မူရင်း ရေးသားသူ – Swam Htet
သဲကန္တာရ မြေခွေးဟု လူသိများခဲ့သည့် ဖီးမာရှယ် ရွန်းမဲလ်သည် ဒုတိယကမ္ဘာစစ်ကြီး အတွင်း၌ သူ အုပ်ချူပ် ကွပ်ကဲသည့် ဂျာမန် စစ်ကြောင်းများ နှင့်အတူ သူနှင့် တိုက် ခိုက်ခဲ့သော ရန်သူများ၏ လေးစားသမှု အပြုခံခဲ့ရသော ဂျာမန် စစ်သားကောင်း တစ်ဦး ဖြစ်ပေသည်။ ပထမကမ္ဘာစစ်ကြီး အတွင်း အီတလီ ရှေ့တန်း စစ်မျက်နှာ၌ သူ၏ ရဲဝံ့စွန့်စားသော လုပ်ရပ်များကြောင့် ရွန်းမဲလ်သည် ပိုလာမဲရစ် ဟုခေါ်သော ဆုတံဆိပ် ချီးမြှင့်ခြင်း ခံခဲ့ရသည့် အရာရှိတစ်ဦးလည်း ဖြစ်သည်။
ဒုတိယကမ္ဘာစစ်မီးကြီး တဟုန်းဟုန်း တောက်လောင်လာသော အချိန် ၁၉၄၀ ခုနှစ်တွင် ပြင်သစ်ကို ကျူးကျော် ဝင်ရောက်သောအခါ ရွန်းမဲလ်သည် အမှတ် (၇) တင့်ကား တပ်မှူး အဖြစ် ထင်ရှား ကျော်ကြားခဲ့သည်။ မြောက်အာဖရိကတွင် ဂျာမန်တပ်များ နှင့် အီတလီတပ်များကို ဦးဆောင် တိုက်ပွဲဝင်ခဲ့ခြင်းသည် ရွန်းမဲလ်အား ထူးချွန်မှု အရှိဆုံးသော တပ်မှူးများထဲမှ တစ်ဦးအဖြစ်သို့ ရောက်ရှိစေခဲ့သည့်အပြင် သဲကန္တာရ မြေခွေး ဆိုသော ဘွဲ့ထူး ဂုဏ်ထူးကိုလည်း ရရှိစေခဲ့၏။
ရွန်းမဲလ်အား သဲကန္တာရ စစ်ဆင်ရေးတွင် ကျွမ်းကျင်လိမ္မာမှု အရှိဆုံးသော တပ်မှူ း တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြသည့်အပြင် ကြင်နာတတ်သော၊ စစ်သားကောင်း ပီသသော အရာရှိတစ်ဦး အဖြစ်လည်း သတ်မှတ်ခဲ့ကြပြန်သည်။ ရွမ်းမဲလ်သည် နာဇီစစ်တပ်ဘက်မှ စစ်ရာဇဝတ်မှုဖြင့် စွပ်စွဲခြင်း မခံခဲ့ရသည့် တစ်ဦးတည်းသော စစ်ဗိုလ်ချူပ်ကြီးလည်း ဖြစ်သည့်အပြင် နာဇီ စစ်ဗိုလ်ချူပ်များထဲတွင် မဟာမိတ်တို့ ပြတိုက်၌ အမှတ်တရ အခန်းဖြင့် ဂုဏ်ပြုခြင်း ခံခဲ့ရသော တစ်ဦးတည်းသော နာဇီ ဗိုလ်ချူပ်လည်း ဖြစ်သည်။
ထို့ပြင် အာဖရိကစစ်ဆင်ရေးတွင် အဖမ်းဆီးခံခဲ့ရသော မဟာမိတ် စစ်သားများကိုလည်း လူသားချင်း စာနာ ထောက်ထားစွာ ဆက်ဆံခဲ့သူအဖြစ် ထင်ရှားခဲ့သူလည်း ဖြစ်သည်။ ဖမ်းဆီးရမိသော ဂျူး လူမျိူး စစ်သားများ၊ အရပ်သားများအား သတ်ဖြတ်ဖို့ အမိန့်ပေးရန် အတွက် လျစ်လျူ ရှုခဲ့သူလည်း ဖြစ်သည်။
“ရွန်းမဲလ် ၏ ငယ်စဉ်ဘဝ”
ရွန်းမဲလ် ကို ၁၈၉၁ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ဂျာမနီနိုင်ငံ တောင်ပိုင်း၌ မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူမှာ ပရော်ဖက်ဆာတစ်ဦး ဖြစ်ပြီး ရွန်းမဲလ်သည် မွေးချင်း လေးယောက် ထဲတွင် ဒုတိယမြောက် ဖြစ်သည်။ ဖခင်ဖြစ်သူမှာ ငယ်ရွယ်စဉ် အချိန်က အမြောက်တပ်တွင် အမှုထမ်းခဲ့ပြီး အဖေဖြစ်သူ၏ ဆန္ဒကို လိုက်လျောသည့် အနေဖြင့် အသက် (၁၈) နှစ်တွင် ရွန်းမဲလ်သည် အင်ဂျင်နီယာ တစ်ဦး ဖြစ်ရန် မူရင်းဆန္ဒကို ပယ်ဖျောက်ပြီး တပ်ထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
၁၉၁၁ ခုနှစ်တွင် စစ်ကျောင်းမှ ဘွဲ့ရခဲ့ပြီးသည့်နောက် ဗိုလ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ယင်းအချိန်၌ ရွန်းမဲလ်သည် အမျိုးသမီး တစ်ဦး နှင့် ငြိစွန်းခဲ့ပြီး သမီးတစ်ဦး ထွန်းကားခဲ့သည်။ အဆိုပါ အမျိုးသမီးနှင့် ပြတ်စဲသွားပြီးနောက် အနာဂတ်တွင် သူ၏ ဘဝကြင်ဖော် ဖြစ်လာမည့် အမျိုးသမီးတစ်ဦးအား တွေ့ဆုံခဲ့ပြီးနောက် ၁၉၁၆ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ၁၂ နှစ် အကြာတွင် သား ယောကျာ်းလေး တစ်ဦး ထွန်းကားခဲ့သည်။ ရွန်းမဲလ် သမီးဖြစ်သူ၏ မိခင်မှာ ကွယ်လွန်သွားခဲ့သဖြင့် သမီးဖြစ်သူအား သူ၏ ဘဝ တစ်လျှောက်လုံး ကြည့်ရှုစောင့်ရှောက်ခဲ့၏။
သဲကန္တာရ စစ်ဆင်ရေးတွင် ရိုက်ကူးထားသော များပြားလှစွာသော ဓာတ်ပုံများထဲ၌ သမီးဖြစ်သူမှ ပြုလုပ်ပေးထားသည့် အကွက်ဖေါ်ထားသော လည်စည်းပုဝါကို စည်းထားသည့် ရွန်းမဲလ်ကို တွေ့ရလေ့ရှိသည်။ ရွန်းမဲလ်၏ သားဖြစ်သူမှာ နောင်တွင် စတုဂတ်မြို့တော်ဝန် ဖြစ်လာခဲ့သည်။
“ရွန်းမဲလ် နှင့် ပထမကမ္ဘာစစ်ကြီး”
ပထမကမ္ဘာစစ်ကြီး စတင်သောအခါ ရွန်းမဲလ်သည် ပြင်သစ်၊ ရိုမေးနီးယား နှင့် အီတလီနိုင်ငံများတွင် တိုက်ပွဲဝင်ခဲ့ပြီး သူ၏ ပြောင်မြောက်သော သတ္တိ၊ မြန်ဆန်လှသည့် နည်းဗျူဟာ ဆုံးဖြတ်ချက်များနှင့် ရန်သူများ ကမောက်ကမ ဖြစ်နေချိန်ကို အကျိူးရှိရှိ အသုံးချတတ်မှုများကြောင့် အောင်မြင်မှုများ ရရှိခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် 2nd Class Iron Cross နှင့် ၁၉၁၅ ခုနှစ်တွင် 1st Class Iron Cross ဆုများ ချီးမြှင့်ခြင်း ခံခဲ့ရသည်။
ရွန်းမဲလ်သည် ကာပိုရက်တို တိုက်ပွဲတွင် ထူးချွန်စွာ တိုက်ခိုက်ခဲ့ခြင်းကြောင့် ၁၉၁၈ ခုနှစ်တွင် ဂျာမနီ နိုင်ငံ၏ အမြင့်ဆုံး သူရဲကောင်းဘွဲ့ ဖြစ်သည့် ပိုလာမဲရစ် ဆုတံဆိပ်ကို ချီးမြှင့်ခြင်း ခံခဲ့ရပြီး အဲလ်ပ် တောင်တန်းကြီး၏ အရှေ့မြောက်ဘက်ရှိ Isonzo မြစ်တွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲ၌ သူကိုယ်တိုင် ဦးဆောင် တိုက်ခိုက်ခဲ့မှုကြောင့် ဖြစ်သည်။
အဆိုပါ တိုက်ပွဲတွင် ရွန်းမဲလ်၏ တပ်၌ အသေအပျောက် လွန်စွာ နည်းပါးလှသည်။ (၆) ယောက်သာ ကျဆုံးခဲ့ပြီး အယောက် (၃၀) သာ ဒဏ်ရာရခဲ့သော်လည်း ရန်သူဘက်မှ အရာရှိ (၁၅၀) နှင့် တပ်သား (၉၀၀၀) ကျော် ဖမ်းဆီးရမိခဲ့ပြီး အမြောက် နှင့် လက်နက် ပစ္စည်းပေါင်း (၈၁) ခုကို သိမ်းပိုက်ရရှိခဲ့သည်။
ပထမကမ္ဘာစစ်ကြီးအတွင်း၌ ရွန်းမဲလ်မှာ သုံးကြိမ်တိတိ ဒဏ်ရာ ရရှိခဲ့သည်။
ပထမကမ္ဘာစစ်ကြီး ပြီးသည့်နောက်ဝယ် ရွန်းမဲလ်သည် တောင်ပိုင်း ဂျာမန်တစ်ဦး ဖြစ်သည့်အလျောက် ပစားပေးခြင်း မခံရဘဲ စစ်ကြီး ပြီးဆုံးသွားသောအခါ သာမန် ရာထူးဖြင့် ချောင်ထိုးခံလိုက်ရသဖြင့် စစ်ကျောင်းတွင် ၁၉၂၉ ခုနှစ်မှ ၁၉၃၃ ခုနှစ်အထိ သရုပ်ပြတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့၏။ ထိုအချိန်တွင် ကြည်းတပ် သင်တန်းအတွက် အရာရှိလက်စွဲ စာအုပ် တစ်အုပ်ကို ရေးသားပြုစုခဲ့ပြီး ကိုယ်ပိုင်အချိန်၌လည်း ကြည်းတပ် စစ်ဆင်ရေး အမည်ရသော စာအုပ်တစ်အုပ်ကို ရေးသားခဲ့၏။
ယင်းစာအုပ်ထဲတွင် ပထမကမ္ဘာစစ်ကြီးအတွင်း သူပါဝင် ပတ်သက်ခဲ့ရသည့် အမျိုးမျိုးသော တိုက်ပွဲများအကြောင်းကို သူ၏ ထင်မြင်ချက်များဖြင့် ပေါင်းစပ်ပြီး ရေးသားထားခြင်း ဖြစ်သည်။ စစ်အတွင်းက ရေးသားထားခဲ့သည့် ရွန်းမဲလ်၏ နေ့စဉ်မှတ်တမ်း စာအုပ်သည်လည်း စစ်ဖက်ဆိုင်ရာ သင်ရိုးညွန်းတမ်း အဖြစ် အဆင့်မြင့်စွာ အသိအမှတ်ပြု ခံရသည့်အပြင် ၎င်းစာအုပ်အား ဟစ်တလာကိုယ်တိုင် စိတ်ဝင်စားမှု အပြည့်အဝဖြင့် ဖတ်ရှုပြီး အတည်ပြုပေးခဲ့သည်။
၁၉၃၅ ခုနှစ်တွင် ဟစ်တလာလူငယ်ဟု အမည်ပေးထားသည့် နာဇီပါတီ သစ္စာတော်ခံများက လည်ပတ်နေသည့် နိုင်ငံရေး အဖွဲ့အစည်းတစ်ခုတွင် ရွန်းမဲလ်အား တာဝန်ပေးအပ်ခြင်း ခံရသည်။
၁၉၃၈ ခုနှစ်တွင် ဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ရွန်းမဲလ်သည် စစ်အကယ်ဒမီတွင် တာဝန်ပေးအပ်ခြင်း ခံရပြန်သည်။ အဆိုပါ နေရာ၌ တာဝန်ထမ်းဆောင်ပြီး မကြာခင်မှာပင် ရွန်းမဲလ်အား ဟစ်တလာ၏ သက်တော်စောင့် တပ်ရင်းကို ကြီးကြပ်ကွပ်ကဲရန် ဟစ်တလာ ကိုယ်တိုင် မေတ္တာရပ်ခံခဲ့ခြင်းကြောင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရသည်။ ၎င်းတပ်ရင်း၏ တာဝန်မှာ ဂျာမနီပြင်ပသို့ ဟစ်တလာ ခရီးသွားတိုင်း လုံခြုံရေးတာဝန် ယူပေးရခြင်းပင် ဖြစ်သည်။
“ဒုတိယကမ္ဘာစစ်ကြီး နှင့် ရွန်းမဲလ်”
၁၉၃၉ ခုနှစ်တွင် ပိုလန်သို့ ကျူ းကျော် တိုက်ခိုက်သောအခါ၌ ရွန်းမဲလ်သည် တပ်မှူးအဖြစ် စီမံ ကွပ်ကဲခဲ့ပြီး ဟစ်တလာနှင့်လည်း ထိတွေ့မှု များလာခဲ့သည်။ ဂျာမန်တို့က ပိုလန်အား ကျူးကျော်ခြင်း နှင့်အတူ ပြင်သစ်နှင့် အင်္ဂလန်တို့ကလည်း ဂျာမနီအား စစ်ကြေညာခဲ့သည်။
ပိုလန်ကို သိမ်းပိုက်ပြီးသည့်နောက်တွင် ရွန်းမဲလ်သည် ပုံမှန်ကြည်းတပ်ကို ကွပ်ကဲလိုကြောင်း ဖော်ထုတ် တောင်းဆိုခဲ့သဖြင့် ဟစ်တလာက “မင်းကို ပန်ဇာတပ်မ တစ်ခုပေးဖို့ စီစဉ်ပေးမယ်” ဟု ဆိုကာ ၁၉၄၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမှတ် (၇) တင့်ကားတပ်ကို ရွန်းမဲလ်၏ ကွပ်ကဲမှုအောက်သို့ ထားရှိခဲ့သည်။
ယန္တရားတပ်များကို ကိုင်တွယ်ကွပ်ကဲမှုပြုရန် သင်တန်း ၃ လ တက်ပြီးနောက် ၁၉၄၀ ခုနှစ်၊ မေလတွင် ပြင်သစ်သို့ ကျူးကျော်တိုက်ခိုက်သောအခါ ရွန်းမဲလ်၏ တင့်ကားတပ်သည် လူသိများလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လျင်မြန်သော တိုက်ခိုက်မှုနှင့် ရှေ့သို့ မြန် ဆန်စွာ ချီတက်နိုင်ခဲ့ခြင်းတို့ကြောင့် ရွန်းမဲလ်၏ တင့်ကားတပ်သည် မကြာခဏ ဆိုသလိုပင် ဂျာမန်စစ်ဘက် ထိပ်တန်း ခေါင်းဆောင်များနှင့် အဆက်အသွယ် ပြတ်တောက်သွားလေ့ရှိသည်။
မှတ်တမ်းတင်ထားသည့် ယုံကြည်ဖွယ်ရာရှိသည့် မှတ်တမ်းများအရ တင့်ကားများ တစ်နေ့တာ ချီတက်လေ့ရှိသော ခရီး အကွာအဝေးမှာ မိုင်ပေါင်း (၂၀၀) နီးပါးခန့်ပင် ဖြစ်သည်။ ရွန်းမဲလ်၏ တိုက်ခိုက်နည်း ဗျူ ဟာအပေါ်တွင် အကောင်းမြင် လက်ခံသူများ ရှိခဲ့သလို အဆိုးမြင် ဝေဖန်သူများလည်း ပေါ်ထွက်ခဲ့၏ ။
ရွန်းမဲလ်၏ ဥရောပစစ်မြေပြင် အောင်မြင်မှုများကြောင့် ဗိုလ်ချူပ်အဆင့်သို့ ရာထူးတိုးမြှင့် ပေးခြင်း ခံခဲ့ရပြီး ၁၉၄၁ ခုနှစ် အစောပိုင်းတွင် ဗြိတိသျှ ဓနသဟာယ နိုင်ငံများမှ တပ်များကြောင့် အကြီးအကျယ် အရှုံးနှင့် ရင်ဆိုင်နေရသော အီတလီ စစ်ကြောင်းများကို တပ်ကူပေးရန်အတွက် ရွန်းမဲလ်အား အာဖရိက မြောက်ပိုင်းရှိ လစ်ဗျားနိုင်ငံသို့ စေလွှတ်ခြင်း ခံရသည်။
မြောက်အာဖရိက သဲကန္တာရ တိုက်ပွဲများကြောင့် ဗြိတိသျှ ဂျာနယ်လစ်များက ရွန်းမဲလ်အား သဲကန္တာရ မြေခွေး ဆိုသော နာမည်ကို ပေးခဲ့ကြသည်။
မြောက်အာဖရိက စစ်ဆင်ရေးတွင် ရွန်းမဲလ်သည် ဂျာမန်တပ်များနှင့် အီတလီတပ်များအား ကွပ်ကဲ၍ တိုက်ပွဲပေါင်း (၉) ခုကို အောင်မြင်စွာ တိုက်ခိုက်ခဲ့ပြီး မဟာမိတ် တပ်များအား ထိတ်လန့်စေခဲ့သည်။ သူ၏ ဂါဇလာတိုဘရပ် တိုက်ပွဲတွင် ထူးချွန်ပြောင်မြောက်သော နည်းဗျူ ဟာကြောင့် ဖီးမာရှယ် ဟူသော ဗိုလ်ချူပ်ကြီး အဆင့်အထိ တိုးမြှင့်ပေးခြင်း ခံခဲ့ရသည်။
သဲကန္တာရအတွင်း သဲမုန်တိုင်းများ တိုက်ခတ်နေသည့် အခါမျိုးနှင့် ညအမှောင်ထုတို့သည် ရွန်းမဲလ်အဖို့ သူ၏ တပ်အား ကွယ်ဖျောက်ရန်အတွက် အသုံးပြုလေ့ရှိသည့် အရာများပင် ဖြစ်သည်။
ဌာနချုူပ်မှ အချိန်ကြာမြင့်စွာ ပျောက်နေတတ်လေ့ရှိသဖြင့် ကျန်ရစ်ခဲ့သော လက်ထောက် တပ်မမှူးမှာ ရွန်းမဲလ်အား ဦးစွာတိုင်ပင်ရန် မလိုဘဲ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချနိုင်အောင် စီမံထားခဲ့သည်။
တစ်ခါတစ်ရံ ရွန်းမဲလ် ရောက်ရှိနေသော နေရာနှင့် သူ၏ ဌာနချုပ်မှာ မိုင်(၂၅၀)ခန့်ပင် ကွာဝေးနေတတ်သည်။
သို့သော် ဟစ်တလာသည် ဆိုဗီယက်အား တိုက်ခိုက်နေသည့် အချိန်ဖြစ်သည့်အပြင် အာဖရိက စစ်မြေပြင်အား စိတ်မဝင်စားသည့်အတွက် ရွန်းမဲလ် မှာ ထောက်ပံ့ရေး ပြဿနာများဖြင့် ရင်ဆိုင်နေရလေ့ရှိသည်။ အဆိုးဆုံးမှာ မဟာမိတ်တပ်ဘက်မှ အာလာမိန်း တိုက်ပွဲတွင် တန်ပြန်ထိုးစစ် ဆင်နေချိန်တွင် ထောက်ပံ့မှုအား လုံလောက်စွာ မပေးနိုင်ခဲ့မှုကြောင့် ရွန်းမဲလ်၏ တပ်များမှာ မောင့်ဂိုမာရီ တပ်များကို ရှုံးနိမ့်ခဲ့ရသည်။
သူကိုယ်တိုင်လည်း ကျန်းမာရေး မကောင်းသဖြင့် ဂျာမနီသို့ ပြန်သွားခဲ့ရပြီးနောက် ဟစ်တလာက သူ့အား နော်မန်ဒီ ကမ်းခြေ ကာကွယ်ရေးအတွက် တာဝန်ပေးခဲ့သည်။
စစ်သမိုင်းပညာရှင်များ အဆိုအရ အကယ်၍ ဟစ်တလာသာ အာဖရိက စစ်မြေပြင်အတွက် ထောက်ပံ့ရေးကို လုံလောက်စွာ ပေးခဲ့မည်ဆိုပါက ဒုတိယကမ္ဘာစစ်တွင် ဂျာမန်တို့ အနိုင်ရလိမ့်မည်ဟု ယူဆခဲ့ကြသည်။
ထို့နောက် နော်မန်ဒီ ကမ်းခြေကို မဟာမိတ်တပ်များ ထိုးစစ်ဆင်လာသောအခါ ရွန်းမဲလ်တပ်များက ခုခံတိုက်ခိုက်ခဲ့ကြပြီး ညနေပိုင်းတွင် ရွန်းမဲလ်သည် တပ်များကို စစ်ဆေးနေချိန်၌ မဟာမိတ်လေတပ်မှ ရွန်းမဲလ်၏ ကားကို ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
နော်မန်ဒီကမ်းခြေ ကာကွယ်ရေးအတွက် ခံတပ်များ တည်ဆောက်ရာတွင်လည်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို တည်ဆောက်ရေးတွင် မခိုင်းစေခဲ့ဘဲ သုံ့ပန်းပေါ်လစီအတိုင်း ထားခဲ့သည့်အပြင် ပြင်သစ်ဂျူ းများကို သတ်ပစ်ရန် ဟစ်တလာ အမိန့်ပေးခဲ့သည်ကိုလည်း ငြင်းဆန်ခဲ့ကြောင်း နောက်ပိုင်းတွင် သိရှိလာခဲ့သည်။
“ရွန်းမဲလ်၏ ဘဝနိဂုံး”
ဗြိတိန်ဝန်ကြီးချူပ်ဖြစ်သူ ဝင်စတန်ချာချီ၊နှင့် ဘားနဒ်မောင့်ဂိုမာရီ အပါအဝင် အခြား အထင်ကရ ခေါင်းဆောင်များက ရွန်းမဲလ်အား ရန်သူပင် ဖြစ်သော်လည်း လေးစားခဲ့ကြသည်။
ရွန်းမဲလ်မှာ ဟစ်တလာ နှစ်ခြိုက် သဘောကျသည့် လက်ရွေးစင် ဗိုလ်ချူပ်များ စာရင်းတွင် ပါရှိခဲ့သည်။ ထို့အတူ မဟာမိတ်တို့ဘက်မှ အစီအစဉ်ချပြီး လုပ်ကြံသတ်ဖြတ်ရန်အတွက် ပြုလုပ်ထားသော စာရင်းထဲတွင် ရွန်းမဲလ်၏ အမည်လည်း ပါဝင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ရွန်းမဲလ်အား လုပ်ကြံ သတ်ဖြတ်ရန်အတွက် အနည်းဆုံး နှစ်ကြိမ်တိုင်တိုင် မဟာမိတ်တို့ဘက်မှ ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။
“ဂျာမန် အဓိပတိ ဟစ်တလာအား လုပ်ကြံမှု”
ဟစ်တလာအား ဆန့်ကျင်မှုများသည် ကွန်ဆာဗေးတစ်ပါတီ နှင့် စစ်တပ်အတွင်း၌ အမြဲတမ်း ဆိုသလိုပင် ရှိနေခဲ့သည်။ ဆိုဗီယက်သို့ ကျူ းကျော်မှု ကျျဆုံးခဲ့ခြင်းနှင့်အတူ ဆန့်ကျင်မှုများသည်လည်း ပြန်လည် စတင်လာခဲ့သည်။ ၁၉၄၄ ခုနှစ် အစောပိုင်းတွင် ရွန်းမဲလ်၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ သုံးဦးမှ ရွန်းမဲလ်အား ဟစ်တလာကို လုပ်ကြံရန် ပူးပေါင်းကြံစည်မှု အတွင်းသို့ ပါဝင်လာအောင် စတင် ကြိုးပမ်းခဲ့သည်။
ဂျာမနီအား ကယ်ဆယ်ရန်ဆိုသော အခြေအနေ တစ်ရပ်ကို ရွန်းမဲလ် မှ လက်ခံခဲ့သော်လည်း ဟစ်တလာအား လုပ်ကြံသတ်ဖြတ်ရန် အစီအစဉ်ကိုမူ ဆန့်ကျင်ခဲ့သည်။ ဟစ်တလာအား လုပ်ကြံလိုက်လျှင် ဂျာမနီနှင့် သြစတြီးယားတွင် ပြည်တွင်းစစ်မီး တောက်လောင်လာအောင် အစပျူ ိးပေးလိုက်သလို ရှိမည်ဟု ရွန်းမဲလ်က ယုံကြည်ခြင်းကြောင့်ပင် ဖြစ်သည်။ လုပ်ကြံမည့်အစား ဟစ်တလာအား ဖမ်းဆီးပြီး ခုံရုံးတင်ရန် ရွန်းမဲလ်မှ တိုက်တွန်းခဲ့သည်။
ဇူလိုင်လ (၂၀) ရက်နေ့တွင် ဟစ်တလာအား လုပ်ကြံသည့် ဗုံးခွဲတိုက်ခိုက်မှု ကျဆုံးခဲ့ပြီးသည့်နောက် လုပ်ကြံမှုတွင် ပါဝင်သူ အများအပြား ဖမ်းဆီးခံခဲ့ရပြီး ရွန်းမဲလ်၏ နာမည်ကိုလည်း ဆွဲထည့်ခဲ့သည်။ ထိုအချိန်တွင် ရွန်းမဲလ်မှာ နော်မန်ဒီတိုက်ပွဲမှ ရရှိခဲ့သော ဒဏ်ရာများကြောင့် အိမ်တွင် အနားယူနေချိန်လည်း ဖြစ်သည်။ သို့သော် ဂတ်စတာပိုမှ လုပ်ကြံမှုတွင် ပါဝင်သူများကို စစ်ဆေးသောအခါ ရွန်းမဲလ် ပါဝင်ကြောင်း ဝန်ခံခဲ့ခြင်း၊ အကယ်၍ လုပ်ကြံမှု အောင်မြင်ခဲ့ပါက ရွန်းမဲလ်အား ခေါင်းဆောင် နေရာတွင် လျာထားခြင်းနှင့် ပြင်သစ်နိုင်ငံရှိ နာဇီပါတီမှ တာဝန်ရှိသူများက ရွန်းမဲလ်သည် နာဇီပါတီအပေါ် ကျယ်ကျယ်ပြန့်ပြန့်နှင့် အထင်အမြင်သေးစွာ ဝေဖန်နေသည်ဟု သတင်းပေးပို့မှုများသည် ရွန်းမဲလ်အား အဆင်းကို ဘီးတပ်ပေးသလို ဖြစ်နေခဲ့သည်။
“ရွန်းမဲလ် သေဆုံးခြင်း”
စစ်ခုံးရုံးဖွဲ့၍ လုပ်ကြံမှုတွင် ပါဝင်သူများအား စစ်ဆေးပြီး သေဒဏ်များကို ညတွင်းချင်း ပေးခဲ့ပြီး အချို့ကို ထောင်ချခဲ့သည်။ ထိုအချိန် ဖြစ်ပျက်နေသမျှကို အိမ်တွင် နေထိုင်နေသော ရွန်းမဲလ်မှာ လုံးဝ မသိရှိခဲ့သေးပေ။ ဟစ်တလာမှာ ရွန်းမဲလ်အား အခြားသူများနည်းတူ ခုံရုံးဖွဲ့၍ သေဒဏ်ပေးရန် မဖြစ်ကြောင်း စဉ်းစားမိသဖြင့် ရွန်းမဲလ်အား မိမိကိုယ်ကို အဆုံးစီရင်ခွင့် ပေးလိုက်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။
ဟစ်တလာ၏ ဌာနချုပ်မှ ဗိုလ်ချူ ပ်နှစ်ဦးသည် ရွန်းမဲလ်၏ အိမ်သို့ ၁၉၄၄ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီး သူ့အား တင်ထားသော စွဲချက်များကို ရွန်းမဲလ်အား အသိပေး အကြောင်းကြားခဲ့ပြီး လူထုခုံရုံး အတင်ခံမည် သို့မဟုတ် မိမိကိုယ်ကို သတ်သေမည် ဆိုသည့် လမ်းနှစ်သွယ် အနက်မှ တစ်ခုကို ရွေးချယ်စေခဲ့သည်။
လူထုခုံရုံး အတင်ခံရလျှင် သူ၏ လက်အောက်ငယ်သားများပါ အဖမ်းခံရပြီး မိသားစုမှာလည်း ပြစ်ဒဏ် စီရင်ခံရပြီးနောက် အသတ်ခံရပေမည်။
ဒုတိယတစ်ခုကို ရွေးချယ်ခဲ့လျှင် အစိုးရသည် သူ၏ မိသားစုအား အငြိမ်းစား ပင်စာလစာ အပြည့်အဝ ပေးအပ်ရန်နှင့် သူ၏ ဈာပနကို နိုင်ငံတော် အခမ်းအနားဖြင့် သူရဲကောင်းတစ်ဦး သေဆုံးသကဲ့သို့ ပြုလုပ်ပေးမည်ဟုလည်း ဟစ်တလာက ပြောကြားခဲ့သည်။
ဟစ်တလာ လွှွတ်လိုက်သူများက ဆိုင်ယာနိုက် အဆိပ်ဆေးတောင့် တစ်တောင့်ကိုလည်း တစ်ပါတည်း ယူဆောင်လာခဲ့သည်။ ရွန်းမဲလ်သည် မိနစ်အနည်းငယ် တစ်ကိုယ်တည်း စဉ်းစားပြီးသည့်နောက် သူ၏ ဘဝကို အဆုံးသတ်ရန် ရွေးချယ်ထားပြီးကြောင်း ကြေညာခဲ့ပြီး သူ၏ ဆုံးဖြတ်ချက်ကို ဇနီးနှင့် သားဖြစ်သူတို့အား ရှင်းပြခဲ့သည်။
ထို့နောက် ရွန်းမဲလ်အား ကားဖြင့် ခေါ်ဆောင်သွားခဲ့ပြီး ဆိုင်ယာနိုက် အဆိပ်သောက်၍ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ပြီးနောက် သူ၏ဘဝကို အသက် (၅၂) နှစ် အရွယ်တွင် နိဂုံးချုပ်ခဲ့သည်။ နုရင်ဘတ် ခုံရုံးတွင် စစ်ဆေးစဉ်က အဆုံးစီရင်စဉ် လိုက်ပါခဲ့သော ဗိုလ်ချူပ် ၂ ဦး၏ ပြောကြားချက်အရ လမ်းခရီးတွင် အဆိပ်တောင့်ကို ကိုက်၍ သတ်သေသွားခဲ့သည်ဟု ပြောကြားခဲ့သော်လည်း နောင်အခါတွင် သေချာစေရန် သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ်ခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
အမှန်တကယ်တော့ ဟစ်တလာသည် အမျူ ိးသား သူရဲကောင်းသဖွယ် ဖြစ်လာသည့် ရွန်းမဲလ်အား ကြောက်ရွံ့လာသဖြင့် တိတ်တဆိတ် ဖယ်ရှားလိုသည့် အတွက်ကြောင့် ရွန်းမဲလ်အား အဆိပ်သောက်၍ ကိုယ့်ကိုကိုယ် အဆုံးစီရင်ရန် အခြေအနေသို့ တွန်းပို့ခဲ့ခြင်းပင် ဖြစ်သည်။
ထိုစဉ်က တရားဝင်အောင် လုပ်ကြံထားသည့် ဇာတ်လမ်းများတွင် ရွန်းမဲလ်သည် နှလုံးရောဂါ ခံစားရသဖြင့် (သို့) နော်မန်ဒီ ကမ်းတက်တိုက်ပွဲတွင် သူစီးနင်းလာသော ကားကို မဟာမိတ်တို့ဘက်မှ စပစ်ဖိုင်းယား လေယာဉ်ပျံ တစ်စင်းပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့စဉ်က ရရှိထားသည့် ဒဏ်ရာများကြောင့် သေဆုံးသွားကြောင်း ဖော်ပြခဲ့သည်။
ရွန်းမဲလ်၏ ဈာပနကို ဟစ်တလာကိုယ်တိုင် မတက်ရောက်ခဲ့ဘဲ သူ၏ကိုယ်စား ဖီးမာရှယ်လ် တစ်ဦးအား စေလွှတ်ခဲ့၏။ နာဇီတို့သည် ရွန်းမဲလ်၏ အလောင်းတွင် နာဇီအလံများဖြင့် ခမ်းနားစွာ တန်ဆာဆင် ပေးခဲ့ကြသည်။
ရွန်းမဲလ် သေဆုံးရခြင်း၏ အကြောင်းအရင်း အမှန်ကို ၁၉၄၅ ခုနှစ်၊ ဧပြီလတွင် ရွန်းမဲလ်၏ ဇနီးဖြစ်သူထံမှ မဟာမိတ်တို့က အကြောင်းအရင်း အလုံးစုံကို သိရှိခဲ့ကြသည်။ ထိုအခါတွင် မဟာမိတ်တို့ဘက်မှလည်း ရွန်းမဲလ်၏ ဘဝဇာတ်သိမ်းကို ပို၍ သနားလာခဲ့ကြသည်။
စစ်ကြီး ပြီးဆုံးသွားခဲ့ပြီးနောက် ဟစ်တလာအား လုပ်ကြံမှုတွင် ရွန်းမဲလ် ပါဝင် ပတ်သက်ခဲ့သည်ကို သိရှိခဲ့သောအခါ၌ ရွန်းမဲလ်၏ ကြေကွဲစရာ ဘဝဇာတ်သိမ်းကို မဟာမိတ်နိုင်ငံများမှလည်း စာအုပ်များ၊ အမှတ်တရ အထိမ်းအမှတ်များဖြင့် ဂုဏ်ပြုထားရှိခဲ့ကြလေသည်။
Swam Htet
Discussion about this post