လူတိုင်းလိုလိုဟာ အိပ်မက်အကြီးကြီးတွေ ဆန္ဒအကြီးကြီးတွေထားရှိတတ်ပါတယ်။ ဒါပေမယ့် လူအနည်းငယ်ကသာ သူတို့ရည်မှန်းထားတဲ့ ပန်းတိုင်ကို ဆုပ်ကိုင်နိုင်ပြီး ကျန်တဲ့သူပေါင်းများစွာကတော့ အိပ်မက်မက်ရင်းနဲ့ပဲ ဘဝကို ကုန်ဆုံးလေ့ရှိပါတယ်။ ဒီလို သူတို့ရည်မှန်းချက်ကို မဖြစ်မနေ အကောင်အထည်ဖော်တဲ့လူအနည်းငယ်ထဲမှာ မော်ရိုကိုက သိုးကျောင်းသမလေး Najat Belkacem(နာဂျက် ဘတ်ကာဆမ်) လည်းပါဝင်ပါတယ်။
သူမရဲ့ နာမည်အပြည့်အစုံက Najat Vallaud-Belkacem(နာဂျက် ဘဲလုဒ် ဘတ်ကာဆမ်) ဖြစ်ပါတယ်။ သူမကို ၁၉၇၇ အောက်တိုဘာ ၄ရက်နေ့မှာ မော်ရိုကိုက Beni Chiker ဆိုတဲ့ ရွာသာသာမြို့ငယ်လေးတစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ သားသမီး ၇ယောက်ရှိတဲ့ အထဲက ဒုတိယမြောက်သမီးဖြစ်ပါတယ်။ ဖခင်က ဆောက်လုပ်ရေးလုပ်သားတစ်ဦးဖြစ်ပြီး မိသားစုများလွန်းတဲ့ သူမတို့မိသားစုဟာ အလွန်ဆင်းရဲခဲ့ပါတယ်။
ဒါကြောင့် သူမဟာ ငယ်စဉ်ကတည်းက သိုးတွေ ၊ ဆိတ်တွေကိုကျောင်းတဲ့ အလုပ်နဲ့ အဲဒီသိုးတွေ ဆိတ်တွေကို ရေတိုက်တဲ့အလုပ်ကို လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် သူမဟာ ပညာရေးကို အလွန်ဝါသနာပါပြီး အချိန်ရှိသ၍ ကြိုးစားနေတတ်သူဖြစ်ပါတယ်။ ဒါကြောင့်လည်း အတန်းရဲ့ ထိပ်ဆုံးနေရာတွေကို အမြဲရလေ့ရှိသူဖြစ်ပါတယ်။ သူမရဲ့ရည်မှန်းချက်ကတော့ ထိပ်တန်းနိုင်ငံခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ပါတဲ့။
အဲဒီနောက်တော့ တစ်မိသားစုလုံး မော်ရိုကိုကနေ ပြင်သစ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အခွင့်အလမ်းများစွာရှိတဲ့နေရာဖြစ်သလို ဒုက္ခပေါင်းစုံကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ အဆိုးဆုံးကတော့ သူမဟာ ပြင်သစ်စကားမပြောတတ်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ အခက်အခဲတွေကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး မဆုတ်မနစ်ကြိုးစားခဲ့တာကြောင့် တဖြည်းဖြည်း အဆင်ပြေလာခဲ့တယ်။
ပါရီက နိုင်ငံရေးသိပ္ပံသင်တန်းကျောင်း တက်ခဲ့ပြီး ယောင်္ကျားလေးသူငယ်ချင်းတွေထားတာ ၊ နိုက်ကလပ် သွားတာတွေကို လုံးဝမလုပ်ခဲ့ပါဘူး။ ဖခင်ဖြစ်သူက တင်းကျပ်ထားတဲ့အပြင် သူမကိုယ်တိုင်လည်း ပညာရေးသည်သာ သူမအတွက်တစ်ခုတည်းသော အခွင့်အလမ်းလို့ သိထားလို့ဖြစ်ပါတယ်။ သူမဘဝတစ်ခုလုံးကို ပညာသင်ကြားရေးမှာပဲမြုပ်နှံထားခဲ့တာကြောင့် အလွန်ထူးချွန်ခဲ့ပြီး ပြင်သစ်နိုင်ငံရဲ့နာမည်ကြီး Sciences Po (Paris Institute of Political Studies) ဆိုတဲ့ တက္ကသိုလ် တက်ဖို့အခွင့်အရေးရခဲ့ပါတယ်။
ဒီကျောင်းမှာ သူမဟာ နိုင်ငံရေးအပြင် စီမံခန့်ခွဲရေး နဲ့ တီထွင်ဆန်းသစ်မှုတွေကို သင်ယူခဲ့ပါတယ်။ ဒီကျောင်းတက်ခဲ့တာဟာ သူမသွားချင်တဲ့ နိုင်ငံရေးလမ်းကြောင်းအတွက် ကြီးစွာသော အထောက်အပံ့ဖြစ်ခဲ့တယ် လို့ သူမက ဆိုပါတယ်။ ဒီကျောင်းတက်နေရင်းနဲ့ပဲ သူမမိဘတွေကိုဝန်လျော့စေဖို့အတွက် အချိန်ပိုင်းအလုပ် နှစ်ခုကို တွဲလုပ်ခဲ့ပါသေးတယ်။ သူမရဲ့ အချိန်အားလုံးဟာ ကျောင်း နဲ့ အလုပ် မှာပဲ ကုန်ဆုံးခဲ့ရပါတယ်။
သူမ အသက် ၂၅နှစ်မှာတော့ Sciences Po တက္ကသိုလ် ကနေ သူမဟာ နိုင်ငံရေးဆိုင်ရာဘွဲ့ကို ရရှိခဲ့ပါတယ်။ ဘွဲ့ရပြီးပြီးချင်းမှာပဲ လိုင်ယွန်မြို့မှာရှိတဲ့ ပြင်သစ်ဆိုရှယ်လစ်ပါတီကို ဝင်ရောက်ခဲ့ပြီး သူမရဲ့နိုင်ငံရေးလုပ်ငန်းများကို စတင်ခဲ့ပါတယ်။ အဲဒီနောက်တော့ ပါတီဝင် အကြံပေးတစ်ယောက်ဖြစ်လာခဲ့တယ်။ ၂၀၀၅ခုနှစ်မှာ Boris Vallaud(ဘောရစ်ဘဲလုဒ်) ဆိုသူနဲ့လက်ထပ်ခဲ့ပြီး ကလေးအမွှာရခဲ့ပါတယ်။ မိသားစု နဲ့ အလုပ်ကြားမှာ လုံးဝအားလပ်တဲ့အချိန်ဆိုတာ မရှိခဲ့သလောက်ပါပဲ။
ပါတီအတွက် ၇ နှစ်ဆက်တိုက် နိုင်ငံရေးအလုပ်တွေလုပ်ခဲ့ပြီးတဲ့နောက် ၂၀၁၂မှာ ပါတီရဲ့အကြီးအကဲဖြစ်လာခဲ့ပြီး ရွေးကောက်ပွဲဝင်ခဲ့ရာမှာ အမျိုးသမီးရေးရာ ဝန်ကြီးအဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ အဲဒီနောက်တော့ ၂၀၁၄ ခုနှစ်မှာ လူငယ်ရေးရာ နဲ့ အားကစားဝန်ကြီး ၊ မြို့တော်ရေးရော ဝန်ကြီး ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ ပညာရေးဝန်ကြီးဖြစ်လာခဲ့ပါတယ်။ ၂၀၁၇ မေလ အထိ ပြင်သစ်ရဲ့ ပညာရေးဝန်ကြီးတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ သူမတတ်ကျွမ်းရာ နယ်ပယ်တွေမှာ ကူညီအားဖြည့်ရင်း သင်တန်း ၊ ဟောပြောပွဲ ၊ Debate များကို လုပ်ဆောင်လျှက်ရှိပါတယ်။
လူအနည်းစုသာ အောင်မြင်ရတဲ့အကြောင်းကို သူမက ဒီလိုပြောခဲ့ပါတယ်။
“လူအများစု မအောင်မြင်ရတာကတော့ သူတို့မှာ ဘယ်အချိန်မှာ ငါဘာဖြစ်ရမယ်ဆိုတဲ့ တိတိကျကျရည်မှန်းချက်မရှိတာ အပြင် အဲဒီရည်မှန်းချက်ဖြစ်လာဖို့ ဘာအခက်အခဲကိုမဆို ရင်ဆိုင်ကျော်ဖြတ်ပစ်မယ် ဆိုတဲ့စိတ်ဓာတ်မရှိကြလို့ပါပဲ။ ရည်မှန်းချက်တိတိကျကျရှိပြီး အခက်အခဲတိုင်းကို မလျှော့တဲ့ဇွဲနဲ့ ရင်ဆိုင်နိုင်တဲ့သူတိုင်း တစ်နေ့မုချ အောင်မြင်ရမယ် လို့ ကျွန်မပြောရဲပါတယ်။”
Discussion about this post