ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ၊ ကမ္ဘာအေးစေတီလမ်း အမှတ်(၁၃၁)တွင် တည်ရှိသည့် ကမ္ဘောဇရိပ်သာ ဟု ထင်ရှားသောချင်းချောင်းနန်းတော်သည် သက်တမ်း နှစ် တစ်ရာပြည့်ခဲ့ပြီဖြစ်သည်။
ချင်းချောင်းနန်းတော်ကို မြန်မာနိုင်ငံတွင် အခြေချနေထိုင်ခဲ့သည့် တရုတ်လူမျိုး မစ္စတာ လင်ချင်းချောင်း(Mr. Lim Chin Tsong)က ၁၉၁၅ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ အနီရောင်အုတ်များ၊ အစိမ်းရောင်အုတ်ကြွပ်များဖြင့် တည်ဆောက် ထားသည့် အထပ် ငါး ထပ်ပါဝင်သော ပေ ၁၂၀ မြင့်သည့် ချင်းချောင်း နန်းတော် အဆောက်အအုံ သည် တရုတ်နိုင်ငံ၊ဘေဂျင်းမြို့ရှိ Yihe Yuan နွေရာသီနန်းတော် မှ Fu Xiang ပွဲကြည့်ဆောင် နှင့် ပုံသဏ္ဍာန် ဆင်တူသည်။ ချင်းချောင်းနန်းတော်သည် အရှေ့တိုင်း နှင့် အနောက်တိုင်း ဗိသုကာ ဒီဇိုင်းများ ကို ပေါင်းစပ်တည်ဆောက်ထားသည့် ကိုလိုနီခေတ် လက်ရာအဆောက်အအုံ ဖြစ်သည်။ ကောင်းကင် အမြင့်မှကြည့်လျှင် ကြယ်ပွင့် ပုံ သဏ္ဍာန် မြင်ရ သည့် ချင်းချောင်းနန်းတော်ကို နှစ် နှစ် ကျော်ကြာ တည်ဆောက်ခဲ့ရပြီး ရူပီးငွေ နှစ် ဒသမ နှစ်သန်း ကျော် ကုန်ကျခဲ့ ကာ ၁၉၁၈ ခုနှစ်တွင်ပြီးစီးခဲ့သည်။
ချင်းချောင်းနန်းတော်သည် အောက်ပိုင်းကို အင်္ဂလိပ် အိမ်ကြီးရခိုင်ပုံစံယူထားပြီး အပေါ်ပိုင်းကို တရုတ် ဘုရားကျောင်းပုံစံ ယူကာ အထက်သို့ ချွန်လျက် တည်ဆောက်ထားသည်။ အဆောက်အအုံ တစ်ခုမှာပင်အနောက်တိုင်း နှင့် အရှေ့တိုင်းပုံစံ နှစ်မျိုးကို ထူးထူး ခြားခြား ယှဉ်တွဲ ထားသည့် ပုံစံဖြစ်သည်။နန်းတော် အထက်တွင် အင်္ဂလိပ်ပုံစံ ရာသီဥတု နှင့် လေတိုက်နှုန်း ညွှန်းတံ ဇာမဏီ ငှက်ရုပ်လေး တစ်ခုတပ်ဆင်ထားကာ အဆောက်အအုံတွင် ပြူတင်းပေါက်အများအပြားထည့်သွင်းထားသည်။(၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းကြောင့် ယခုအခါတွင် ထို ငှက်ရုပ်ကလေးမရှိတော့ပါ)။ နန်းတော် ရှေ့ ပန်းဥယျာဉ်အား သန့်ရှင်းသပ်ရပ်သော အင်္ဂလိပ်ပုံစံ ပန်းခြံ အဖြစ်ဖန်တီးထားသည်။ ဒုတိယထပ်တွင် ဥယျာဉ်တစ်ခုလုံးကို ပတ်ပတ်လည် မြင်နိုင်သည့် လသာဆောင်ကို ထည့်သွင်း တည် ဆောက်ထားသည်။
မစ္စတာ လင်ချင်းချောင်းသည် နန်းတော် ဟု တင်စားခေါ်ဆိုသည့် သူ၏နေအိမ်ကြီးကို တရုတ် နှင့် အီတလီနိုင်ငံမှ မှာယူခဲ့ သော ပစ္စည်းများဖြင့် အလှဆင်ခဲ့သည်။ အဆောက်အုံ အတွင်းပိုင်းဒီဇိုင်းများ ပြုလုပ်ရန် အင်္ဂလန်နိုင်ငံမှ ထင်ရှားသည့် အင်္ဂလိပ် လူမျိုး ပန်းချီဆရာ Ernest Procter နှင့် ဇနီးဖြစ်သူ ပန်းချီဆရာမ Dod Procter တို့ ကို ဖိတ်ခေါ်ခဲ့သည်။ အဆောက်အအုံ အတွင်း ပိုင်း နံရံပန်းချီများကို ယင်းအင်္ဂလိပ် ပန်းချီ ဆရာ မောင်နှံ က ရေးဆွဲခဲ့သည်။
လင်ချင်းချောင်းသည် သူ၏ ချင်းချောင်းနန်းတော်တွင် ဧည့်ခံပွဲများစွာ ကျင်းပပြုလုပ်ခဲ့ရာ၁၉၂၀ ပြည့်နှစ်တွင် အရှေ့တောင် အာရှသို့ ခရီးထွက်လာသော ပြင်သစ်ဝန်ကြီးချုပ် Georges Clemenceau မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ် လင်ချင်းချောင်းက ပြင်သစ် ဝန်ကြီးချုပ်အား ချင်းချောင်းနန်းတော်သို့ ဖိတ်ခေါ်ဧည့်ခံခဲ့သည်။ ကမ္ဘာကျော် စာရေးဆရာ မောလင်ကောလစ်သည် လင်ချင်းချောင်း ကွယ်လွန် ပြီးနောက် ချင်းချောင်းနန်းတော်သို့ လာရောက်လည်ပတ်ခဲ့ဖူးသည်။ မောရစ်ကောလစ်က ချင်းချောင်းနန်းတော်၌ တရုတ် ကြွေထည်များ၊ ပါရှန်း ကောဇောများ၊ ကြေးသွန်း စည်ကြီးများ၊ ပြောင်လက်နေသောကြမ်းခင်းများ၊ အဖြူရောင်အမွှေးပွ ခွေးလေး တစ်ကောင် တို့နှင့် အတူ့် မြန်မာပန်းချီဆရာကြီး ဦးဘဉာဏ် ၏ လက်ရာပန်းချီကား ကို တွေ့ရှိခဲ့ရကြောင်း သူ၏ “နေဝင် ဘုရင်များ” စာအုပ် တွင် ရေးသားခဲ့ သည်။
လင်ချင်းချောင်းသည် တရုတ်လူမျိုး စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်ပြီး ရော်ဘာစိုက်ပျိုးရေးလုပ်ငန်း၊အထည်အလိပ် လုပ်ငန်း၊ ဆီလုပ်ငန်း၊ ဆန်ကုန်သွယ်ရေး၊ သတ္တုတူးဖော်ခြင်းနှင့် ဘဏ်လုပ်ငန်း များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ လင် ချင်းချောင်းအား တရုတ်နိုင်ငံ ဖူကျန့် (Fujian) ပြည်နယ်မှ မြန်မာနိုင်ငံသို့ ၁၈၆၁ ခုနှစ်တွင် ပြောင်းရွှေ့ အခြေ ချခဲ့ သည့် တရုတ် လူမျိုး လင်ဆူဟင်း (Lim Soo Hean) က ၁၈၆၇ ခုနှစ် အောက်တိုဘာလ ၂၈ ရက်တွင်မွေးဖွားခဲ့သည်။ လင်ချင်းချောင်း၏ ဖခင် သည် ရန်ကုန်မြို့သို့ ရောက်ရှိ လာပြီးနောက် ဆန်နှင့် စိုက်ပျိုးရေး ထွက်ကုန် များ အရောင်းအဝယ်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။
ယင်းအချိန်သည် ဗြိတိသျှတို့က အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် အထက် မြန်မာနိုင်ငံကို ဆက်လက် သိမ်းပိုက် ရန် ကြံစည်နေချိန်ဖြစ်သည်။ လင်ဆူဟင်းသည် အင်္ဂလိပ်များနှင့် စီးပွားရေးယှဉ်ပြိုင် လုပ်ကိုင်ခဲ့ရာတွင် အဓိက ရင်ဆိုင်ခဲ့ရသည့် အခက် အခဲတစ်ခုဖြစ်သည့် ပညာရေး အားနည်းမှုကို ကောင်းစွာ သဘောပေါက် သိရှိခဲ့သဖြင့် မိမိ၏ သားဖြစ်သူ လင်ချင်းချောင်းကို ရန်ကုန်မြို့ရှိ စိန့်ပေါလ် ကျောင်း(ယခု ဗိုလ်တထောင် အထက ၆ ) နှင့် ရန်ကုန် ကောလိပ် တို့တွင် အင်္ဂလိပ်စာ ကောင်းစွာ တတ် မြောက်စေရန် ပညာသင်ယူစေခဲ့သည်။
၁၈၈၅ ခုနှစ်တွင် လင်ဆူဟင်းကွယ်လွန်သွားသည့်အခါ အသက် ၁၈ နှစ်သာရှိသေးသည့် လင်ချင်ချောင်းသည် ဖခင်၏ စီးပွားရေးလုပ်ငန်းများ ကို ဆက်ခံ လုပ်ကိုင်ခဲ့ သည်။ ထိုနှစ်မှာပင် သီပေါမင်းနှင့် မိဖုရားတို့ ပါတော်မူကာ မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှတို့ လက်အောက်သို့ ကျရောက်ခဲ့သည်။ ထို့ကြောင့် လင်ချင်းချောင်းသည် အဂံလိပ်များနှင့် စီးပွားရေးယှဉ်ပြိုင် လုပ်ကိုင်ခဲ့ ရသည်။ ငယ်ရွယ်တက်ကြွသော လင်ချင်းချောင်း သည် ပင်လယ်ကူး သင်္ဘောများ ဝယ်ယူကာ သူ၏ စီးပွားရေးလုပ်ငန်းကို စင်္ကာပူ၊ ပီနန်၊ ဟောင်ကောင်၊ ကွမ်တုံ နှင့် အမွိုင် တို့အထိ တိုးချဲ့လုပ်ဆောင်ခဲ့သည်။လန်ဒန်တွင် အခြေစိုက်သည့် ရေနံကုမ္ပဏီကြီး ဖြစ် သော ဘားမားရေနံ ကော်ပိုရေးရှင်း (BOC) က လင်ချင်းချောင်းအား ၁၈၉၁ ခုနှစ်တွင် ဒေသတွင်း တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ်ခန့်အပ်ခဲ့သည်။
ထို့ကြောင့် လင်ချင်းချောင်းသည်မြန်မာနိုင်ငံအတွင်းရေနံဖြန့်ဖြူးရေးကိုလုပ်ကိုင်ခဲ့ရုံသာမက ပီနန်၊စင်္ကာပူ၊ ဟောင်ကောင် နှင့် အမွိုင် ဒေသများအထိ ရေနံဖြန့်ဖြူးရောင်းချနိုင်ခဲ့သည်။ရေနံလုပ်ငန်းကြောင့် လင်ချင်းချောင်းသည် အလွန် ကြွယ်ဝလာခဲ့ကာ ရေနံ တင်သင်္ဘောများကို ပိုင်ဆိုင်ခဲ့သည်။ ရော်ဘာ၊ ဂွမ်း၊ဆီစက်၊ ဓာတ်သတ္ထုတူးဖော်ရေးလုပ်ငန်းများကို တိုးချဲ့ လုပ်ကိုင်ခဲ့သည်။ပင်လယ် ရပ်ခြားတွင် အခြေစိုက်သည့် အချမ်းသာဆုံး တရုတ်လူမျိုး လုပ်ငန်းရှင်တစ်ဦးဖြစ်လာခဲ့သည်။ လင်ချင်း ချောင်းသည် မြန်မာအမည် ပိုးဥခေါ် Tan Guat Tean နှင့် လက်ထပ် ခဲ့ ကာ သားသမီးရှစ်ဦးထွန်းကားခဲ့သည်။
လင်ချင်းချောင်းသည် ထည်ထည်ဝါဝါ နေထိုင်သူတစ်ယောက်ဖြစ်သကဲ့သို့ပရဟိတလုပ်ငန်းများတွင် လည်းသဒ္ဓါတရား ထက်သန်စွာ လှူဒါန်းသူ တစ်ယောက် ဖြစ်သည်။ ရန်ကုန်မြို့တွင် အင်္ဂလိပ်စာသင်ကြားရေးကျောင်းများ နှင့် အမျိုး သမီးဆေးရံတစ်ရုံ ဆောက်လုပ်ရန် ငွေများလှူဒါန်းခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် သူနှင့် သူ၏စီးပွားဖက်များက ရန်ကုန် မြို့တွင် အင်္ဂလိပ်နှင့် တရုတ်ကပြား ယောက်ျားလေးများနှင့် မိန်းကလေးများအတွက် Anglo Vernacular ကျောင်းများတည် ထောင် ခဲ့သည်။ နောက် နှစ် နှစ်အကြာ ၁၉၀၇ ခုနှစ်တွင် လင်ချင်းချောင်းကျောင်းဟု ထင်ရှားသည့် ကိုယ်ပိုင်ကျောင်းကို တည်ထောင် ခဲ့ သည်။ အဆိုပါကျောင်းမှ အင်္ဂလိပ် ဘာသာဖြင့် လေ့ကျင့်သင်ကြားပေးထားသည့် ပညာတတ် အမြောက်အမြား ပေါ်ထွက်ခဲ့ပြီး ရန်ကုန်မြို့ တွင် လာရောက်ပညာ သင်ယူကြသည့် ဟောင်ကောင်နှင့် မကာအိုမှ ကျောင်းသားများလည်း ပါဝင်သည်ဟု ဆိုပေသည်။
လင်ချင်းချောင်းသည် မြန်မာနိုင်ငံ ဥပဒေပြု ကောင်စီ၏အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ၁၉၁၉ ခုနှစ်တွင် ပထမကမ္ဘာစစ်အတွင်းက အစိုးရကို ငွေကြေးထောက်ပံ့မှုများပေးခဲ့သဖြင့် ဗြိတိသျှ အင်ပါယာ ဂုဏ်ထူး ဆောင်ဘွဲ့ (OBE) ချီးမြှင့်ခြင်းခဲ့ရသည်။ ၁၉၂၁ ခုနှစ် တွင် ဗြိတိသျှ အစိုးရက အိန္ဒိယနိုင်ငံမှအပ အခြားနိုင်ငံများသို့ ဆန်တင်ပို့ ရောင်းချခြင်းကို ပိတ်ပင်လိုက်သည့်အခါ မြန်မာနိုင်ငံ၏ ဆန်ဈေး ကွက် ပျက်ခဲ့ရကာ လင်ချင်းချောင်း၏ စီးပွားရေးလုပ်ငန်းများ ရပ်တံ့ခဲ့သည်။ လင်ချင်းချောင်း၏ဆန် ရောင်းဝယ်မှုလုပ်ငန်း ပျက်စီးသွားခဲ့ သည်။
ရုတ်ခြည်း စီးပွားကျခဲ့ကာ သူ၏ ရိုးရွိုက်စ်ကားများ အပါအဝင် ပိုင်ဆိုင်မှုများကို ရောင်းချခဲ့ရပြီး မိတ်ဆွေ များထံ မှ ငွေ ချေး ငှားရသည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။ထိုအချိန်မှာပင် ပင်လယ်ကူးမီးသင်္ဘောနစ်မြုပ်မှုများနှင့် ထပ်မံရင်ဆိုင် ရပြန်သည်။ လင်ချင်းချောင်းသည် မိမိနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့သူတို့၏ လိမ်လည်မှုများ၊မှားယွင်းစွာချုပ်ဆိုမိခဲ့သောစာချုပ်များကြောင့် သူ၏ကုမ္ပဏီသည် အကြွေးများဖြင့် ပတ်လည်ဝိုင်းခဲ့သည်။ တစ်ချိန်က အလွန် ချမ်းသာကြွယ်ဝ ခဲ့ သော တရုတ်သူဌေးကြီး လင်ချင်းချောင်း၏ နောက်ဆုံးနေ့ ရက်များသည် ဆင်းရဲ သား လူမွဲတစ်ယောက် အဖြစ် ဘဝနိဂုံးချုပ်ခဲ့ရသည်။ လင်ချင်းချောင်းသည် ချင်းချောင်းနန်း တော် ကြီး ဖွင့်လှစ်ပြီး သုံး နှစ်အကြာ ၁၉၂၃ ခု နှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် နှလုံးရောဂါဖြင့် အိပ်ပျော်နေစဉ် ကွယ်လွန်ခဲ့သည်။
၁၉၂၄ ခုနှစ် ဇွန်လ ၁၀ ရက်တွင် ချင်းချောင်း နန်းတော် ကို ဒေဝါလီခံ ကြွေးသိမ်းပစ္စည်းအဖြစ်ကြေညာခဲ့သည်။ ချင်းချောင်းနန်းတော်သည် ဂျပန် လူမျိုး ကြွေးရှင်တစ်ယောက်၏လက်သို့ ပထမဆုံး ရောက်ရှိသွားပြီး ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ် အတွင်း မြန်မာနိုင်ငံကို ဂျပန်တို့ အုပ်စိုးထားစဉ် ရေဒီယို အသံလွှင့်ဌာနအဖြစ် အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် အိန္ဒိယ လူမျိုး စီးပွားရေးသမားများ လက်အောက်သို့ ရောက်ရှိသွားပြီး ၁၉၅၁ ခုနှစ်တွင် နိုင်ငံတော်ပိုင် ကမ္ဘောဇရိပ်သာ ဖြစ်လာခဲ့ကာ ၁၉၈၈ ခုနှစ် အထိ လမ်းစဉ်လူငယ် စည်းရုံးရေး ဗဟိုကော်မတီ ဌာနချုပ် အဖြစ် ဖွင့်လှစ်ခဲ့သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ယဉ်ကျေးမှု ဝန်ကြီး ဌာနမှ ထိန်းသိမ်းထားခဲ့သည်။
ကိုလိုနီခေတ်လက်ရာ ရှေး ဟောင်းအဆောက်အအုံ တစ်ခုဖြစ်သည့် ချင်းချောင်းနန်းတော်သည် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်း သိမ်း ရေး ဥပဒေ ပုဒ်မ၂ (က) အရ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကိုက်ညီမှုရှိသဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာန က ယဉ်ကျေးမှုအမွေ အနှစ် အဖြစ် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် သတ်မှတ်ခဲ့သည်။ ယခုအခါတွင် ကမ္ဘောဇရိပ်သာ(ချင်းချောင်းနန်းတော်)သည် ယဉ်ကျေးမှုဝန်ကြီးဌာန၏ကွပ်ကဲမှုအောက်တွင်ရှိကာ အနုပညာဦးစီးဌာနက အနုပညာအထက်တန်းကျောင်း ဖွင့်လှစ်ထားသည်။
ကမ္ဘောဇ ရိပ်သာ (ချင်းချောင်းနန်းတော်) သည် ဆယ်စုနှစ် ဆယ်ခုနီးပါး မြန်မာနိုင်ငံ၏ သမိုင်းအဆက်ဆက်ကို ဖြတ်သန်းခဲ့ သည့် သမိုင်းဝင် အဆောက်အဦတစ်ခု ဖြစ်သဖြင့် ယင်းအဆောက်အအုံကို ယဉ်ကျေးမှုအမွေအနှစ်ဒေသ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာ ဇုန်( Ancient Monumental Zone) အဖြစ် သတ်မှတ်နိုင်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနက ဥပဒေနှင့် နည်း ဥပဒေများပါ ပြဋ္ဌာန်းချက်များ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိနေသည်။သို့ဖြစ်ပေရာ ကိုလိုနီခေတ်လက်ရာရှေး ဟောင်း သမိုင်းဝင် အဆောက်အအုံကြီးအား ရေရှည်တည်တံ့ နေစေရန် အားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြခြင်းဖြင့် မြန်မာ့အတိတ် သမိုင်း သက်သေ တစ်ခုကို စောင့်ရှောက်ရာ ရောက်မည်သာဖြစ်ပေသည်။
မောင်သာ(ရှေးဟောင်းသုတေသန)
၆ ၊ ၉ ၊ ၂၀၁၅ ရက်ထုတ် မြန်မာ့အလင်း သတင်းစာမှ
Discussion about this post