မူရင်းရေးသားသူ – ဆရာတော် ရဝေနွယ် (အင်းမ)
ကုန်းဘောင်ခေတ် စာမျက်နှာတွေ လှန်လိုက်ရင် ရှေ့ပိုင်းစာမျက်နှာတွေ ဖတ်ရတာ အားပါသလောက် နောက်ပိုင်း စာမျက်နှာတွေ ကျတော့ သိပ်ပြီး အားမပါတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ “ဇာတ်သိမ်းပိုင်း” ကို သိထားပြီး ဖြစ်တာကိုး၊ ဆရာညိုမြကတော့ ကုန်းဘောင်ရှာပုံတော် စာအုပ်ထဲမှာ ကုန်းဘောင်တစ်ခေတ်ကို နေထွက်ချိန်၊ မွန်းတည့်ချိန်၊ နေဝင်ချိန်ဆိုပြီး လောကနေ့ တစ်နေ့နဲ့ ဥပမာပေးထားပါတယ်။ အတက်ကာလ၊ အဆင်းကာလအားဖြင့် ပြောမယ်ဆိုရင်တော့ အလောင်းမင်းတရားကနေ ဘိုးတော်ဘုရား နတ်ရွာစံတဲ့အထိကို အတက်ကာလ၊ ဘကြီးတော် မင်းတရားကနေ သီပေါမင်းအထိကို အဆင်းကာလလို့ ဆိုထားပါတယ်။
ပြီးတော့ ကုန်းဘောင်ခေတ်(ရှေ့ပိုင်း) မြန်မာပြည် မြေပုံအရ အာသံ၊ မဏိပူရ၊ ဇင်းမယ်၊ အယုဒ္ဓယတို့ဟာ မြန်မာ့အင်ပါယာ ဖြစ်ခဲ့ဖူးပါတယ်။ အောင်မြင်ခြင်း၊ ကျရှုံးခြင်းဟာ လောကဓမ္မတာဆိုပေမယ့် သမိုင်းကျရှုံးခြင်းတွေကျတော့ နောင်မျိုးဆက်များစွာအထိ ဒီကျရှုံးမှု ဒဏ်ရာတွေကို ခံစား ရပါတယ်။ ရေးနေကျ ရွှေစကားအကြောင်း မရေးခင် ဒီအတွေးတွေ အရင်ဝင်လာတာကတော့ ရွှေစကားအတွက် ရေးဖို့လှန်ထားတဲ့ စာမျက်နှာတွေက ကုန်းဘောင်ခေတ်စာမျက်နှာတွေ ဖြစ်နေလို့ပါ။ ကဲ…ကုန်းဘောင်ခေတ်စာမျက်နှာ တွေထဲက ရွှေစကားတို့ရဲ့ မြစ်ဖျားခံရာ လိုက်ကြည့်လိုက်ကြရအောင်။
တစ်နေ့မှာ မောင်းထောင်သာသနာပိုင် ဆရာတော်က ဦးတေဇဆိုတဲ့ ဦးပဉ္စင်းငယ်တစ်ပါးကို စာပြန်ခိုင်းပါတယ်။ စာပြန်ရတာက သမားရိုးကျပုံစံနဲ့ စာပြန်ရတာ မဟုတ်ပါဘူး။ ဆိုင်းမဆင့် ဗုံမဆင့်ခေါ်ပြီး ပြန်ခိုင်းတာပါ။ ပြန်ခိုင်းတဲ့ စာတွေကတော့ ဘိက္ခုပါတိမောက် ပါဠိနိဿယ အကုန်၊ ဘိက္ခုနီပါတိမောက် ပါဠိနိဿယ အကုန်၊ ခုဒ္ဒကသိက္ခာ ပါဠိ နိဿယ အကုန်၊ မူလသိက္ခာ ပါဠိနိဿယ အကုန်ပါ၊ ဒီစာတွေက ဝိနည်းပိုင်းဆိုင်ရာ စာတွေပါ။ စာပြန်ရမယ်လို့ ကြိုတင်သိမထားတာရယ်၊ ပြန်ခိုင်းတဲ့စာတွေက များလွန်းနေတာရယ်ကြောင့် ဦးတေဇက အကုန်မရပါဘူး။ တစ်ချို့တစ်ဝက်ကိုပဲ ရပါတယ်။ မောင်းထောင်သာသနာပိုင် ဆရာတော်ကလည်း မရမချင်း အထပ်ထပ် ပြန်ခိုင်းပါတယ်။ အစကတည်းက ကြိုတင် ပြင်ဆင်ခွင့် မရလာတာကြောင့် ဘယ်လို ပြန်ခိုင်း ပြန်ခိုင်း မရပါဘူး။ ဒါကြောင့် စာမရ၊ ရ ကောင်းလားဆိုပြီး သဲဒဏ်၊ ရေဒဏ်ပေးပါတယ်။
စာပြန်ခိုင်း ခံရသူ ဦးတေဇဆိုတာက တခြားမဟုတ်ပါဘူး၊ တောင်ငူမင်းသားရဲ့ ရဟန်းပါ။ တောင်ငူမင်းသားက သူ့ရဟန်း မောင်းထောင်သာသနာပိုင်ကျောင်းမှာ ဒဏ်ထမ်းနေရတဲ့ သတင်းကို ကြားသွားပါတယ်။ သတင်းကြားတာနဲ့ ကျောင်းကို တစ်ခါတည်း ထလိုက်သွားပါတယ်။ ကျောင်းရောက်တော့ သူ့ရဟန်း ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနဲ့ ဒဏ်ထမ်းနေတာကို မြင်ရပါတယ်။ သူ့ရဟန်းအတွက် အတော်လည်း စိတ်မကောင်းဖြစ်ဟန်တူပါတယ်။ ဒါကြောင့် သာသနာပိုင်ဆရာတော်ဆီ သွားပြီး “တပည့်တော်ရဲ့ရဟန်း စာမရပေမယ့် ဝိနည်းသိက္ခာနဲ့ ဆန့်ကျင်တဲ့ အကျင့်ပျက်မှုများ ရှိပါသလား” လို့ လျှောက်ထားပါတယ်။ သာသနာပိုင်ဆရာတော်က “အကျင့် သိက္ခာပုဒ် မပျက် လိုက်နာကြောင်း ငါသိတယ်၊ ဒင်း…စာမရလို့ ငါဒဏ်ပေးတာ” လို့ ပြန်အမိန့်ရှိပါတယ်။
ဒီတော့ တောင်ငူမင်းသားက “စာမရသော်လည်း အကျင့်သိက္ခာပုဒ် မပျက်ရင် သည်းခံတော်မူသင့်ပါတယ်၊ မေ့နေတဲ့ စာကို နောင်ပြန်ကျက်ရင် ရနိုင်တာပဲ မဟုတ်လားဘုရား” လို့ ပြန်လျှောက်ပါတယ်။ သာသနာပိုင်ဆရာတော်ကလည်း “မဟုတ်ဘူး မင်းသားရဲ့၊ ဒင်း ဝိနည်း သိက္ခာကျမ်းကို အာဂုံအမြဲ ဆောင်ထားရမှာကို အရ ဆောင်မထားလို့ နောင် မှတ်သွားအောင် ငါက ဒဏ်ပေးတာ” လို့ ထပ်မိန့်ပါတယ်။ တောင်ငူမင်းသားက ကိုယ့်ရဟန်းဆိုတဲ့ သံယောဇဉ်ရယ်၊ မင်းသားဆိုတဲ့ ဂုဏ်ရယ်ကြောင့် “မာန်” လေးဝင်လာပုံရပါတယ်။ အဲဒီဝင်လာတဲ့ “မာန်”လေးနဲ့အတူ တောင်ငူမင်းသားက “အရှင်ဘုရားဟာ မဟုတ်သေးပါဘူး၊ အရှင်ဘုရားက အခုချက်ချင်း အကုန် ရရမယ်လို့ အမိန့်ချပြီး ချက်ချင်း ပြန်ခိုင်းတော့ ဘယ်လာရနိုင်မှာလဲ၊ စာကျက်ရက် ပေးပြီး ပြန်ခိုင်းတာ မရလို့ ဒဏ်ပေးတယ်ဆို တော်သေး၊ အခု အပြစ်ပေးတာလည်း အတော် ပင်ပန်းနေပြီ၊ သည်းခံတော်မူပါဘုရား” လို့ လျှောက်ပါတယ်။
ဆရာတော်ကလည်း သာသနာပိုင်ဆိုတဲ့ ရာထူးကို လွယ်လွယ်ကူကူနဲ့ ရထားတာမှ မဟုတ်တာ၊ ဘက်စုံ ထက်မြက်လို့ ရ ထားတာကိုး၊ ပြီးတော့ တောင်ငူမင်းသားနည်းတူ “သာသနာပိုင်” ဆိုတဲ့ “မာန်” ကလေးကလည်း တစ်ခါတည်း ဝင်လာလေတော့ “နင် ဘာလာ စကားများနေတာလဲ” ဆိုပြီး အနီးမှာရှိတဲ့ ထွေးခံနဲ့ ပစ်ပေါက်လိုက်ပါတယ်။ တောင်ငူမင်းသားကလည်း ထွေးခံကို ကောက်ပြီး ဆရာတော်ကို ပြန်ပေါက်ပါရော၊ ဒီတော့ ဆရာတော်က ထပြီး ခြေထောက်နဲ့ ပြေးကန်လိုက်ပါတယ်။ တောင်ငူမင်းသားကလည်း အကန်ခံနေရာကနေ ချက်ချင်းထ၊ ဆရာတော်ကို ဖက်ပြီး နပန်းသတ်တော့တာပါပဲ၊ သာသနာပိုင် ဆရာတော်နဲ့ တောင်ငူမင်းသား ထွေးလုံးရစ်ပတ်နဲ့ နပန်းသတ် နေကြတာကို အနားမှာရှိတဲ့ တိုက်အုပ်၊ တိုက်ကြပ် ဘုန်းကြီးတွေ၊ ကပ္ပိယတွေက ဒီအတိုင်းပဲ ကြည့်နေကြရပါတယ်။ ဘယ်သူမှ ဝင်ပြီး မခွဲဝံ့ကြပါဘူး။ နောက် မဟာဒါန်ဝန် ရောက်လာပြီး မဟာဒါန်ဝန်က ခွဲပေးမှ ရန်ပွဲပြီးသွားပါတယ်။ တောင်ငူမင်းသားကလည်း သူ့ရဲ့ရဟန်း ဦးတေဇကို ဒဏ်ထမ်းနေရာကနေ ပင့်ပြီး ပြန်သွားပါတယ်။
ဒီသတင်းကို ဘိုးတော်ဘုရား ကြားသွားတော့ “ အင်း…တောင်ငူကလည်း တောင်ငူပဲ၊ မောင်းထောင်ကလည်း မောင်းထောင်ပဲ” လို့ ညည်းတွား မိန့်တော်မူပါတယ်။ ဘိုးတော်ဘုရား အနေနဲ့ တစ်ဖက်ကလည်း သားတော်၊ တစ်ဖက် ကလည်း သာသနာပိုင်ဆရာတော်၊ ဘုန်းကြီးဘက်က မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ လောကရေးနဲ့ကြည့်ရင် အမြင်မလှ ပါဘူး။ ဒါကြောင့် လူဖြစ်တဲ့ သားတော်အနေနဲ့ ဝန်ချတောင်းပန်စေချင်ပါတယ်။ ဒါပေမယ့် သားတော်တောင်ငူမင်းသားက ခပ်စွာစွာ၊ ခပ်ထက်ထက်၊ မာနနဲ့ မိမိပြောလို့ကတော့ ဘယ်လိုမှ တောင်းပန်မှာ မဟုတ်တဲ့အကြောင်း ကိုယ့်သားတော် အကြောင်း ကိုယ်သိပြီးသားပါ။
ဒီတော့ သားတော်တောင်ငူမင်းသားကို နိုင်တဲ့ ရန်ကုန် ဝန်ကြီး ဦးကျော်ရွေးကို အကူအညီ တောင်းရပါတယ်။ ဦးကျော်ရွေးဆိုတာက တောင်ငူမင်းသား ငယ်ငယ်က ချီပိုး ထိန်းကျောင်းခဲ့ရသူ၊ ရိုက်သင့်ရင် ရိုက်ပြီး ဆုံးမခဲ့သူ၊ တောင်ငူမင်းသား ကိုယ်တိုင်ကလည်း ချစ်ကြောက်ရိုသေရသူ၊ တောင်ငူမင်းသားက ငြင်းမဲ့သူ မဟုတ်ပါဘူး။ လောကထုံးစံအတိုင်း နိုင်ရာနဲ့ ကိုင်တွယ်တာပါ။ ဘိုးတော်မင်းတရားအနေနဲ့ သားတော်တောင်းပန်ရတယ်ဆိုတဲ့ နေရာမှာလည်း ကာယကံရှင်နှစ်ဦးသာ သိတဲ့ တောင်းပန်မှုမျိုးမဟုတ်ပဲ သံဃာ့ပရိသတ်၊ မင်းပရိသတ်၊ လူပရိသတ် အလည်မှာ တောင်းပန်စေချင်တာပါ။ ဘိုးတော်မင်းတရားက သူလိုချင်တယ် ပုံစံကိုပါ တစ်ပါတည်း ပြောပြပါတယ်။
ဦးကျော်ရွေးက တောင်ငူမင်းသားကို လောကရေး၊ ဓမ္မရေးတွေနဲ့ ဆုံးမပြီး သာသနာပိုင်ဆရာတော်ကို ဝန်ချ တောင်းပန်ဖို့ ပြော၊ တောင်ငူမင်းသားကလည်း ခေါင်းညိတ်၊ ဒီလိုနဲ့ ဝန်ချတောင်းပန်ပွဲ အစီအစဉ်ကို ပြုလုပ်ကြ ပါတော့တယ်။
နန်းတော်ရဲ့ ဇေတဝန်ဆောင် သံဃာစင်ပေါ်မှာ မောင်းထောင်သာသနာပိုင် ဆရာတော်၊ သုဓမ္မာဝင် ဆရာတော်များ၊ အောက်ခြေမှာ ဘိုးတော်မင်းတရားနဲ့ မိဖုရားခေါင်ကြီး၊ ဝန်ကြီး ဦးကျော်ရွေး၊ အမတ်ကြီး ဦးပေါ်ဦး၊ အခြားမှူးမတ်ကြီးများ၊ သားတော် သမီးတော်များ၊ မောင်းမမိဿံများ၊ ရဟန်းပရိသတ်၊ မင်းပရိသတ်၊ လူပရိသတ် စုံစုံညီညီ၊ ရဟန်းတော်များ ဆွမ်းစားခြင်း ကိစ္စပြီးလို့ ငါးပါးသီလယူ၊ ပရိတ်တရားတော်လည်း နာပြီးပြီ၊ အပ်ကျသံ ကြားရလောက်အောင် ခန်းမဆောင်တစ်ခုလုံး ငြိမ်သက်နေပါတယ်။ အားလုံးရဲ့စိတ်က တောင်ငူမင်းသားဆီမှာ၊ တောင်ငူ မင်းသားဆီက အသံကို အားလုံးနားစွင့်နေကြပါတယ်။ တောင်ငူမင်းသားက ဦးကျော်ရွေးကို တစ်ချက်ကြည့်လိုက်ပါတယ်။ စ ရတော့မလားပေါ့၊ ဦးကျော်ရွေးက ခေါင်းဆတ်ပြလိုက်ပါတယ်။ တောင်ငူမင်းသားက ပုဆစ်တုပ် ထိုင်နေရာကနေ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီပြီး…
“ကျေးဇူးတော်ရှင် သာသနာပိုင် ဆရာတော်ဘုရား၊ တပည့်တော်သည် မကောင်းသော ဒေါသ၏ နောက်ပါဖြစ်၍ စိတ်လိုက်မာန်ပါ ဆရာတော်ဘုရားအား ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးဖြင့် ပြစ်မှားကျူးလွန် မိုက်မှားမိပါသည်။ ထိုမိုက်မှား ကျူးလွန်မိသောအပြစ်ကို ချမ်းသာပေးသနားတော်မူပါရန် တပည့်တော် ကန်တော့ဝန်ချ တောင်းပန်ပါ၏ဘုရား၊ ဝန်ချ တောင်းပန် ကန်တော့သည့်အတိုင်း တပည့်တော်ကို သနားသောအားဖြင့် သည်းခံ တော်မူပါရန် အကြိမ်ကြိမ် ကန်တော့ ဝန်ချပါကြောင်း ရှစ်ခိုး လျှောက်ထားဝံ့ပါသည်ဘုရား” လို့ ဝန်ချ တောင်းပန် လိုက်ပါတယ်။ တောင်ငူမင်းသားရဲ့စကား ဆုံးတာနဲ့ ပရိသတ်အားလုံးက ဝိုင်းပြီး သာဓုခေါ်ကြပါတယ်၊ ပရိသတ်အားလုံး သာဓုခေါ်သံ အဆုံးမှာ မောင်းထောင် သာသနာပိုင်ဆရာတော်က တည်တည်ငြိမ်ငြိမ်နဲ့ မိန့်တော်မူပါတယ်။
“အင်း…သာဓု၊ သာဓု၊ သာဓု ငါ သည်းခံ၏။ မင်းသားချည်း မှားသည်မဟုတ်၊ ငါလည်း မှားလေသည်။ မင်းသားလည်း ပုထုဇဉ်၊ ငါလည်း ပုထုဇဉ် ဖြစ်ခဲ့၏။ ပုထုဇဉ် ဂတိလိုက်စားမိသည့်အတွက် ဖြစ်ကြသောကြောင့် မှားကြချေပြီ။ ပုထုဇဉ်ပင် ဖြစ်သော်လည်း မင်းသားက ပုထုဇဉ်အငယ်၊ ငါက ပုထုဇဉ် အကြီးဖြစ်၍ ငါက မင်းသားထက် သာလွန်၍ မိုက်မှားမိချေသည်။ မြတ်စွာဘုရား၏ အရေတော်ကို ဝတ်ဆင်မြန်းလျက် မဟာသံဃရာဇာ အမည်ကို ရရှိသဖြင့် သည်းမခံနိုင်ဘဲ သာသနာပိုင်ဂုဏ် ယစ်မူးသောကြောင့် ဒေါသဂတိကို လိုက်စားမိသဖြင့် ဖြစ်ရချေသည်။ သို့အတွက် မင်းသားလည်း ငါ့အပေါ်၌ အမျက်မထားလေနဲ့၊ သည်းခံပါလေ…”
သာသနာပိုင်ဆရာတော်က ခေတ္တရပ်လိုက်တော့ ပရိသတ်အားလုံးက ဝိုင်းပြီး သာဓုခေါ်ကြပါတယ်၊ ပြီးမှ ဆရာတော်က မိန့်လက်စ စကားကို ဆက်ပြီး မိန့်ပါတယ်။ “မင်းသားကို ဥပမာတစ်ခု ပြောရဦးမယ်၊ မြတ်စွာဘုရား ဟောတော်မူသော မဟောသဓ ဇာတ်တော်မှာ စူဠနီမင်းဟာ မဟောသဓကို သတ်ပစ်ရန်သာ ဒေါသအမျက်ထားပြီးလျှင် ကြံစည်လျက်ရှိသည်၊ မဟာဥပကာရီ ဥမင် လိုဏ်ခေါင်း အတွင်းသို့ ကျရောက်မှ နောက်နောင်က ပျက်စီးအောင် ကြံခဲ့ကြသော ဒေါသ အမျက်ကြီးတွေ တစ်ခါတည်း ပျောက်ကွယ်၍ တစ်ယောက်နှင့်တစ်ယောက် အသက်ချင်းလဲကြ၍ ချစ်ကြည်သောအဖြစ်သို့ ရောက်ရသကဲ့သို့ ဤနန်းတော် ဇေတဝန်ဆောင်သည် မဟာဥပကာရီ ဥမင်လိုဏ်ခေါင်းဟု သဘောထား၍ ဖြစ်ခဲ့သော ဒေါသအမျက်တို့သည် တစ်ခါတည်း စွန့်ပယ်ဖျောက်ပြီး အသက်ချင်း လဲကြသကဲ့သို့ ရှေ့ကို အသက်ရှည်သမျှ ကာလပတ်လုံး မေတ္တာစိတ် မပျက်ကြရအောင်သာ သတိပြုကြရန် ဖြစ်တော့သည်ကို အသင်မင်းသား မှတ်ယူပါလော့…”
သာသနာပိုင် ဆရာတော်ရဲ့ တရားမိန့်သံဆုံးတော့ ပရိသတ်အားလုံးက သာဓု ထပ်မံ ခေါ်ကြပါတယ်။ နောက် တောင်ငူမင်းသား ကိုယ်တိုင် အလှူတော် သင်္ကန်းတွေကို ဆရာတော်များအား ကပ်လှူပါတယ်။ ကိစ္စဝိစ္စတွေ ပြီးလို့ ဆရာတော် ပြန်ကြွတဲ့အခါ တောင်ငူ မင်းသားက သာသနာပိုင်ဆရာတော်ရဲ့ ဖိနပ်ကို ကိုယ်တိုင်ကိုင်ပြီး ဖိနပ်ကို ခင်းပေးပါတယ်။ ဒီမြင်ကွင်းကို ကြည့်ပြီး ပရိသတ်တွေရဲ့ မျက်နှာမှာ ကြည်နူးမှုတွေ အထင်းသား နေမှာပါ။
တကယ်တော့ ဒီပွဲဟာ မောင်းထောင်သာသနာပိုင် ဆရာတော်နဲ့ တောင်ငူမင်းသားတို့ ကိုယ့်ရဲ့မာနကို နိဝါတဆိုတဲ့ ဆပ်ပြာနဲ့ ဖွပ်လျှော်တဲ့ပွဲ၊ တစ်နည်းအားဖြင့် မာနနဲ့ နိဝါတ လဲလှယ်တဲ့ပွဲ၊ ဒါမှမဟုတ် တမလွန်ကို မာနတွေ ယူမသွားဘဲ နိဝါတတွေသာ ယူသွားမယ်လို့ တရားဝင်ကြေညာတဲ့ပွဲ၊ ဘာပဲပြောပြော နိဝါတမင်္ဂလာနဲ့ ပြည့်စုံလှတဲ့ ပွဲတစ်ပွဲပါပဲ၊ မောင်းထောင် သာသနာပိုင် ဆရာတော်ရဲ့ “ငါက ပုထုဇဉ် အကြီးဖြစ်၍ ငါက မင်းသားထက် သာလွန်၍ မိုက်မှားမိချေသည်” ဆိုတဲ့စကားဟာ ကုန်းဘောင်ခေတ်ဆီမှာ ဘယ်လောက်ထိ မြည်ဟည်းခဲ့တယ်ဆိုတာ မပြောတတ် ပေမယ့် စာရေးသူကတော့ မောင်းထောင်သာသနာပိုင် ဆရာတော်ရဲ့ နိဝါတ မင်္ဂလာကို အာရုံပြုပြီး ကန်တော့လိုက်မိတာ အမှန်ပါပဲ။
မောင်းထောင်သာသနာပိုင်ဆရာတော်နှင့် တောင်ငူမင်းသား – ရဝေနွယ် (အင်းမ)
Discussion about this post