သာလွန်မင်းသည် ညောင်ရမ်းခေတ်တွင် အလွန်ထင်ရှားသော မင်းတစ်ပါးဖြစ်ခဲ့သည်။ ဘွဲ့အမည် သိရီသုဓမ္မရာဇာ မဟာဓိပတိဖြစ်သော်လည်း သူ၏လက်ထက်တွင် တိုင်းပြည်အလွန်သာယာလှသောကြောင့် သာလွန်မင်း ဟုသာ အမည်တွင်သည်။ ထိုအကြောင်းကို တွင်းသင်းမဟာရာဇဝင်သစ် တွင်
‘ညီတော် မင်းတရားမှာ တိုင်းကားပြည်ရွာ အသာလွန်သောကြောင့် လည်ကောင်း ၊ ရွှေနန်းတော်ထက်တွင် သာယာစွာလွန်ရသောကြောင့် သော်လည်ကောင်း သာလွန်မင်းတရားဟု ခေါ်ဝေါ်ရေးသားကြသည်’ ဟု ဖော်ပြထားသည်။
သာလွန်မင်းလက်ထက် ၁၆၃၇တွင် ပထမဆုံးသော သမိုင်းဝင် လူဦးရေ နှင့် မြေယာစစ်တမ်းများကို စတင်ကောက်ယူခဲ့သည်။ ထို့ပြင် အမှုထမ်းအရာထမ်းများ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို အမိန့်ပြန်တမ်းများဖြင့် တိကျစွာ ထုတ်ပြန်ကြေညာပေးခဲ့သည်။ ထို့ပြင်စစ်သည်စုစောင်းရေးနှင့် ပတ်သက်၍လည်း တိကျသည့် အချိုးအစားနှင့် လက်နက်အမျိုးအစားတို့ကို သတ်မှတ်ပြဌာန်းပေးသည်။ ထင်ရှားသည့် ပြန်တမ်းပါ အမိန့်များမှာ
“ငှက်သည် အသီးရှိကာသာအပင်တွင် နားသကဲ့သို့ အခွန်ခံသောရွာကိုသွား၍ ပြန်မကြည့် ငှက်ကဲ့သို့ မရှိစေနှင့်။ စားဟန်သာတတ်စေ။ ရွာပြည်ကိုမပြု၊ စားရသောက်ရအောင်သာ စီရင်သော် ကွပ်မည်။” ဟူ၍လည်းကောင်း
“ပြည်တွင်းတိုင်းရေးစသော ဆင်းရဲသားတို့ကို ညှဉ်းပန်းနှိပ်စက်၍ မြို့ရွာတွင် မနေဝံ့ ထွက်သွားသည်များကို ရွှေနားတော်ကြားလျှင် ဝန်တို့နှစ်ခွန်းချေရမည်မမှတ်နှင့်။ ကြီးစွာသော ရာဇဝတ်တော်ကို ခံရလိမ့်မည်။”ဟူ၍လည်းကောင်း ပါရှိခဲ့သည်ကိုတွေ့ကြရသည်။
ကျောက်ဆည်ဒေသတွင် လယ်ယာလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် အားထုတ်ဆောင်ရွက်ပေးသည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း စစ်တမ်းများကောက်ယူပြီး ကျောက်ဆည်နယ်ကို ဗဟိုပြုကာ လုပ်ကိုင်စားသောက်ရန် နေရာချထားပေးသည်။ ထိုမျှမက ဝေးလံသည့် ဒေသများမှ လူအများကို အင်းဝနှင့် ကျောက်ဆည်ဒေသတစ်ဝိုက်တွင် အတည်တကျနေထိုင်စေသည်။
တိုင်းပြည်အား သာယာဝပြောအောင် အုပ်ချုပ်နိုင်ခဲ့သည့် သာလွန်မင်းတရားသည် ၁၉ နှစ် ကြာ ထီးနန်းစိုးစံပြီးနောက် သက်တော် ၄၈ နှစ်အရွယ်တွင် နတ်ရွာစံလွန်ခဲ့သည်။ နတ်ရွာစံလွန်နီး ရက်များတွင် အခြေအနေများကား ထူးခြားလှသည်။
သဘင်နန်းထက်၌ စံနေတော်မူစဉ် အနောက်ဘက်ကောင်းကင်က သိသိသာသာပုံသဏ္ဍာန်ပြောင်းသွားသည်။ တီတံဘုရား ထီးတော်တင်မည်ဟု ထွက်သောအခါ နွားတစ်ကောင်က ပါးစပ်ဟလျက် လက်ဝဲဘက်မှ လက်ယာဘက်သို့ ထွက်ပြေးသည်ကို တွေ့ရသည်။ နောက်တစ်နေ့တွင် ငလျှင်ပြန်းထန်စွာလှုပ်သည်။ နန်းတော်အနောက်တောင်ထောင့်၌ ဘုံမတီးငှက်တစ်ကောင် မြေသို့ကျလာသည်။ ထိုအဖြစ်များသည် ထူးဆန်းသော နိမိတ်များပင်တည်း။
သို့သော် သာလွန်မင်းသည် အတိတ်နိမိတ်များကို ယုံကြည်ဟန်မရှိ။ ရာဇာမဏီစူဠာ (ကောင်းမှုတော်) စေတီတော်ကြီး ထီးတော်တင်ရန် တောင်ငူမှ ကြွလာသော ဆရာတော်ထံ အခါတောင်းသည်။
ဆရာတော်က-
“ရေမြေ့ရှင်မင်းလက်ထက်တွင် တင်ရန်မဖြစ်နိုင် ၊ သားတော်လက်ထက်မှသာ တင်နိုင်မည်ဖြစ်သောကြောင့် ထိုအချိန်မှသာ အခါပေးမည်” ဟု မိန့်တော်မူသည်။ သာလွန်မင်း အလွန်စိတ်မချမ်မမြေ့ဖြစ်သွားပြီးနောက် ဆရာတော်အား ပုဂံသို့ပို့လိုက်လေသည်။
ထို့နောက် ပညာရှိပုဏ္ဍား အဇာဂရုကို ခေါ်၍ မေးပြန်သည်။ အဇာဂရုကလည်း “ကိုယ်တော်မြတ် ထီးတော်တင်ရန် အခါမမီချေပြီ” ဟု ဆိုပြန်သည်။ သာလွန်မင်းသည် အဇာဂရု အပေါ် စိတ်ဆိုးသွားပြီး “ငါ ဘယ်အခါ နတ်ပြည်စံရမည်နည်း” ဟု တိုက်ရိုက်ပင်မေးရာ အဇာဂရု ပုဏ္ဍားကလည်း
“မနက်ဖြန် ၁ချက်တီး ကျော်ကျော်မှာ နတ်ပြည်စံတော်မူမည်” ဟု ပြန်လျှောက်သဖြင့်
“မှန်လျှင် မှန်စေ ၊ မမှန်သော် သားမယားနှင့်တကွ မီးပုံရှို့မည်” ဟု နာရီခွက်ကို ဘေးတွင် ထားရှိပြီး စောင့်ကြည့်နေစေသည်။ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း အခြေအနေမှာပင် ရှိသောကြောင့် ချက်ချင်းသေတော့မည်ဟု အပြောများမှာ လုံးဝမဖြစ်နိုင်ဟု ထင်ဟန်တူသည်။
နေ့လည် သုံးချက်တီး အချိန်တွင်-
“ငါဘာမှမဖြစ်သေး” ဟု မိန့်သည်။ အဇာဂရုက နာရီခွက်ကို သာ စောင့်ကြည့်နေသည်။ ညနေ ၄ချက်တီး အကျော်တွင်မူ အဖျားဝေဒနာ စတင်ခံစားရလေသည်။ သမားတော်များ အစွမ်းကုန်ကုသကြသည်။
နောက်နေ့ ၂ချက်တီးကျော်တွင်မူ ရောဂါပိုမို ပြင်းထန်လာပြီး သတိရတစ်ချက် ၊ မရတစ်ချက်ဖြင့် ၊ စကားများ ကယောင်ကတမ်း ပြောနေတော့သည်။ စကားမှာ မပီတော့။ ၄ ချက်တီး တွင်မူ နတ်ပြည်စံလေတော့သည်။ အဇာဂရုဟု ဟောပြောချက် အတိအကျမမှန်ခဲ့သော်လည်း အနီးစပ်ဆုံးမှန်သွားခဲ့သည်။ သာလွန်မင်းတရား၏သားဖြစ်သည့် မင်းရဲရန္တမိတ် ဘုရင်လက်ထက်ကျမှ ကောင်းမှုတော်ဘုရားကြီး ထီးတော်တင်ရလေ တော့သည်။
ကိုးကား
ရာဇဝင်ထဲက ဖြစ်ရပ်ဆန်းများ – တင်နိုင်တိုး
Discussion about this post