• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Saturday, January 23, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သံဃာ့ဂိုဏ်းကြီး(၉)ဂိုဏ်း ဆိုသည်မှာ

by Thutamm
April 3, 2020
Reading Time: 1min read
0
သံဃာ့ဂိုဏ်းကြီး(၉)ဂိုဏ်း ဆိုသည်မှာ
Share on FacebookShare on Twitter

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စာမျက်နှာမှ

(ပိုစ့်အဟောင်းဖြစ်တာကြောင့် ဂိုဏ်းအကြီးအကဲ (ဂိုဏ်းချုပ်)ဆရာတော်ကြီးများရဲ့ အကြောင်းအရာပိုင်းမှာတော့ ယခုအချိန်နဲ့ နှိုင်းယှဉ်လျှင် ကွာခြားချက်တွေ ရှိနိုင်ပါတယ်။ အချို့ဆရာတော်ကြီးများဆိုလျှင် ပျံလွန်တော်မူသွားခဲ့ပြီဖြစ်ပါတယ်။ သံဃာ့ဂိုဏ်းကြီး(၉)ဂိုဏ်းရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို သိချင်သူများအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စာမျက်နှာမှ ပြန်လည်ဝေမျှလိုက်ခြင်းသာ ဖြစ်ပါတယ်။ဆရာတော်ကြီးများရဲ့ ပုံတော်များကိုလည်း လက်လှမ်းမှီသလောက် ရှာဖွေပြီးထည့်ပေးထားပါတယ်။)

သံဃာ့ဂိုဏ်းဆိုသည်မှာ ၁၃၄၁ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ရက် (၁၉၈၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) သောကြာနေ့ကို နောက်ဆုံးထား၍ သာသနာရေးဦးစီးဌာန၌ စာရင်းဝင်ပြီးသော အောက် ဖော်ပြပါ သံဃာ့ဂိုဏ်းများကို ဆိုလိုသည်-

(၁) သုဓမ္မာဂိုဏ်း

(၂) ရွှေကျင်ဂိုဏ်း

(၃) ဓမ္မာနုဓမ္မ မဟာဒွါရနိကာယဂိုဏ်း

(၄) ဓမ္မဝိနယာနုလောမ မူလဒွါရဂိုဏ်း

(၅) အနောက်ချောင်းဒွါရဂိုဏ်း

(၆) ဝေဠုဝန်နိကာယဂိုဏ်း

(၇) စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း

(၈) ဂဏဝိမုတ် ကူးတို့ဂိုဏ်း

(၉) ဓမ္မယုတ္တိနိကာယ မဟာရင်ဂိုဏ်း တို့ဖြစ်ကြသည်။

(၁) သုဓမ္မာဂိုဏ်း

တာဝတိံသာနတ်ပြည်၌ သိကြားမင်းသည် သုဓမ္မာဇရပ်တော်၌ မှုခင်းများကို စီရင်ဆုံးဖြတ်သည်။ ဤအစဉ်အလာအရ မြန်မာဘုရင်များလက်ထက်တော်က သာသနာရေးဆိုင်ရာ မှုခင်းများကို ဆရာတော်ကြီးများ စုဝေးဆုံးဖြတ်ရာဌာနကို သုဓမ္မာဟုခေါ်၏။ ယင်းအစည်းအဝေးသို့ တက်ရောက် ခွင့်ရသော ဆရာတော်များကို “သုဓမ္မာဂိုဏ်း” ဟုခေါ်သည်။ သံဃာဂိုဏ်းများ မကွဲမပြား တစ်စည်း တစ်လုံးတည်းရှိစဉ်က မြန်မာနိုင်ငံတွင် သံဃာအားလုံးသည် သုဓမ္မာဝင်ဆရာတော်ကြီးများ၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့ကြသည်။ မင်းတုန်းမင်းကြီးလက်ထက်တွင် ရွှေကျင်ဂိုဏ်း ခွဲထွက်သွား သောအခါ ရွှေကျင်ဂိုဏ်းဝင်မဟုတ်သော သံဃာများကို သုဓမ္မာဂိုဏ်းဝင်အဖြစ် ခေါ်ဆိုကြသည်။ ယခု အခါတွင်ဂိုဏ်း(၉)ဂိုဏ်းအနက် အခြားဂိုဏ်း(၈)ဂိုဏ်းဝင်မဟုတ်သည့် သံဃာများကို သုဓမ္မာဂိုဏ်းဝင် ဟု ခေါ်ဆိုကြပါသည်။

လက်ရှိ ဂဏာဓိပတိ၊ ဂိုဏ်းအကြီးအကဲ (ဂိုဏ်းချုပ်)ဆရာတော်မှာ သက်တော် ၉၀-နှစ်၊ သိက္ခာတော်၇၀-ဝါရှိ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဆရာတော်ဘုရားကြီး ဖြစ်ပါသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ဖြစ်၍ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့နှင့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်များကို ကပ်လှူခံရပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်တွင် သီတင်းသုံးတော်မူပါသည်။

(၂) ရွှေကျင်ဂိုဏ်း

မင်းတုန်းမင်းကြီးသည် ရွှေကျင်ရွာမှ ဆရာတော်ဦးဇာဂရကို သာသနာပိုင်အဖြစ် တင်မြှောက် လိုသော်လည်း တောင်နန်းမိဖုရားခေါင်ကြီး စကြာဒေဝီ၏ဆန္ဒကို မလွန်ဆန်နိုင်သဖြင့် မောင်းထောင် ဆရာတော်ကို သာသနာပိုင်တင်မြှောက်ခဲ့ရပါသည်။ ရွှေကျင်ဆရာတော်ကို သုဓမ္မာဝင်ဆရာတော်များ အမိန့်ဖြင့် သုဓမ္မာသို့ကြွရန်ဆင့်ဆိုရာ မကြွဘဲနေခဲ့သည်။ မကြွရခြင်းအကြောင်းမှာ ရွှေကျင်ဆရာတော် သည် မောင်းထောင်ဆရာတော်ထံ သုံးကြိမ်တိုင်တိုင် သွားရောက်ဝတ်ပြု တွေ့ဆုံပါသော်လည်း မောင်းထောင်ဆရာတော်က တစ်ကြိမ် တစ်ခါမျှ ပဋိသန္ထာရစကား မြွက်ကြားမှု မပြုသောကြောင့် ဖြစ်ပါသည်။ သုဓမ္မာဆရာတော်များက အတင်းအကြပ်ခေါ်ယူရန် စီမံသဖြင့် မင်းတုန်းမင်းကြီးက ရွှေကျင်ဆရာတော်အား သုဓမ္မာသို့ ဆင့်ခေါ်ခွင့်မရှိဟု အမိန့်ထုတ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ရွှေကျင် ရွာသားဆရာတော် ဦးဇာဂရ၏ တပည့်သံဃာ အဆက်ဆက်တို့ကို ရွှေကျင်ဂိုဏ်းဝင်ဟု ခေါ်ဆိုကြ ပါသည်။ ရွှေကျင်ဂိုဏ်းသည် မြန်မာသက္ကရာဇ် ၁၂၂၂-ခုနှစ်တွင် စတင်ဖြစ်ပေါ်လာပါသည်။

လက်ရှိ ဂဏာဓိပတိ၊ ဂိုဏ်းအကြီးအကဲ (ရွှေကျင်သာသနာပိုင်) ဆရာတော်မှာ သက်တော် ၉၉-နှစ်၊ သိက္ခာတော် ၇၉-ဝါရှိ ဝါဆိုဆရာတော် ဘဒ္ဒန္တအဂ္ဃိယဖြစ်ပါသည်။ နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ဖြစ်၍ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့နှင့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိဘွဲ့များကို ကပ်လှူခံရပြီး မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ဇယမေဒနီဝါဆိုကျောင်းတွင် သီတင်းသုံးတော်မူပါသည်။

(၃၊၄၊ ၅) ဒွါရဂိုဏ်း(သုံးဂိုဏ်း)

သက္ကရာဇ် ၁၂၁၄-ခုနှစ်တွင် ဧရာဝတီတိုင်း၊ အုတ်ဖိုမြို့ (ယခု-အင်္ဂပူမြို့) ဆရာတော် အရှင် ဥက္ကံသမာလာသည် ရေသိမ်၌ ရဟန်းခံခြင်းကို အကြောင်းပြု၍ သုဓမ္မာဂိုဏ်းဝင် ဆရာတော်များနှင့် အငြင်းပွားခဲ့သည်။ အုတ်ဖိုဆရာတော်သည် မိမိ၏ တပည့်ရဟန်းများနှင့် သီးခြားဂိုဏ်းခွဲခဲ့သည်။ ၁၂၁၇-ခုနှစ်တွင် ဘုရားရှိခိုးရာ၌ ကာယကံ ဝစီကံ မနောကံဖြင့် ရှိခိုးခြင်း မပြုရ၊ ကာယဒွါရ ဝစီဒွါရ မနောဒွါရ ဟု ဒွါရဖြင့် ရှိခိုးမှ မှန်ကန်သည်ဟု အုတ်ဖိုဆရာတော်က ဆုံးဖြတ်သည်။ ဇိနတ္ထပကာသနီကျမ်းပြုကျီးသဲလေးထပ်ဆရာတော်(သုဓမ္မာဂိုဏ်း)က ကံဖြင့် ရှိခိုးမှ မှန်ကန်ကြောင်း ငြင်းခုံကြသည်။ ထို့ကြောင့် အောက်မြန်မာနိုင်ငံ၌ အုတ်ဖိုဆရာတော်၏ ဂိုဏ်းကို ဒွါရဂိုဏ်းဟု ခေါ်ဝေါ်ကြပြီး သုဓမ္မာဂိုဏ်းကိုမူ ကံဂိုဏ်းဟု ခေါ်ဆိုကြပါသည်။ နောက်ပိုင်းတွင်မူ ကံဂိုဏ်းဟု မခေါ်တော့ဘဲ သုဓမ္မာဂိုဏ်းဟု ပြန်လည်ခေါ်ဝေါ်ကြသည်။

ယင်းဒွါရဂိုဏ်းသည် အနောက်ချောင်းဒွါရ၊ မဟာဒွါရ၊ မူလဒွါရဟူ၍ သုံးမျိုးကွဲပြားသည်-

(က) အနောက်ချောင်းဒွါရဂိုဏ်း

ဒွါရဂိုဏ်းချုပ် အုတ်ဖိုဆရာတော်ကြီးလက်ထက်မှာပင် ငါးသိုင်းချောင်း၊ ရေတံခွန် ကျောင်းတိုက်ဆရာတော်ကြီးကို အခြားသောဒွါရဂိုဏ်းဝင် ကျောင်းတိုက်ကြီးခြောက် တိုက်မှ သံဃာများက ပထမပါရာဇိကဖြင့် စွပ်စွဲကြသည်။ ဂိုဏ်းချုပ်အုတ်ဖိုဆရာတော် ကြီးသည် အစွပ်စွဲခံ ဆရာတော်ကြီးဘက်မှ ရပ်တည်ခဲ့သဖြင့် ခြောက်ကျောင်းသံဃာများ သည် သီးခြားဂိုဏ်း တည်ထောင်ကြသည်။ (ငဝန်မြစ်ကို အနောက်ချောင်းဟု ခေါ်ကြသည်။) ယင်းအနောက်ချောင်းကို အစွဲပြု၍ ရေကြည်၊ ငါးသိုင်းချောင်းတစ်ဝိုက်ရှိ အဆိုပါ ဒွါရဂိုဏ်းကို အနောက်ချောင်းဒွါရဂိုဏ်းဟု ခေါ်ဆိုကြပါသည်။

လက်ရှိ ဂဏာဓိပတိ၊ ဂိုဏ်းအကြီးအကဲ(ဂိုဏ်းချုပ်) ဆရာတော်မှာ သက်တော် ၈၈-နှစ်၊ သိက္ခာတော် ၆၈-ဝါရှိ ဘဒ္ဒန္တပညာသာရ ဖြစ်ပါသည်။ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ဖြစ်၍ အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို ကပ်လှူခံရပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ဘုရားကြီးကျောင်းတိုက်တွင် သီတင်းသုံးတော်မူ ပါသည်။

(ခ) မဟာဒွါရဂိုဏ်း

ဒွါရဂိုဏ်းချုပ် အုတ်ဖိုဆရာတော်ကြီးသည် ဗေဒင်ကျမ်းတတ်ကျွမ်းလှပါသည်။ ယခုလက်ရှိ လပြည့် လကွယ်နေ့သည် ဗေဒင်နည်းအရ တွက်ချက်ရာ၌ အမှန်တကယ် လမပြည့်သေး၊ လမကွယ်သေး။ လပြည့်ကျော်(၁)ရက်နေ့ရောက်မှ လပြည့်သည်။ လဆန်း (၁)ရက်နေ့ရောက်မှ လကွယ်သည်ဟုဆို၍ (၁၅)ရက် တစ်ကြိမ်လပြည့်လကွယ် သိမ်ဝင် ဥပုသ်ပြုခြင်းကို ဆောင်ရွက်သည်။ အခြားသော သုဓမ္မာဂိုဏ်းဝင်နှင့် ရွှေကျင်ဂိုဏ်းဝင် သံဃာများသည် လပြည့်နေ့နှင့် လကွယ်နေ့များ၌ သိမ်ဝင်ဥပုသ်ပြုကြသော်လည်း ဒွါရ ဆရာတော်ကြီးနှင့် တပည့်များသည် လပြည့်ကျော်(၁)ရက်နေ့နှင့် လဆန်း(၁)ရက်နေ့ ရောက်မှ သိမ်ဝင်ဥပုသ်ပြုကြသည်။

အုတ်ဖိုဆရာတော်ကြီးသည် ၁၂၆၇-ခုနှစ်၊ ပျံလွန်တော်မူပြီး နောက်ပိုင်းတွင် ၁၂၈၀-ပြည့်နှစ်၌ ဒွါရဂိုဏ်းဝင် သံဃာတော်များသည် “ရာဇာ ပဓာနံ”ဟူသော မြတ်စွာ ဘုရား၏ အမိန့်တော်အရ လပြည့်လကွယ်ကိစ္စကို အစိုးရမင်းတို့၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်ဟူသော ဒေသနာအရ ဒွါရဂိုဏ်းဝင် သံဃာအများစုသည် အများနည်းတူ လပြည့်နေ့နှင့် လကွယ်နေ့များတွင် သိမ်ဝင်ဥပုသ် ပြုကြသည်။ ယင်းဒွါရဂိုဏ်းမှာ အခြားသော ဒွါရဂိုဏ်းများထက် သံဃာအရေအတွက် များပြားသောကြောင့် မဟာဒွါရ ဟု ခေါ်ကြသည်။

ဓမ္မာနုဓမ္မဆိုသည်မှာ (ဓမ္မ+အနုဓမ္မ)တရားနှင့် လျော်ညီသော တရားအတိုင်း လိုက်နာသောဟု ဆိုလိုပါသည်။ ထို့ကြောင့် ဤဂိုဏ်း၏ အမည်အပြည့်အစုံမှာ ဓမ္မာနု ဓမ္မမဟာဒွါရနိကာယဂိုဏ်း ဖြစ်ပါသည်။

ဓမ္မာနုဓမ္မ = တရားအတိုင်းလိုက်နာသော။

မဟာ = သံဃာများပြားသော။

ဒွါရ = ဘုရားရှိခိုးရာ၌ ဒွါရဖြင့် ရှိခိုးသော။

နိကာယ = သံဃာအစုအဝေး။

လက်ရှိ ဂဏာဓိပတိ၊ ဂိုဏ်းအကြီးအကဲ (ဂိုဏ်းချုပ်)ဆရာတော်မှာ သက်တော် ၈၈-နှစ်၊ သိက္ခာတော် ၆၉-ဝါရှိ ဘဒ္ဒန္တဣန္ဒြိယာသဘ ဖြစ်ပါသည်။ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဘွဲ့ကို ကပ်လှူခံရပြီး၊ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မဏိကာရုံကျောင်းတိုက်တွင် သီတင်းသုံးတော်မူပါသည်။

(ဂ) မူလဒွါရဂိုဏ်း

အုတ်ဖိုဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် မဟာဒွါရဂိုဏ်းဝင် သံဃာများသည် လပြည့် လကွယ်ကိစ္စကို အခြားဂိုဏ်းသံဃာများနည်းတူ ပြန်လည် လက်ခံကြသော်လည်း အချို့သော ဒွါရဂိုဏ်းသံဃာများမှာ အုတ်ဖိုဆရာတော်ကြီး ချမှတ်ထားခဲ့သည့်မူအတိုင်း လပြည့်ကျော်(၁)ရက်နေ့နှင့် လဆန်း(၁)ရက်နေ့မှာပင် သိမ်ဝင်ဥပုသ်ပြုမြဲပြုကြသည်။ ထိုသို့ မူလအတိုင်းရှိသည့် ဒွါရဂိုဏ်းကို မူလဒွါရဟု ခေါ်ဆိုကြသည်။

မူလဒွါရဟူသော အမည်၏ရှေ့တွင် ဓမ္မဝိနယာနုလောမဟု ထပ်ဆင့်ဝိသေသန ပြုထားသည်။ (ဓမ္မ+ဝိနယ+အနုလောမ)သုတ္တန်၊ အဘိဓမ္မာတရားတော်နှင့်လည်းကောင်း၊ ဝိနည်းနှင့်လည်းကောင်း လျော်ညီသောဂိုဏ်းဟု ဆိုလို၍ အမည်အပြည့်အစုံမှာ ဓမ္မ ဝိနယာနုလောမမူလဒွါရနိကာယဂိုဏ်းဟု ခေါ်ဆိုပါသည်။

လက်ရှိ ဂဏာဓိပတိ၊ ဂိုဏ်းအကြီးအကဲ (ဂိုဏ်းချုပ်)ဆရာတော်မှာ သက်တော်၁၀၁-နှစ်၊ သိက္ခာတော် ၉၁-ဝါရှိ ဘဒ္ဒန္တကောဝိဒ ဖြစ်ပါသည်။ နိုင်ငံတော် သြဝါဒါစရိယဆရာတော် ဖြစ်၍ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ကို ကပ်လှူခံရပြီး မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ ထုံးကြီးတောင်ကျောင်းတွင် သီတင်းသုံးတော်မူပါသည်။

(၆) ဝေဠုဝန်နိကာယဂိုဏ်း

ရန်ကုန်မြို့၊ ဗဟန်းရပ်ကွက် သီလရှင်ကျောင်းအတွင်းရှိ ဝါးကျောင်း၌ နေထိုင်သောကြောင့် ယင်းကျောင်း ဆရာတော်ကို ဝေဠုဝန်ဆရာတော်ဟု ခေါ်ဆိုကြသည်။ ဝေဠုဝန်၏ အဓိပ္ပါယ်မှာ (ဝေဠု+ဝန=ဝါး+တော) ဝါးတောဟုဆိုလိုသည်။ ယင်းဆရာတော်သည် ဗဟန်းဝေဠုဝန်ကျောင်း တိုက်ကို တည်ပြီးနောက် အင်းလျား ဝေဠုဝန်ကျောင်းတိုက်၊ စမ်းချောင်းဝေဠုဝန်ကျောင်းတိုက်၊ ပုသိမ်နှင့် မြန်အောင်မြို့များရှိ ဝေဠုဝန်ကျောင်းတိုက်များကို တည်ထောင်ခဲ့သည်။ ယင်း၏ တပည့် သံဃာများကို ဝေဠုဝန်ဂိုဏ်းဟု ခေါ်ဆိုကြသည်။ ဒွါရဂိုဏ်းနှင့် ပေါင်းသင်းဆက်ဆံသဖြင့် ဝေဠုဝန် ဒွါရဟုလည်း ခေါ်ဆိုကြသည်။

လက်ရှိ ဂဏာဓိပတိ၊ ဂိုဏ်းအကြီးအကဲဆရာတော်မှာ သက်တော်၉၅-နှစ်၊ သိက္ခာတော် ၇၅-ဝါရှိ ဘဒ္ဒန္တဇောတိဿရ ဖြစ်ပါသည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်ကို ကပ်လှူခံရပြီး ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာ ခေမာသီဝံကျောင်းတိုက်တွင် သီတင်းသုံးတော်မူပါသည်။

(၇) စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း

စစ်ကိုင်းမြို့ အနောက်ဘက် မင်းဝံတောင်တန်း၌ ပဇင်းထိုးငှက်များ တွင်းတူးရာမှ လိုဏ်ဂူ ဖြစ်လာပြီး ယင်းငှက်များရှိသောနေရာ၌ တည်သောဘုန်းကြီးကျောင်းကို ငှက်တွင်းချောင်ဟု ခေါ်ဆိုကြသည်။ ငှက်တွင်းချောင်ဆရာတော်ဦးပဏ္ဍဝသည် မင်းတုန်းမင်းလက်ထက်၌ မဟာသတိ ပဋ္ဌာန်သုတ်တော်လာ ၃၂-ကောဋ္ဌာသကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်ပြီး ဟောကြားပြသသည်။

ထို့အပြင် အစဉ်အလာအားဖြင့် ကာမ၊ ရူပ၊ အရူပ ဟူသော ဘုံသုံးပါးကို ဟောပြောလေ့ရှိရာ နိဗ္ဗာန်ကို ထည့်သွင်း၍ ဘုံ၄-ပါးရှိသည်ဟု ဟောပြောခြင်းကြောင့် စတုဘုမ္မိက (စတု=လေး+ဘုမ္မိက =ဘုံရှိခြင်း)ဟု အမည်တစ်ခု ထပ်ဆင့်တိုးခဲ့သည်။ ထို့ကြောင့် ဤဂိုဏ်းကို စတုဘုမ္မိက မဟာသတိ ပဋ္ဌာန်ငှက်တွင်းဂိုဏ်းဟု ခေါ်ဆိုကြသည်။

ဤဂိုဏ်းမှာ သီလခံယူဆောက်တည်ရာ၌ အများနှင့်မတူ ကွဲပြားသည်။ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိဟူသော မနောကံသုံးပါးကို သီလအဖြစ် ထည့်သွင်းဆောက်တည်ခြင်း ပြုကြသည်။ မြတ်စွာ ဘုရားအား ဆွမ်းကပ်၊ ပန်းကပ်၊ ဆီမီးကပ်လှူခြင်းကို အပြစ်တင်ပြောဆိုကြသဖြင့် ကျန်သော အခြားဂိုဏ်းများနှင့် ပဋိပက္ခဖြစ်ခဲ့သည်။ နောက်ပိုင်းတွင်မူ အများနှင့်ဆန့်ကျင်ဘက် ဟောပြောခြင်း ကို ရှောင်ကြဉ်လာကြသည်။

လက်ရှိ ဂဏာဓိပတိ၊ ဂိုဏ်းအကြီးအကဲ (ဂိုဏ်းချုပ်)ဆရာတော်မှာ သက်တော် ၈၃-နှစ်၊ သိက္ခာတော် ၆၃-ဝါရှိ ဘဒ္ဒန္တသုန္ဒရ ဖြစ်ပါသည်။ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ဖြစ်၍ မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့ကို ကပ်လှူခံယူပြီး တောင်ငူမြို့၊ ဦးမှန်လမ်း စတုဘုမ္မိကမဂ္ဂင်ရိပ်သာကျောင်း တွင် သီတင်းသုံးလျက်ရှိပါသည်။

(၈) ဂဏဝိမုတ်ကူးတို့ဂိုဏ်း

ထားဝယ်မြို့နယ်၊ ကူးတို့ရွာမှ ဆရာတော် ဦးဣန္ဒဝံသသည် တောရဆောက်တည်၍ တရား ကျင့်သုံးလျက်ရှိသည်။ သုဓမ္မာဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်၊ ဂိုဏ်းထောက်များက မကြာခဏ ဆင့်ခေါ် သဖြင့် ယင်းသို့ ဆင့်ခေါ်ခံရခြင်းမှ ကင်းလွတ်ခွင့်ပြုရန် မန္တလေး သုဓမ္မာသာသနာပိုင်ထံ မေတ္တာစာ တင်သွင်းခဲ့သည်။ သာသနာပိုင် ပခန်းဆရာတော်က ၁၂၅၈-ခုနှစ်တွင် ယင်းတောရကျောင်း ဆရာတော်ကြီး ကို ဆင့်ခေါ်ခြင်း မပြုနိုင်စေရန် သုဓမ္မာဂိုဏ်းမှ အလွတ် ဂဏဝိမုတ္တိ(ဂဏ=ဂိုဏ်း+ဝိမုတ္တိ=အလွတ်) ဟု စာချွန်တော်အမိန့် ထုတ်ပြန်ပေးခဲ့သည်။

ထို့ကြောင့် ယင်းဆရာတော်ကြီး၏တပည့်အစဉ်အဆက်ကို ဂဏဝိမုတ်ကူးတို့ဂိုဏ်းဟု ခေါ်ဆို ကြသည်။ သုဓမ္မာဂိုဏ်းမှ အလွတ်ဖြစ်သော ကူးတို့ရွာမှ ဆရာတော်ကြီး၏ တပည့်သံဃာများဟု ဆိုလိုသည်။

လက်ရှိ ဂဏဓိပတိ၊ ဂိုဏ်းအကြီးအကဲ(ဂိုဏ်းချုပ်)ဆရာတော်မှာ သက်တော် ၉၀-နှစ်၊ သိက္ခာတော် ၇၀-ဝါရှိ ဘဒ္ဒန္တအရိန္ဒမ ဖြစ်ပါသည်။ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော် ကပ်လှူခံရပြီး တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပိန္နဲတောရပ်ကွက်၊ ဇေယျဝတီကျောင်းတိုက် တွင် သီတင်းသုံးတော်မူပါသည်။

(၉) ဓမ္မယုတ္တိနိကာယမဟာရင်ဂိုဏ်း

မဟာရင်ဆရာတော်သည် ၁၂၀၃-ခုနှစ်တွင် ထိုင်းနိုင်ငံ၌ မွေးဖွားခဲ့၍ ငယ်အမည်မှာ ဦးရင် ဖြစ်သည်။ ထိုင်းနိုင်ငံ ဓမ္မယုတ္တိနိကာယ (ထမယွတ်)ဂိုဏ်း၌ ရဟန်းပြု၍ မဟာအဆင့်အတန်း အောင်မြင်သည်အထိ စာပေသင်ကြားတတ်မြောက်ခဲ့သည်။ ထိုအခါ ဦးရင်၏အမည်သည် မဟာဘွဲ့ နှင့် ပေါင်းစပ်၍ မဟာရင်ဖြစ်လာသည်။ မဟာရင်အမည်ရှိ ဆရာတော်ကြီးသည် မော်လမြိုင်မြို့နယ်၊ ကတိုးရွာ၌ ကျောင်းတိုက်တည်၍ စာပေပို့ချသည်။ ယင်း၏ တပည့်သံဃာများကို မဟာရင်ဂိုဏ်းဟု ခေါ်ဆိုကြသည်။ ထိုင်းနိုင်ငံရှိ မူလပင်မဂိုဏ်း၏ အမည်ကို ပူးတွဲ၍ ဓမ္မယုတ္တိနိကာယ မဟာရင် ဂိုဏ်းဟု ခေါ်ဆိုကြသည်။ အဓိပ္ပါယ်မှာ (ဓမ္မ=တရားတော်ကို+ ယုတ္တိ=အထောက်အထားပြုသော+ နိကာယ=သံဃာအစုအဝေး)ဟူ၍ ဖြစ်သည်။

လက်ရှိ ဂဏဓိပတိ၊ ဂိုဏ်းအကြီးအကဲ(ဂိုဏ်းချုပ်)ဆရာတော်မှာ သက်တော် ၉၁-နှစ်၊ သိက္ခာတော် ၇၁-ဝါရှိ ဘဒ္ဒန္တအာဒိစ္စ ဖြစ်ပါသည်။ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ဖြစ်၍ အဂ္ဂမဟာပဏ္ဍိတဘွဲ့နှင့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့များကို ကပ်လှူခံရပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကတိုးရွာ၊ မဟာရင်ကျောင်းတွင် သီတင်းသုံးတော်မူပါသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စာမျက်နှာမှ

Tags: buddhism
Next Post
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကနေ ပြန်လည်ကျန်းမာလာသူပေါင်း ၂၂၀၀၀၀ ကျော်ပြီ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကနေ ပြန်လည်ကျန်းမာလာသူပေါင်း ၂၂၀၀၀၀ ကျော်ပြီ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!