ရေးသားသူ – လှတိုး (စိတ်ပညာ)
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့၌ ၁၉၃၀ ပြည့်နှစ်က အသက် လေးနှစ်အရွယ် ရှန်တီဒေဝီအမည်ရှိသော ကလေးငယ်သည် ၎င်း၏မိဘများအား အတိတ်ဘဝနှင့် ပတ်သက်သော အသေးစိတ်အချက်အလက် အချို့ကို အဖန်တလဲလဲပြောပြခဲ့သည်။ ယခင်ဘဝက သူ အသုံးပြုခဲ့သော အဝတ်အစား၊ အစားအစာ၊ ပတ်သက်ခဲ့သည့် လူပုဂ္ဂိုလ်များ၊ အဖြစ်အပျက်များနှင့် နေရာဒေသ စသည့်အကြောင်းအရာများကို ပြောဆိုခဲ့သဖြင့်မိဘများက အံ့ဩသွား၏။
ကလေးငယ် ပြောဆို ခဲ့သည့် အကြောင်းအရာများကို မှန်၊ မမှန် သိရှိရန် သွားရောက်စုံစမ်းကြည့်သောအခါ မှန်နေသည်ကို တွေ့ရ၏။ ရှန်တီပြောခဲ့သော အကြောင်းအရာများမှာ-
ကလေးငယ်က သူသည် လွန်ခဲ့သော ဘဝက လဂ်ဒီ (Lugdi) ဆိုသော အမျိုးသမီးဖြစ်ပြီး ဒေလီနှင့် ၁၂၈ ကီလိုမီတာ ကွာဝေးသည့် မက်ထရာ (Muttra) မြို့တွင် နေထိုင်သည်ဟုဆိုသည်။
မက်ထရာနယ်မြေ၌ အသုံးပြုသည့် ဒေသိယ စကားအချို့ကို သင်ယူထားခြင်းမရှိဘဲ ရှန်တီပြောနိုင်သည်။
သားယောကျာ်းလေးတစ်ဦး ဖွားမြင်ပြီး ၁၀ ရက် အကြာ၌ လဂ်ဒီ ကွယ်လွန်သွားသည်ဟု ကလေးငယ်က ပြောဆို၏။ ထိုအဖြစ်အပျက်ကို စုံစမ်းကြည့်သောအခါ မှန်နေသည်ကိုတွေ့ရ၏။
ယခင်ဘဝက ၎င်းနှင့် ခင်ပွန်းတော်စပ်သူ ကီဒါနတ် (Kedan Nath) ကို ကလေးငယ်ရှန်တီ မှတ်မိနေသည်။
အိမ်ထောင်ပြုပြီး မိမိ၏ ခင်ပွန်းသည်နှင့် မတ်ထရာမြို့တွင် အတူနေထိုင်စဉ် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်များကို ကလေးငယ်ရှန်တီ ပြောပြသည်။
ယခင်ဘဝက ၎င်းနေထိုင်ခဲ့သည့် မက်ထရာမြို့ရှိ အထင်ကရနေရာ အတော်များများကိုအတိအကျ ဖော်ထုတ်ပြောဆိုနိုင်သည်။
မက်ထရာမြို့တွင် နေထိုင်စဉ် ၎င်းနေအိမ်၌ အိမ်ထောင်ပရိဘောဂများကို မည်ကဲ့သို့ ထားသိုနေရာချသည်ကို မှန်ကန်စွာ ပြောဆိုနိုင်သည်။
ယခင်ဘဝက နေထိုင်ခဲ့သည့် နေအိမ်၏ အခန်းထောင့် မြေအောက်တွင် ရူပီး ၁၅၀ မြှုပ်ခဲ့သည်ကို သိရှိပြောပြနိုင်သည်။ ယခင် ဘဝက ၎င်း၏ ခင်ပွန်းတော်စပ်ခဲ့သူ ကီဒါနတ်က ထိုအချက်ကို မှန်၊ မမှန် သိရှိရန်အတည်ပြု ဖော်ထုတ်ပြသခဲ့သည်။
ကလေးငယ် ရှန်တီသည် ယခင်ဘ၀ လဂ်ဒီ ဖြစ်ခဲ့စဉ်က တော်စပ်ခဲ့သော မိခင်၊ ဖခင်နှစ်ဦးကို လူအုပ်ထဲမှ ရွေးထုတ်ပြနိုင်သည်။
ကလေးငယ်၏ ပြောဆိုချက်များကို မှန်၊ မမှန် သိနိုင်ရန်အတွက် စစ်ဆေးဖော်ထုတ်ရန် အဆိုပါမြို့မှ လူအများလေးစားသော ပုဂ္ဂိုလ်များ ပါဝင်သည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ အဆိုပါ ကော်မတီတွင် နာမည်ကြီး နိုင်ငံရေးသမားတစ်ဦး၊ ရှေ့နေတစ်ဦးနှင့် သတင်းစာတိုက်တစ်ခုမှ ဦးဆောင်ညွှန်ကြားရေးမှူး တစ်ဦးပါဝင်သည်။ ကော်မတီဝင်များသည် ကလေးငယ် ရှန်တီနှင့် လုံးဝမသိကြပါ။ ထို့ပြင် အဆက်အသွယ်လည်းမရှိကြချေ။ ကော်မတီသည် စုံစမ်းစစ်ဆေးပြီးသည့် အခါ၌ ကလေးငယ်ရှန်တီ၏ ပြောဆိုချက်များသည် အလိမ်အညာများ မဟုတ်ကြောင်း၊ တရားမဝင်သော နည်းလမ်းများဖြင့် ရရှိထားခြင်းမဟုတ်ကြောင်း ယုံကြည်လက်ခံ ကျေနပ်သွားကြ၏။
ကော်မတီ၏ စုံစမ်းစစ်ဆေး ဖော်ထုတ်မှုကြောင့် ကလေးငယ်ရှန်တီ၏ အကြောင်းအရာမှာ ကမ္ဘာကျော်သွားပြီး လူမှုဗေဒပညာရှင်များနှင့် စာရေးဆရာများက စိတ်ဝင်စားကာ အာရုံစိုက်လာကြသည်။ ၁၉၅၀ ပြည့်နှစ်တွင် ဆွီဒင်လူမျိုး စာရေးဆရာ စတူးရား လုံနာစထရင်း (Sture Lonnerstand) သည် အိန္ဒိယနိုင်ငံသို့ သွားရောက်ပြီး ရှန်တီဒေဝီနှင့် တွေ့ဆုံကာ လိုအပ်သည်များကို မေးမြန်းစုံစမ်းခဲ့သည်။
ရှန်တီဒေဝီကိစ္စသည် လူဝင်စားအကြောင်း အရာအတွက် စိတ်ဝင်စားစရာအကြောင်းကိစ္စဖြစ်သည်ဟူ၍သာ ဆွီဒင် စာရေးဆရာက မှတ်ချက်ချနိုင်ခဲ့သည်။ ရှန်တီဒေဝီသည် လက်မထပ်ပဲ အပျိုကြီးအဖြစ်သာ နေထိုင်သွားခဲ့သည်။ ငယ်စဉ်က အတိတ်အကြောင်းကို မကြာခဏ ပြောလေ့ရှိသော်လည်း ၁၉၅၀ ခုနှစ်မှ စ၍ ထိုအကြောင်းကိုလုံး၀ မပြောတော့ပေ။
သို့သော် ၁၉၈၆ခုနှစ်တွင်မူ ကနေဒါ စိတ်ပညာရှင် Ian Stevenson က လာရောက်အင်တာဗျူးသည့် အခါ အစအဆုံးပြန်လည်ပြောပြခဲ့သည်။ Ian Stevenson သည် ၄ရက်တိုင်တိုင် အင်တာဗျူးပြီးသည့်နောက် မှန်ကန်ကြောင်း မှတ်ချက်ပြုခဲ့ပြန်သည်။ ရှန်တီဒေဝီသည် ၁၉၈၇ခုနှစ် ဒီဇင်ဘာ ၂၇ ရက် တွင်ကွယ်လွန်ခဲ့သည်။
ဤဖြစ်ရပ်သည် သိပ္ပံပညာရှင်တို့ အဖြေမထုတ်နိုင်သည့် လူဝင်စားဖြစ်ရပ်များထဲမှ နာမည်ကြီးသည့် ဖြစ်ရပ်တစ်ခု ဖြစ်လေသည်။
လှတိုး(စိတ်ပညာ)
Ref:
Children who remember past lives By Victor Zammit & Wendy Zammit.
သုတဗဒေသာစာစောင်
Discussion about this post