မ၊ သတ္တဝါတို့၏ မေတ္တာတရား အားကြီးတတ်ပုံကို လိပ်မတို့၏ သဘာဝဖြင့်လည်း သိနိုင်ပေသည်။ ပင်လယ်လိပ်တို့၏ သဘာဝမှာ ရေထဲတွင်အနေများ၏။ သို့သော် ဥ ဥသောအခါတွင်မူ ရေတွင်ဥလေ့ မရှိပေ။ သဲပေါသော ကမ်းစပ်၌ ဖြစ်စေ ၊ လူသူမရောက်သော ကျွန်းများ၌ဖြစ်စေ ဥများကိုဥလေ့ရှိသည်။ ဤသို့လာသည့်အခါ များ၌ လိပ်မသည် အလွန်လသာသောညဉ့်များကို ရွေးချယ်ပြီးလျှင် ရေမှ တက်လာသည်နှင့်တစ်ပြိုင်နက် အနီးပတ်ဝန်းကျင်သို့ သတိကြီးစွာဖြင့်ကြည့် ပြီးမှ ရန်သူများထွက်ပြေးစေရန် မြွေကဲ့သို့ကျယ်လောင်စွာ တွန်မြည်သည်။
ကုန်းသို့ရောက်လျှင် ဒီရေမမီသောနေရာ၊ ခြောက်သွေ့သော နေရာကို ရွေးချယ်ပြီးသော် ခဏနားသည်။ ထို့နောက် ရှေ့လက်ပြားများဖြင့် မြေကိုတူးဆွခြင်း၊ နောက် ခြေဖြင့် ကျစ်စာများကို ယက်ထုတ်ခြင်းတို့ဖြင့် တွင်းကို တတ်နိုင်သလောက် အတန်ကျယ်ပြီး နက်စွာ တူးပြီးနောက် ခဏနားပြန်သည်။ ဖြည်းဖြည်းချင်းပင်ပန်းကြီးစွာ တူးရသဖြင့် ထိုသို့တူးသည့်အချိန်သည် နာရီအနည်းငယ်ကြာတတ်သည်။ ထို့နောက် ထိုတွင်းထဲ၌ ဥပေါင်းတစ်ရာ၊ တစ်ရာကျော်ခန့်ကိုဥသည်။ ထို့နောက် မြေကို နေသားတကျ ပြန်၍ တွင်းကို ဖုံးပစ်သည်။
ထိုသို့ ဥဥခြင်းလုပ်ငန်း အလုံးစုံပြီးသောအခါ လိပ်မ၏ ဦးခေါင်း ၊ ကိုယ်လုံး နှင့် မျက်စိတို့တွင် သဲနှင့် အညစ်အကြေးများ ပေကျံနေပြီဖြစ်သည်။ မျက်လုံးထဲသို့ သဲများဝင်ခြင်းကြောင့် လိပ်မများသည် ထိုအချိန်တွင် မျက်ရည်များစွာထွက်လေ့ရှိသည်။ သို့ရာတွင် သူမ၏ လုပ်ငန်းမပြီးသေး လိပ်ဥသိုက်မှန်း အခြားသူများမသိအောင် အနီးအနားရှိ သစ်ကိုင်း အခက်အလက်များ ကောက်ရိုးများ သစ်ရွက်များဖြင့် ဖုံးအုပ်သေးသည်။
လုပ်ငန်းအကုန်ပြီးစီးသောအခါ လိပ်မကြီးသည် ရေထဲသို့ ပြန်၍ဆင်း၏။ ပင်လယ်လိပ်တို့သည် ကုန်းပေါ်တွင်ကြာမြင့်စွာ နေပါက သေဆုံးသွားမည်ဖြစ်သည်။ ထို့ကြောင့် ယင်းဥတို့ကို ဝပ်ခြင်းမရှိပေ။ သို့သော် ထူးဆန်းသည်မှာ လိပ်မ၏ မေတ္တာကြောင့် ယင်းဥတို့ ပေါက်ဖွားလာကြရ၏။ ဥ- ဥသော မိခင်လိပ်မကြီး သေဆုံးသွားလျှင်မူ သဲသောင်ပြင်မှ လိပ်ဥတို့သည်လည်း လိပ်ကောင်ပေါက်ကလေးများ အဖြစ်သို့ ရောက်မလာတော့ဘဲ ပုပ်သိုးပျက်စီးသွားသည်ဟူ၏။
မိခင်လိပ်မကြီး၏ အဝေး၌ရှိသော လိပ်ဥတို့သည် အဘယ်ကြောင့် မိခင်လိပ်မကြီး အသက်ရှင်နေမှသာ မပျက်မစီး ပေါက်ဖွားလာကြပြီး မိခင်လိပ်မကြီး သေဆုံးသွားသည့်အခါတွင် အဘယ်ကြောင့် လိပ်ဥများ ပုပ်ပျက်သွားရသနည်း။ လိပ်ဥတို့သည် မိခင်လိပ်မကြီးနှင့် တွေ့ထိ ဆက်စပ်မူ ကင်းသည် မဟုတ်လော။ ထို့ကြောင့် မိခင်လိပ်မကြီး မရှိသော်လည်း ဥအဖြစ်မှ အကောင်ပေါက်အဖြစ် ရောက်လာသင့်ပေသည်။
သို့သော် တကယ့်လက်တွေ့တွင် ယင်းသို့ မဖြစ်ပေ။ ထိုအချက်သည်ပင် မိခင်လိပ်မ၏ မေတ္တာကို နက်နက်ရှိုင်းရှိုင်း ဖော်ပြလိုက်ခြင်းဖြစ်သည်။
ဤသို့လျှင် အသိဉာဏ်မရှိသော အဟိတ်တိရစ္ဆာန်မတို့၌ပင် ကြီးမားသော မေတ္တာတရား နူးညံ့သိမ်မွေ့သော မေတ္တာတရားတို့ကို တွေ့ရပါက အသိဉာဏ်ရှိ၍ ကောင်းမူ၊ ဆိုးမူ စသည်တို့ကို စဉ်းစားဆင်ခြင် နှိုင်းချိန်တတ်သော ဉာဏ်ကြီးရှင် လူသားဖြစ်သည့် အမျိုးသမီးတို့၌ အဘယ်သို့လျှင် ကြီးမားနူးညံ့သော မေတ္တာတရာ မကိန်းအောင်းဘဲ ရှိပါအံ့နည်း။ အဟိတ်တိရစ္ဆာန်တို့ထက် သာလွန်သော မေတ္တာတရားရှိရမည်သာ။ ထို့ကြောင့် မ ဗီဇဖြစ်သော အမျိုးသမီးတို့သည် မေတ္တာဓာတ် အားကြီးသူများဖြစ်ကြောင်း အသိအမှတ်ပြုသင့်လှပေသည်။
” အမျိုးသမီးဘဝနှင့် ဗုဒ္ဓအမြင် ” – အရှင်ကောလိယ
Wikipedia
Discussion about this post