ရေးသားသူ – ဆိုင်မွန်ထူးသန့်
ဓာတ်ပုံ – ဆိုင်မွန်ထူးသန့်
(၁) သီရိပစ္စယာ
ပုဂံမင်းဆက်(၇)ဆက်မြောက်ဖြစ်သော သေလည်ကြောင်မင်းသည် မြို့တော်ကို အေဒီ(၄)ရာစုခန့်တွင် ယုန်လွှတ်ကျွန်းအရပ်မှ လောကနန္ဒာအရပ်သို့ပြောင်းရွေ့နန်းစိုက်လေသည်။ ထိုမင်းလက်ထက် မြို့တော်သည် ဘုန်းကျက်သရေ လျှံဝေတောက်ညီးသဖြင့် “သီရိပစ္စယာ”ဟုအမည်တွင်လေသည်။သီရိပစ္စယာမြို့တော်သည် ယုန်လွှတ်ကျွန်းအရပ်ကဲ့သို့ မဟုတ်ပဲ ပထဝီအနေအထားကောင်းမွန်သည်။မြစ်ကမ်းနံဘေးတွင် တည်ရှိသဖြင့်ရေအလုံအလောက်ရသည်။ လမ်းပန်းဆက်သွယ်ရေးပိုမိုလွယ်ကူသည်။ “လောကနန္ဒ”ဆိပ်ကမ်းသည်ပင် သီရိပစ္စယာ အောက်စွယ်တွင်တည်ရှိသောကြောင့် ကူးသန်းရောင်းဝယ်ရေး၊စီးပွားရေးအတွက်ပါအချက်အချာကျသေးသည်။
သီရိပစ္စယာတွင် မင်းပေါင်း (၆)ဆက်စိုးစံခဲ့ပြီး သိုက်တိုင်မင်းလက်ထက်တွင် ကုန်းပိုင်းကျသော တပ္ပဝတီသို့ပြောင်းရွှေ့နန်းစိုက်လေသည်။ မြို့တော်ပြောင်းရွှေ့ရခြင်းအကြောင်းရင်းကားမသိရချေ။ သို့သော်သက္ကရာဇ် ၆၅၂ထိုးတရုတ်ပြန်ဘုရားမင်စာ၌
“ငါ့ကောင်းမှုကို ဖျက်သသူကား ညောင်ဦးကသည် သီရိပစ္စယာတိုင်အောင် ကမ်းပြိုသကဲ့သို့ စီးပွားချမ်းသာယုတ်စေသော်”ဟုကျိန်ဆိုထားသည်ကို ထောက်လျှင် ထိုခေတ်ကတည်းကပင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုသည် ဆိုးဝါးခဲ့ဟန်တူသည်။ မြစ်ကမ်းပါးပြိုကျမှုဒဏ်ကိုကာကွယ်ရန် ပိုမိုလုံခြုံစိတ်ချရသော ကုန်းတွင်းပိုင်းသို့ပြောင်းရွေ့နန်းစိုက်ခဲ့သည်လောဟု တွေးတောမိသည်။ သီရိပစ္စယာဒေသတွင် လေ့လာဖွယ်ရာ ရှေးဟောင်းစေတီပုထိုးများစွာတည်ရှိသည်။ လောကနန္ဒာစေတီနှင့် ဖက်လိပ်ဘုရားတို့မှာထင်ရှားသည်။
(၂)ဖက်လိပ်ဘုရားများ
ဖက်လိပ်ဘုရားများကား ပုဂံရှေးဟောင်းသုတေသနနယ်မြေ သီရိပစ္စယာရွာတောင်ဘက် နာမည်ကျော်လောကနန္ဒာဘုရား သွားရာလမ်းနံဘေးတွင်တည်ရှိသည်။ ဖက်လိပ်ဘုရား နှစ်ဆူရှိသောကြောင့် ကွဲပြားစေရန် အရှေ့ဘက်တွင်ရှိသော အဆူကို အရှေ့ဖက်လိပ်ဟူ၍လည်းကောင်း၊ အနောက်အရပ်ရှိအဆူကို အနောက်ဖက်လိပ်ဟူ၍လည်းကောင်းခေါ်တွင်သည်။ ပါးစပ်ရာဇဝင်များအရ ဖက်လိပ်ဘုရားများကို စောလူးမင်းကောင်းမှုဟုဆိုကြသည်။သို့သော် ယင်းအဆောက်ဦးများတွင်တွေ့ရှိရသော ရှေးဟောင်းပစ္စည်းများ၊ရှေးဟောင်းအက္ခရာပုံစံ၊ ဗိသုကာလက်ရာတို့ကိုထောက်ထား၍ ပညာရှင်ကြီးများက အနော်ရထာမင်းလက်ထက်ထက် နောက်မကျကြောင်း ခန့်မှန်းတွက်ဆကြသည်။
စေတီနှစ်ဆူလုံးမှာ အောက်ခြေလေးထောင့်တွင် ပေါင်းကူးမိုး၍ အပေါ်တွင် သီဟိုဋ္ဌပုံထူပါအထွတ်ပါရှိသည်။ ထူပါတွင် စိမ့်ညက်ညီအမစေတီကဲ့သို့အရပ်လေးမျက်နှာ မျက်နှာမူသည့်မုခ်ကပ်ငယ်လေးခုပါရှိသည်။ ခေါင်းလောင်းပုံအထက်ဆီမှ ဖောင်းရစ်နေရာအထိ ဖက်လိပ်နားတောင်းနှင့် အသွင်တူသဖြင့် ဖက်လိပ်ဘုရား ဟုခေါ်ဆိုကြသည်။ယခင်က အနောက်ဖက်လိပ်ဘုရားတွင် ခေါင်းလောင်းပုံနားအထိမြေများမို့လျက်ရှိသည်။ အရှေ့ဖက်လိပ်ဘုရားတွင်လည်း ခေါင်းလောင်းပုံအောက်အင်္ဂတေပြားအမိုးနေရာလောက်ထိမြေများ မို့လျက်ရှိခဲ့သည်။ထို့ကြောင့် လူအများစုသည် ဖက်လိပ်ဘုရားများကို သာမန်သီဟိုဠ်ပုံစေတီများဟု ယူဆကာ နှစ်အတော်ကြာအလေးမထားခဲ့ပေ။
သို့သော် ခရစ်နှစ် (၁၉၀၇)ခုနှစ်တွင် မြန်မာပြည် ကျောက်စာဌာနမှ ဖက်လိပ်ဘုရားများကို တူးဖော်သုတေသနပြုလေရာ ယင်းစေတီများအခြေတွင်ကပ်ထားသော မြေမီးဖုတ်အုတ်ကြွပ်များပေါ်ပေါက်လာခဲ့လေသည်။ အနောက်ဖက်လိပ်ဘုရား အရှေ့ဘက်မျက်နှာစာတွင် ကပ်ထားသောရုပ်ချပ်များမှာမူ တူးဖော်၍ ပေါ်စဉ်ကပင် မူလနေရာတို့မှကွာမကျသေးပေ။
(၃)မြေမီးဖုတ်အုတ်ကြွပ်များ
ဖက်လိပ်ဘုရားများတွင် တွေ့မြင်ရသည့် ရုပ်ချပ်များမှာ မြေသားကိုနိပါတ်တော်လာ ဇာတ်လမ်းသရုပ်ဖော်ပုံများ ပြုလုပ်ထားခြင်းမျိုးဖြစ်သည်။ စဉ့်သုတ်ထားခြင်းအလျှင်းမရှိပေ။ ဤအချက်သည်ပင်လျှင် အတော်ရှေးကျသည့် လက္ခဏာကိုဆောင်လေသည်။ဇာတ်လမ်းဇာတ်ကွက်များကိုပုံဖော်ပြုလုပ်ထားသည်မှာ လက်ရာအထူးကောင်းမွန်သည်။ အာနန္ဒာဂူတော်ကြီးရှိ စဉ့်ချပ်များကိုပင် ယှဉ်ပြိုင်နိုင်သည်။ ငါးရာ့ငါးဆယ်နိပါတ်တော်ဟုဆိုသော်လည်း ဇာတ်ပေါင်းကား (၅၄၇)ဇာတ်သာရှိလေရာ အနောက်ဖက်လိပ်ဘုရားတွင် (၅၅၀)ပြည့်အောင် ဝေလာမဇာတ်၊မဟာဂေါဝိန္ဒဇာတ်၊ သုမေဓပဏိဇာတ်တို့ကို ထူးထူးခြားခြားဖြည့်စွက်ထားကြောင်း တွေ့ရသည်။
ဇာတ်လမ်းသရုပ်ဖော်ရုပ်လုံးရုပ်ကြွများမှာပီပြင်သည်။နတ်၊သိကြား၊ရှင်ဘုရင်၊ အမတ်၊ ရသေ့၊ မင်းသား၊ မင်းသမီးစသည်တို့၏ နေထိုင်ဝတ်စားဟန်ကိုလည်းကောင်း မြစ်ချောင်းရေမြေ၊အဆောက်အုံပုံစံအမျိုးမျိုးတို့၏ အနေအထားကိုလည်းကောင်း၊ပုဂံခေတ်လူနေမှုစရိုက်နှင့် အသုံးဆောင်ပစ္စည်းများကိုလည်းကောင်း ပုဂံခေတ်တူရိယာပစ္စည်းများကိုလည်းကောင်း လေ့လာနိုင်သည်။
ဇာတ်တော်များကိုသရုပ်ဖော်ရာတွင် ဘုရားလောင်းကို ထီးဖြူများမိုးထားသဖြင့် ဘုရားလောင်းကိုလွယ်ကူစွာခွဲခြားသိမြင်နိုင်သည်။ သက်ဆိုင်ရာဇာတ်တော်၏အမည်နှင့် နံပါတ်ကိုလည်း ပါဠိဘာသာဖြင့်ရေးထိုးထားသဖြင့် ပုဂံခေတ်စာပေသမိုင်းကိုပါ ထင်ဟပ်လျက်ရှိသည်။ ယင်းစာလုံးများကို ယနေ့တိုင် ထင်ထင်ရှားရှားတွေ့မြင်နိုင်သည်။ ဤဖက်လိပ်ဘုရားများရှိ ရုပ်ချပ်များအနက်မှ တစ်ချပ်သည် ရွှေစည်းခုံစေတီကြီးအောက်ဆုံးအဆင့် အနောက်ဘက်မျက်နှာ အနောက်မြောက်ထောင့်မှသုံးကွက်မြောက်အကွက်တွင် ကပ်ထားလျက်ရှိသည်ကိုထူးဆန်းစွာတွေ့ရသည်။ ကဿပမန္ဒိယဇာတ်ကွက်ဖြစ်လေသည်။ မည့်သည့် အချိန်ကာလကမည်သူယူဆောင်သွားပြီး အဘယ်ကြောင့် ကပ်လေသည်ကို မသိရချေ။
(၄) ဖက်လိပ်ဘုရားမှ ရှေးဟောင်းမွန်စာများ
ဖက်လိပ်ဘုရားများသည် ရှေးအခါက ခံ့ညားထည်ဝါသည့် အသွင်သဏ္ဌာန်ရှိခဲ့ပေလိမ့်မည်။အရှေ့ဖက်လိပ်နှင့် အနောက်ဖက်လိပ်အကြားရှိအခြေခံအုတ်ရိုးများကို ကြည့်ခြင်းဖြင့် ယခင်က အဆောက်ဦးများစွာ တည်ရှိခဲ့လိမ့်မည်ဟုခန့်မှန်းရသည်။ဖက်လိပ်ဘုရားများ ဝန်းကျင်ရှိအခြေခံရုပ်ရိုးများကို တူးဖော်သုတေသနပြုစဉ်က ရှေးဟောင်းမွန်စာဖြင့်ရေးထိုးထားသည့် ကျောက်စာအပိုင်းအစများကို တူးဖော်ရရှိခဲ့သည်။
အနောက်ဖက်လိပ်ဘုရားတွင်လည်း တူးဖော်သုတေသနပြုစဉ်က အရှေ့ဘက်မျက်နှာ ရုပ်ချပ်များအကြားရှိအင်္ဂတေဘောင်ပေါ်တွင် ရှေးဟောင်းမွန်စာများဖြင့် ဇာတ်တော်ဆိုင်ရာ အကြောင်းရာများကိုရေးထိုးထားကြောင်းသိရှိရသည်။ ယင်းစာပေအထောက်အထားများသည်ပင်လျှင် ဖက်လိပ်ဘုရားများသည်သက်တမ်းရင့်ပြီး ရှေးကျသော ဘုရားများဖြစ်ကြောင်း သက်သေပြလျက်ရှိပေသည်။
(၅) နိဂုံး
ယနေ့အချိန်တွင် ဖက်လိပ်ဘုရားများကိုမူလပုံစံမပျက်အောင် ပြန်လည်ပြုပြင်ထားသည်။တူးဖော်တွေ့ရှိရသော ရုပ်ချပ်အပိုင်းအစများကို မူလနေရာမပျက်ရလေအောင် ပြန်လည်စီစဉ်ပြီးနံရံတွင်ကပ်ထားပြီး ၊ရုပ်ချပ်များ ရာသီဥတုဒဏ်ကြောင့်မပျက်စီးရလေအောင် မူလပေါင်းကူးမိုးကို ပြန်လည်တည်ဆောက်ထားသည်။ ဖက်လိပ်ဘုရားများသည်နာမည်ကျော် လောကနန္ဒာစေတီသို့ သွားရာကားလမ်းနံဘေးတွင်တည်ရှိသော်လည်း သံစကာများကာရံထားခြင်းကြောင့် သိရှိသူနည်းပါးလှသည်။ အများစုက ဖက်လိပ်ဘုရားများကိုသတိမထားမိ။ လောကနန္ဒာဘုရားကိုသာသွားရန်ဆိုင်းပြင်းသဖြင့် ဖက်လိပ်ဘုရားများကို ထိန်ချန်တတ်ကြသည်။
အမှန်တော့ ဖက်လိပ်ဘုရားများသည် ပုဂံခေတ်၏ ရှေးကျသောအနုပညာလက်ရာများ ၊စာပေအထောက်ထားများစုဝေးရာ ရတနာပုံကြီးပင်ဖြစ်သည်။ပုဂံအနုပညာလက်ရာများ အကြောင်း၊ပုဂံခေတ်အနုပညာလက်ရာများ၏ ဆင့်ကဲပြောင်းလဲလာပုံအကြောင်းကိုပြောမည်ဆိုလျှင် ဖက်လိပ်ဘုရားများကိုချန်လှပ်ထား၍ ရနိုင်မည်မထင်ပါ။ ပုဂံခေတ်၏အမွေ၊သီရိပစ္စယာ၏ရတနာဖြစ်သောဖက်လိပ်ဘုရားများကို လေ့လာကြစေလိုသည်။ လေ့လာကြဖို့ လည်း တိုက်တွန်းလိုက်ရပါတော့သည်။
ဆိုင်မွန်ထူးသန့်
၁၊၇၊၂၀၁၇
မှတ်ချက်။ ။ဖက်လိပ်ဘုရားများအတွင်းရှိရုပ်ချပ်များကိုလေ့လာရာတွင်ရုပ်လုံးရုပ်ကြွများကို လက်ဖြင့်ကိုင်တွယ်ခြင်း၊ချိုးဖဲ့ခြင်းမျာ းမပြုလုပ်ကြပါရန်မေတ္တာရပ်ခံအပ်ပါသည်
မှီးငြမ်းစာအုပ်များ
မဟာရာဇဝင်တော်ကြီး
ပုဂံဘုရားများသမိုင်း ( ဦးခင်မောင်ကြီး )
အနော်ရထာအရင်ကမြန်မာနိုင်ငံ ( ဗိုလ်မှူးဘရှင် )
ပုဂံသုတေသနလမ်းညွှန် ( ဦးဗိုကေ )
သမိုင်းကပြောသောပုဂံ၊ပုဂံကပြောသောသမိုင်း ( ဒေါက်တာသက်လွင် )
ပုဂံသွားမှတ်တမ်း ( ရွှေကိုင်းသား )
ပုဂံခရီးသွားလမ်းညွှန် ( တင်နိုင်တိုး )
Discussion about this post