးမြင်နိုင်အောင်ပြသဖို့နဲ့ အကြမ်းဖတ်သမားတွေကို ဗြိတိန်က ဘယ်လိုရက်ရက်စက်စက်သတ်ဖြတ်ကြောင်း တစ်ကမ္ဘာလုံးကမြင်နိုင်အောင် ပြသဖို့ပြတ်ပြတ်သားသား အမိန့်ပေးခဲ့သူပါ။ (၂၉.၅.၁၉၈၅)ခုနှစ်က ဘယ်ဂျီယံနိုင်ငံမှာ အင်္ဂလန်ပရိတ်သတ်တွေကြောင့်ဖြစ်ပွားခဲ့တဲ့ Hysel Staduim Disaster အပြီးမှာလည်းသူမဟာ ဗြိတိသျှလူမျိုးဖြစ်ရတာ ပထမဆုံးအကြိမ်ရှက်မိပါတယ်လို့ ကမ္ဘာကျော် တောင်းပန်စကားကိုဆိုခဲ့သူပါ။
အင်္ဂလန်ကလပ် လီပါပူးအသင်းနဲ့အီတလီကလပ် ဂျူဗင်တပ်တို့ကစားခဲ့တဲ့ ယင်းဘောလုံးပြိုင်ပွဲမှာ အင်္ဂလန်ပရိတ်သတ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အီတလီနိုင်ငံသား (၃၉)ဦးအထိသေဆုံးပြီးလူ(၆၀၀)ကျော်ဒဏ်ရရခဲ့တဲ့ ကမ္ဘာကျော် ဟေဆယ်ဖြစ်ရပ်ဆိုးအပြီးမှာ နိုင်ငံတော်ရဲ့တာဝန်အရှိဆုံးသူတစ်ယောက်အနေနဲ့ Thatcher ကအရှက်ရမိကြောင်းထုတ်ဖော်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဖောက်ကလန်စစ်ပွဲအပြင် လွတ်လပ်တဲ့စီးပွားရေးစနစ်ကို ထူထောင်ပေးနိုင်ခဲ့ခြင်း ၊ ငွေကြေးဖောင်းပွမှုကိုလျှော့ချပေးနိုင်ခဲ့ခြင်း ၊ အနောက်အုပ်စု နဲ့ ရုရှားတို့ရဲ့စစ်အေးတိုက်ပွဲကို အဆုံးသတ်ပေးခဲ့တဲ့ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်ခြင်း စတာတွေကတော့ သူမရဲ့အောင်မြင်မှုတွေဖြစ်ပါတယ်။ သူမ ဟာ(၂၀)ရာစုအတွင်းမှာတော့ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် သက်တမ်းအကြာဆုံးတာဝန် ထမ်းဆောင်ခဲ့သူအဖြစ် မှတ်တမ်းဝင်ထားပြီး နိုင်ငံရေးလောကမှာတော့ သံမဏိအမျိုးသမီးလို့ နာမည်ကျော်ပါတယ်။
Margaret Thatcher ဟာဗြိတိန်ရဲ့ ရှေးရိုးစွဲပါတီလို့နာမည်ကျော်တဲ့ Conservative ပါတီကို(၁၉၇၅)ကနေ (၁၉၉၀) ခုနှစ် အထိဦးဆောင်ခဲ့ပြီး သူမရဲ့အလျှော့မပေးတတ်တဲ့ နိုင်ငံရေးမူဝါဒနဲ့ တင်းကျပ်တဲ့ ခေါင်းဆောင်မှုပုံစံကြောင့် သံမဏိနဲ့ခိုင်းနှိုင်းချီးကျူးခြင်းကိုခံခဲ့ရပါတယ်။ Margaret Thatcher ရဲ့ဝန်ကြီးချုပ် သက်တမ်းတစ်လျှောက် အကောင်အထည်ဖော်ဆောင်ရွတ်ခဲ့တဲ့ နိုင်ငံရေးဝါဒတွေကို Thatcherism(သက်ချာဝါဒ)လို့တောင် အမည်ပေးခေါ်ခဲ့ရတဲ့ အထိ ထက်မြက်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။
သူမရဲ့နာမည်ရင်းကတော့ Margaret Hilda Roberts ဖြစ်ပြီး (၁၉၂၅)ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်နေ့က အင်္ဂလန်နိုင်ငံက Granthamမြို့မှာမွေးဖွားခဲ့ပါတယ်။ သူမရဲ့မိဘ တွေကတော့ စီးပွားရေးလုပ်ငန်းရှင်နဲ့နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ Alfred Robert နဲ့ Beatrice Ethel Stephenson တို့ဖြစ်ပြီး Muriel Cullen အမည်ရတဲ့အမတစ်ယောက် လည်းရှိပါတယ်။ အရွယ်ရောက်ချိန်မှာတော့ Margaretဟာ Huntingtower Road မူလတန်းကျောင်းမှာပညာသင်ကြားခဲ့ပြီး ထူးချွန်ပြီးဉာဏ်ပညာထက်မြက်တဲ့ကလေး တစ်ယောက်ဖြစ်ခဲ့ပါတယ်။
သူမဟာကျောင်းစာဘက်မှာသာထူးချွန်တာမျိုးမဟုတ်ပဲ စန္ဒယားတီးခတ်ခြင်း၊ဟော်ကီကစားခြင်း၊ပြေးခုန်ပစ်နဲ့ ရေကူးအားကစားတွေမှာပါ အတော်လေးထူးချွန်ခဲ့ပြီး မိန်းကလေးတစ်ယောက်ဖြစ်ပေမဲ့ အတန်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရတယ်လို့ အဲဒီမူလတန်းကျောင်းရဲ့မှတ်တမ်းတွေအရ သိရှိရပါတယ်။ Margaret အသက်(၆)နှစ်ကျော်ချိန်မှာတော့ Oxford တက္ကသိုလ်ရဲ့လက်အောက်ခံ Somervillage ကောလိပ်ကို ဓာတုဗေဒဘာသာရပ်အထူးပြုနဲ့ စကောလားရှစ်ရရှိရန် လျှောက်ထားခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှသာ ကောလိပ်ကဦးစားပေး ရွေးချယ်ထားတဲ့ ကျောင်းသားတစ်ဦးဟာရုတ်တရက်နှုတ်ထွက်သွားခဲ့လို့ သူနေရာမှာ အစားထိုးပြီး Margaretဟာ စကော်လားရှစ်ရရှိခဲ့တာဖြစ်ပါတယ်။
Margaret ဟာ (၁၉၄၃)ခုနှစ်မှာတော့ Oxford တက္ကသိုလ်ကိုတက်ရောက်ခဲ့ပြီး (၁၉၄၇) ခုနှစ်မှာတော့ သိပ္ပံဘွဲ့ကို X-ray crystallography အထူးပြုနဲ့ရရှိခဲ့ပါတယ်။ မူလကတည်းက Margaret ရဲ့ရည်ရွယ်ချက်ဟာ ဓာတုဗေဒပညာရှင်တစ်ယောက်အဖြစ်နဲ့ ဘဝတစ် သက်လုံးရပ်တည်သွားဖို့ဆန္ဒမရှိခဲ့ပါဘူး။ ဒါကြောင့်အလုပ်ဝင်နေဆဲကာလမှာတင် သူမဟာ ကွန်ဆာဗေးတစ်ပါတီဝင်တစ်ယောက်အနေနဲ့ နိုင်ငံရေးနဲ့ဥပဒေပြုကိစ္စရပ်တွေအပေါ် အတော်လေးအာရုံစိုက်လေ့လာခဲ့ပါတယ်။ ဒါအပြင် သူမတူတဲ့စိတ်ဓာက်ကြံ့ခိုင်မှု နဲ့ ခိုင်မာတဲ့နိုင်ငံရေး ယုံကြည်ချက်တွေကြောင့်လည်း Margaretဟာ ကွန်ဆာဗေးတစ် ထိပ်တန်းပါတီအကြီအကဲတွေကတောင် သတိထားမိခဲ့ပါတယ်။
(၁၉၅၁) ခုနှစ်မှာတော့ Margaretဟာ Denis Thatcherနဲ့လက်ထပ်ခဲ့ပြီး သူမရဲ့ကမ္ဘာကျော်နာမည် Margaret Hilda Thatcher ဆိုတဲ့အမည်ကိုပိုင်ဆိုင်ခဲ့ပါတယ်။ (၁၉၅၉)ခုနှစ်ရွေးကောက်ပွဲမှာတော့ Margaret Thatcherဟာ အောက်လွှတ်တော်အမတ်တစ်ဦးဖြစ်လာ ခဲ့ပြီးနိုင်ငံရေးလောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ သူမဟာ ကွန်ဆာဗေးတစ်ပါတီတွင်း လိုအပ်ချက်တွေကို ထောက်ပြပြောဆိုခဲ့တဲ့အပြင် အခြားသောပြိုင်ဘက်ပါတီတွေရဲ့ လေးစားမှုကိုခံခဲ့ရတဲ့အထိ နိုင်ငံရေးလောကမှာကျင်လည်နိုင်ခဲ့ပါတယ်။
ယင်းနောက် သူမရဲ့ကွန်ဆာဗေးတစ်ပါတီဟာ (၁၉၆၄)ရွေးကောက်ပွဲမှာရှုံးနိမ့်ခဲ့ပြီး (၁၉၇၀) ရွေးကောက်ပွဲမှသာ Edward Health ရဲ့ဦးဆောင်မှုနဲ့ပြန်လည်အနိုင်ရခဲ့ပြီး သူမကိုယ်တိုင်အစိုးရအဖွဲ့ထဲ ပါဝင်လာခဲ့ပြီး ဗြိတိန်နိုင်ငံရဲ့သိပ္ပံနဲ့ပညာရေးဆိုင်ရာ ဝန်ကြီးဖြစ်လာခဲ့ပါတယ်။ သူမလက်ထက်မှာတော့ ဗြိတိန်ရဲ့ ပညာရေး၊ သိပ္ပံနည်းပညာရပ်ဆိုင်ရာ ကိစ္စရပ်တွေကို အမေရိကန်ပြည်ထောင်စုနဲ့ပူးပေါင်းပြီး ကမ္ဘာ နဲ့ တန်းတူ အရှိန်ရအောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။
(၁၉၇၄)ခုနှစ်မှာတော့ သူမရဲ့ ပါတီဟာရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး နောက်နှစ်(၁၉၇၅)ခုနှစ်မှာတော့ Margaret Thatcherဟာ ကွန်ဆာဗေးတစ်ပါတီကိုဦးဆောင်ခဲ့ရပါတယ်။ အတိုက်အခံအဖြစ် အနေနဲ့လည်း အစိုးရရဲ့အားနည်းချက်တွေကို ချက်ကျလက်ကျထောက်ပြနိုင်ခဲ့သလို သူမရဲ့နိုင်ငံရေးမူဝါဒတွေကြောင့် သူမဦးဆောင်တဲ့ ကွန်ဆာဗေးတစ်တွေဟာ ဗြိတိန်နိုင်ငံရေးလောကမှာ ထပ်မံခေါင်းထောင်လာခဲ့ပြီး (၁၉၇၉)ခုနှစ်ရွေးကောက်ပွဲမှာ ပြန်လည် အနိုင်ရခဲ့ပါတယ်။
Margaret Thatcher ကိုယ်တိုင်လည်း ဗြိတိန်ရဲ့ပထမဆုံးသော ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခြင်းကိုခံခဲ့ရပြီး ကမ္ဘာမီဒီယာအသီးသီးက ကမ္ဘာထိပ်တန်းအမျိုးသမီးခေါင်းဆောင်အဖြစ် ဖော်ပြခြင်းကိုခံခဲ့ရပါတယ်။ Margaret Thatcher ဦးဆောင်တဲ့ ကွန်ဆာဗေးတစ်ပါတီဟာလည်း (၁၉၈၃)နဲ့(၁၉၈၇)ခုနှစ် ရွေးကောက်ပွဲတွေမှာလည်း ဆက်တိုက်အနိုင်ရခဲ့ပြီး Margaret Thatcher ကိုယ်တိုင် (၃)ကြိမ်ဆက် ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
သူမလက်ထက်မှာတော့ ဗြိတိန်နိုင်ငံရဲ့စီးပွားရေးဟာ အတော်ကိုအားကောင်းလာခဲ့ပြီး အစိုးရလုပ်ကိုင်နေဆဲ စီမံကိန်းလုပ်ငန်းအချို့ကို ပုဂ္ဂိုလ်လိကပိုင်အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ဒါ့အပြင်ပြည်ပရင်းနှီးမြုပ်နှံမှုများစွာကို လာရောက်ရင်းနှီးမြုပ်နှံနိုင်ဖို့ နိုင်ငံခြားရင်း နှီးမြုပ်နှံရေးဥပဒေကို ပြုပြင်ပေးခဲ့တာကြောင့် ဗြိတိန်နိုင်ငံအတွက်အလွန်အကျိုးများခဲ့သလို စီးပွားရေးကဏ္ဍမှာ အစိုးရရဲ့နေရာယူမှုကိုလျော့ချပေးခဲ့တဲ့လုပ်ရပ်တွေကြောင့် လည်း Margaret Thatcherရဲ့အစိုးရအဖွဲ့ဟာ နာမည်ရခဲ့ပါတယ်။ဗြိတိန်နိုင်ငံ ရဲ့အလုပ်လက်မဲ့နှုန်းထားကို သိသိသာသာလျော့ချနိုင်ခဲ့တာကြောင့် လည်း လူထုထောက်ခံ မှုကို(၁၀)ဆယ်စုနှစ်တစ်ခုကြာအောင် ထိန်းထားနိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်။
ဒါအပြင်(၁၉၇၉)ကာလက ဆိုဗီယက်ရုရှားတို့ အာဖဂန်နစ္စတန်ကို ကျူးကျော်တိုက်ခိုက် တဲ့စစ်ပွဲကို Margaret Thatcher ကအပြင်းအထန် ပြစ်တင်ခဲ့ပြီးဗြိတိန်အားကစား သမားတွေကို (၁၉၈၀) မော်စကိုအိုလံပစ်ပြိုင်ပွဲမှာသွားရောက်ယှဉ်ပြိုင်ခြင်းမပြုဖို့ ဆော်သြဖူးပါတယ်။ သူမဟာဗြိတိန်ရဲ့ ထာဝရနိုင်ငံခြားရေးမူဝါဒဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုနဲ့ မဟာမိတ်ပြုရေးဝါဒကိုပဲ ဆက်လက်အကောင်အထည်ဖော်ခဲ့ပြီး စစ်အေးတိုက်ပွဲကာလအတွင်းမှာတော့ အမေရိကန်ပြည်ထောင်စုဘက်ကပဲ တောက် လျှောက်ရပ်တည်ခဲ့ပါတယ်။
(၁၉၈၄-၁၉၈၅) ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဗြိတိန်သတ္ထု တွင်းလုပ်သားတွေရဲ့ သပိတ်မှောက်ဖြစ်စဉ်တွေမှာပဲ Margaret Thatcherဟာ ဥပဒေ အတိုင်းပဲရပ်တည်ခဲ့ပြီး သမဂ္ဂတာဝန်ရှိသူတွေနဲ့ဆန့်ကျင်ပြီး အဖြေမှန်ကိုရှာနိုင်ခဲ့တာ ကြောင့် ဗြိတိန်နိုင်ငံရေးလောကရဲ့ထူးခြားဖြစ်စဉ်အဖြစ် မှတ်တမ်းတင်ခြင်းကို ခံခဲ့ရပြန်ပါတယ်။ ဖောက်ကလန်စစ်ပွဲကာလအတွင်းက ချမှတ်ခဲ့တဲ့ သူရဲ့စစ်မက်လိုလားတဲ့အပြုအမှုတွေအတွက်တော့ နိုင်ငံတကာခေါင်းဆောင်တွေရဲ့ ပြစ်တင်ဝေဖန်ခြင်းကို တော့ အတော်လေးခံခဲ့ရပါတယ်။
(၁၉၉၀)ခုနှစ်ရောက်ချိန်မှာတော့ ဥရောပပေါင်းစည်း ရေးကိစ္စရပ်တွေအပြင် သူမရဲ့အခွန်စည်းကြပ်ရေးမူဝါဒတွေအပေါ် ဝေဖန်သူများပြား လာခဲ့ပြီး ဗြိတိန်နိုင်ငံအတွင်းသာမက သူမရဲ့ ကွန်ဆာဗေးတစ်ပါတီအတွင်းမှာပါ သူမကို ကန့်ကွက်သူရာခိုင်နှုန်းစံချိန်တင်များပြားလာခဲ့ပါတယ်။ ဒါအပြင် သူမရဲ့အစိုးရအဖွဲ့ရဲ့ နောက်ပိုင်းရပ်တည်ချက်အချို့ဟာ အာဏာကိုအလွဲသုံးစားလုပ်သလိုဖြစ်နေတဲ့အပြင် ကာလကြာ ဗြိတိန်နိုင်ငံရဲ့အဓိကအာဏာကိုရယူထားခြင်းဟာ သူမကို အာဏာရှင်ဆန် တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ယင်းနှစ်နိုဝင်ဘာ(၂၈)ရက်နေ့မှာပဲ Margaret Thatcherဟာ ရာထူးကနေနှုတ်ထွက်ပေးခဲ့ပြီး Downing လမ်းက ဝန်ကြီးချုပ်နေအိမ် ကိုကျောခိုင်းခဲ့ပါတယ်။ သူမရဲ့ဝန်ကြီးချုပ်နေရာကိုတော့ ကွန်ဆာဗေးတစ်ပါတီအတွင်း ကသူမရဲ့ ပြိုင်ဘက်ဖြစ်လာသူ John Major ကိုပါတီကခန့်အပ်ခဲ့ပါတယ်။
Margaret Thatcher ဟာ ပြင်ပလူနေမှုဘဝမှာတော့ အမွှာကလေးငယ် (ယောင်္ကျားလေးတစ်ဦး၊မိန်းကလေးတစ်ဦး)ရဲ့မိခင်ဖြစ်ပြီး အလွန်အလုပ်များတဲ့ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေဆဲကာလတွေမှာတောင် အိမ်ထောင်ရှင်မတစ် ယောက်ရဲ့တာဝန်တွေကို လစ်ဟင်းခြင်းမရှိခဲ့ပါဘူး။ သူမရဲ့ခင်ပွန်းဖြစ်သူ ဒင်းနစ်သက်ချာကတော့ (၁၉၉၂)ခုနှစ်လောက်ကတည်း ကင်ဆာရောဂါနဲ့ကွယ်လွန်ခဲ့ရရှာပါတယ်။
(၁၉၉၃)ခုနှစ်ကတော့ Margaret Thatcherဟာ Downing Streets ၊ (၁၉၉၅)ခုနှစ်က The Path to Power (၂၀၀၃)ခုနှစ်က Statecraft ; Strategies for a Changing World ဆိုတဲ့စာအုပ်တွေကို HarperCollins စာအုပ်တိုက်ကနေ ထုတ်ဝေခဲ့တဲ့စာရေးဆရာမတစ်ယောက်လည်းဖြစ်တဲ့အပြင် ဗြိတိန်နန်းတွင်းကသာမက နိုင်ငံတ ကာကပေးအပ်ချီးမြှင့်တဲ့ ဆုတံဆိပ်ပေါင်းများစွာရဲ့ ပိုင်ရှင်လည်းဖြစ်ပါတယ်။
သူမဘဝတစ်လျှောက်များစွာသော အတိုက်အခံနဲ့နိုင်ငံရေးလှည့်ကွက်များစွာ ၊အခက်အခဲများစွာ၊ဝေဖန်မှုများစွာကို လွန်ဆန်ပြီး သူမဘက်ကအသာရအောင် ကျော်ဖြတ်နိုင်ခဲ့တဲ့ သံမဏိလေဒီ(ခေါ်) မာဂရက်သက်ချာဟာ (၂၀၁၃)ခုနှစ်၊ ဧပြီလ(၁၃)ရက်နေ့ အသက်(၈၇)နှစ်အရွယ်မှာကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့ဈာပနကို နိုင်ငံတော်အဆင့်အဖြစ် အခမ်းအနားနဲ့ကျင်းပပေးခြင်းခံရကာ ကမ္ဘာထိပ်တန်းခေါင်း ဆောင်အတော်များများရဲ့ လွမ်းဆွတ်ပန်းခွေပေးအပ်ဂုဏ်ပြုခြင်းကိုခံခဲ့ရပါတယ်။
ဗြိတိန် ဘုရင်မကြီး ကိုယ်တိုင် Margaret Thatcherရဲ့ အသုဘအခမ်းအနားကျင်းပရာ St Paul’s Cathedral ကိုလာရောက်ခဲ့ပြီး သူမရဲ့ကျန်ရှိတဲ့မိသားစုဝင်တွေကို အားပေးမှုပြုလုပ်ခဲ့ပါတယ်။ Margaret Thatcherရဲ့ ကျန်ရှိရဲ့ရုပ်ခန္ဓာကိုယ်ကို သူမရဲ့ခင်ပွန်းကို သဂြိုလ်ခဲ့တဲ့ Mortlake Crematorium မှာသဂြိုလ်ခဲ့ပြီး ကျန်ရှိတဲ့အရိုးပြာကို Royal Hospital Chelsea မှာသူခင်ပွန်းရဲ့အရိုးပြာနဲ့အတူ မြုပ်နှံခဲ့ပါတယ်။
သုတဇုန်
Discussion about this post