ပန်းချီကားတွေရဲ့တန်ဖိုးဟာ ရေးဆွဲသူရဲ့အရှိန်အဝါ ၊ ဝယ်ယူသူရဲ့နှစ်သက်မှုတွေနဲ့အတူ အဆပေါင်းများစွာ ကွာခြားသွားလေ့ရှိပါတယ်။ ပန်းချီလို့ ဆိုလိုက်တာနဲ့ လူသိအများဆုံး ကတော့ မိုနာလီဆာ နဲ့ ခရစ်တော်နောက်ဆုံးညစာ ပန်းချီတွေဖြစ်မယ် ထင်ပါတယ်။ ဒီပန်းချီတွေကို ရေးဆွဲသူကတော့ ဉာဏ်သစ်အရေးတော်ပုံခေတ် အီတလီ စွယ်စုံရပညာရှင်ကြီး လီယိုနာဒို ဒါဗင်ချီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ပန်းချီကားအဖြစ် စံချိန်တင်ထားတာကတော့ ဒီပန်းချီတွေ မဟုတ်ပါဘူး။
ကမ္ဘာ့ဈေးအကြီးဆုံး ပန်းချီကားကတော့ Salvator Mundi ဆိုတဲ့ ပန်းချီကားဖြစ်ပါတယ်။ ကမ္ဘာလောကရဲ့ကယ်တင်ရှင် လို့ အဓိပ္ပါယ်ရပါတယ်။ ဒီပန်းချီကားကို ရေးဆွဲသူကလည်း လီယိုနာဒို ဒါဗင်ချီ ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး ပန်းချီကားဖြစ်ပေမယ့် ဒီပန်းချီဟာ လီယိုနာဒိုရေးဆွဲခဲ့တဲ့ အပေါ်က ပန်းချီ ၂ ခုလောက်တော့ နာမည်မကြီးပါဘူး။ ဒီတခါတော့ Salvator Mundi ပန်းချီကားရဲ့ အကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။
လီယိုနာဒိုဟာ ဒီပန်းချီကားကို အေဒီ ၁၅၀၀ ပြည့်နှစ်ဝန်းကျင်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၅၀၀ ဝန်းကျင် ရှိနေပြီဖြစ်ပါတယ်။ ဆီဆေးအမျိုးအစားဖြစ်ပြီး အောက်ခံကတော့ ၂၅.၈လက်မ x ၁၉.၂ လက်မ အတိုင်းအတာရှိတဲ့ ဘုတ်ပြား( သစ်ကြားပင်ကနေပြုလုပ် ) ဖြစ်ပါတယ်။ ရီနေးဆွန်းခေတ် အဝတ်အစားကို ဝတ်ဆင်ထားသော ခရစ်တော်၏ ပုံကို ရေးဆွဲထားခြင်းဖြစ်ပြီး ခရစ်တော်၏ ညာဘက်လက်က sign of the cross အမှတ်အသားကို ပြုလုပ်နေဟန်ဖြစ်ပါတယ်။
ဒီပန်းချီကားကို လီယိုနာဒို ဟာ ပြင်သစ်ဘုရင် လူဝီ ၁၂ နဲ့ မိဖုရားအန်း တို့အတွက် ရေးဆွဲပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒီပန်းချီကားဟာ ၁၆၃၈ ခုနှစ်ကနေ ၁၆၄၁ ခုနှစ်အထိတော့ စကော့တလန် ဟာမီလ်တန်နယ်စားကြီး ဂျိမ်းစ်ဟာမီလ်တန်ရဲ့ စံအိမ်တော်မှာ ရှိနေခဲ့ပြီး ၁၆၄၉ ခုနှစ်မှာတော့ ပထမချားလ် ဘုရင်ရဲ့မိဖုရား Henrietta Maria ရဲ့ လက်ထဲကို ရောက်ရှိခဲ့ပါတယ်။ ချားလ်ဘုရင်မရှိတော့တဲ့နောက်ပိုင်းမှာတော့ ဒီပန်းချီကားဟာ ဗြိတိသျှတော်ဝင်စုဆောင်းမှုထဲမှာ သိမ်းဆည်းခံလိုက်ရပါတယ်။
ဒီနောက်ပိုင်းမှာတော့ Salvator Mundi ပန်းချီကားဟာ ဒုတိယချားလ်ဘုရင်ရဲ့ ပိုင်ဆိုင်မှုအဖြစ် ဝဘ်မင်စတာမှာရှိတဲ့ Whitehall နန်းတော်ကို ရောက်သွားခဲ့ရပြန်ပါတယ်။ အဲဒီနောက်တော့ ဒုတိယဂျိမ်းစ်ဘုရင် ၊ မိဖုရား Catherine Sedley စသည်ဖြင့် ပိုင်ရှင်အဆက်ဆက်ပြောင်းခဲ့ပြီး ဆာချားဟားဗတ်ရှက်ဖီး လက်ထဲရောက်ရှိချိန် ၁၇၆၃ခုနှစ်မှာတော့ လေလံတင်ရောင်းချခဲ့ပါတယ်။ အဲဒီအချိန်က တန်ဖိုးမည်မျှနဲ့ ရောင်းချခဲ့ကြောင်း မသိရပေမယ့် ဝယ်ယူဆက်ခံသူ အဆက်ဆက်ပြောင်းလဲခဲ့ပြီး ၁၉၀၀ ပြည့်နှစ်မှာတော့ ဗြိတိသျှ စုဆောင်းသူ Francis Cook ထံ ဒီပန်းချီကား ရောက်ရှိလာခဲ့ပါတယ်။
ဒီအချိန်မှာတော့ ဒီပန်းချီကားကို ရွှေဘောင်ကွပ်လိုက်ပြီ ဖြစ်ပါတယ်။ Cook ရဲ့မြစ်ဖြစ်သူ လက်ထက် ၁၉၅၈ ခုနှစ်မှာတော့ ဒီပန်းချီကားကို လေလံတင်ရောင်းချခဲ့ရာမှာ တန်ဖိုးက ၄၅ စတာလင်ပေါင်သာ ဖြစ်ပါတယ်။ လီယိုနာဒိုရဲ့ လက်ရာလို့မသိကြပဲ လီယိုနာဒိုရဲ့တပည့်ဖြစ်သူ ဂျီအိုဗန်နီ အန်တိုနီယိုရဲ့လက်ရာဆိုပြီး ရောင်းချခဲ့လို့ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်တိုင်အောင် ဒီအတိုင်း အမှတ်မှားခဲ့ကြပြီး ထင်ရှားတဲ့ ပန်းချီကားဖြစ်မလာခဲ့ပါဘူး။ ၂၀၀၅ ခုနှစ်က လေလံပွဲမှာလည်း ဒီပန်းချီကားရဲ့တန်ဖိုးဟာ ဒေါ်လာ ၁သောင်းအောက်သာ ရရှိခဲ့ပါတယ်။
Salvator Mundi ပန်းချီကားဟာ လီယိုနာဒိုရဲ့ ပန်းချီကားတွေအနက်က ကော်ပီကူးဆွဲခံရမှု အများဆုံးပန်းချီကားဖြစ်ပြီး သိသာထင်ရှားတဲ့ ကော်ပီပန်းချီကားချည်းပဲ ၁၂ကားခန့် ရှိနေပါတယ်။ အများစုကတော့ လီယိုနာဒိုရဲ့ မူရင်းလက်ရာပန်းချီကား ဟာ ၁၇ ရာစု အလယ်ပိုင်းကတည်းက ပျောက်ဆုံးသွားခဲ့ပြီလို့ ယူဆထားကြပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ် လန်ဒန်မြို့ National Gallery မှာ ပြုလုပ်တဲ့ လီယိုနာဒို အနုပညာပြပွဲမှာတော့ ဒီပန်းချီကားဟာ လီယိုနာဒိုရဲ့ လက်ရာအစစ်အမှန်ဖြစ်ကြောင်း ပညာရှင်အများစုက စစ်ဆေးဆုံးဖြတ်ခဲ့ပေမယ့် အချို့ကတော့ ထောက်ပြချက်တွေနဲ့အတူ အစစ်လို့ လက်မခံခဲ့ကြပါဘူး။
ပန်းချီကားဟာ လီယိုနာဒိုရဲ့ လက်ရာအစစ်ဖြစ်ကြောင်း လက်ခံခဲ့ကြအပြီးမှာတော့ ပန်းချီကားရဲ့တန်ဖိုးဟာလည်း အဆပေါင်းများစွာ မြောက်တက်သွားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ဆွစ်လုပ်ငန်းရှင် Yves Bouvier က ဒီပန်းချီကားကို ဒေါ်လာ ၇၅ သန်းနဲ့ ဝယ်ယူခဲ့ပါတယ်။ အဲဒီနောက်တော့ ရုရှားလုပ်ငန်းရှင် Dmitry Rybolovlev က ဒေါ်လာ ၁၂၇.၅သန်း နဲ့ ပြန်ဝယ်သွားခဲ့ပြန်ပါတယ်။ ၂၀၁၇ ခုနှစ် နယူးယောက် အနုပညာပွဲတော်မှာတော့ ဒီပန်းချီကားကို ကမ္ဘာ့ဈေးအကြီးဆုံးပန်းချီကားဖြစ်စေမယ့် တန်ဖိုးနဲ့ ဝယ်ယူသွားခြင်းခံရပြန်ပါတယ်။ ဒီပန်းချီကားကို ဒေါ်လာ သန်း၄၅၀ ($450,312,500) နဲ့ ဝယ်ယူသွားခဲ့သူကတော့ ဆော်ဒီမင်းသား Badr bin Abdullah (လက်ရှိဆော်ဒီ ယဉ်ကျေးမှုဝန်ကြီး) ဖြစ်ပါတယ်။
ဒီပန်းချီကားကို Badr bin Abdullah က ကြားခံဝယ်ယူခဲ့သူသာ ဖြစ်ပြီး တကယ့်ဝယ်ယူသူ အစစ်အမှန်က ဆော်ဒီအိမ်ရှေ့မင်းသား Salman သာဖြစ်ကြောင်း Wall Street ဂျာနယ်က ထုတ်ဖော်ရေးသားခဲ့ပါတယ်။ မူလကတော့ ဒီပန်းချီကားကို အဘူဒါဘီက Louvre အနုပညာပြတိုက်မှာ ပြသသွားဦးမှာလို့ ဆိုပေမယ့် ထွက်ပေါ်လာခြင်းမရှိတဲ့အပြင် လီယိုနာဒိုရဲ့ အခြားအနုပညာပြပွဲတွေမှာလည်း ပါဝင်ပြသခြင်း မရှိတော့ပါဘူး။ ဒီပန်းချီကားဘယ်နေရာရောက်သွားသလဲဆိုတာ အတိအကျ မသိကြပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ မင်းသားရဲ့ ဇိမ်ခံအပျော်စီးသင်္ဘောပေါ်မှာ ချိတ်ဆွဲထားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါကတော့ သာမန်ပန်းချီကား တချပ်ကနေ ကမ္ဘာ့ဈေးအကြီးဆုံး ပန်းချီကားတချပ်ဖြစ်လာတဲ့ Salvator Mundi ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
Discussion about this post