လင်ကွန်း အထိမ်းအမှတ်အဆောက်အအုံ Lincoln Memorial ဟာ အမေရိကန်ရဲ့ ၁၆ဆက်မြောက် သမ္မတ အေဗရာဟမ်လင်ကွန်းကို ဂုဏ်ပြုတဲ့အနေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံအထိမ်းအမှတ် အဆောက်အအုံတစ်ခုဖြစ်ပါတယ်။ အမေရိကန်မြို့တော် ဝါရှန်တန်ဒီစီက National Mall ထဲမှာ တည်ရှိနေတာဖြစ်ပါတယ်။
ဒီအဆောက်အဦးကို အေဗရာဟမ်လင်ကွန်းရဲ့မွေးနေ့ဖြစ်တဲ့ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး တည်ဆောက်ချိန် ၇နှစ်ခန့် ကြာမြင့်ခဲ့ပါတယ်။ ၁၉၂၂ခုနှစ် မေလ ၃၀ ရက်နေ့မှာတော့ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
အဆောက်အဦးရဲ့ဗိသုကာဒီဇိုင်းကိုတော့ အမေရိကန်ဗိသုကာပညာရှင် Henry Bacon က ရေးဆွဲပေးခဲ့ပါတယ်။ တိုင်လုံးကြီးပေါင်း ၃၆တိုင်နဲ့အတူ ရှေးဟောင်းဂရိဘုရားကျောင်းပုံစံအတိုင်းတည်ဆောက်ခဲ့တာဖြစ်ပြီး အတွင်းဘက်မှာတော့ အေဗရာဟမ်လင်ကွန်းရဲ့ ရုပ်တုကို ထားရှိပါတယ်။
အတွင်းဘက်မှာရှိတဲ့ လင်ကွန်းရဲ့ ရုပ်တုကိုတော့ အမေရိကန်ကျောက်ဆစ်ပန်းပုပညာရှင် Daniel Chester French က ဒီဇိုင်းဆွဲပေးခဲ့ပြီး စကျင်ကျောက် ထွင်းထုရာမှာနာမည်ကျော်တဲ့ အီတလီက Piccirilli Brothers အဖွဲ့က ထုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ အဆောက်အဦးအတွက် စကျင်ကျောက်တွေကို ကော်လိုရာဒိုပြည်နယ်ကနေ ယူပြီး ရုပ်တုအတွက် စကျင်ကျောက်တွေကိုတော့ ဂျော်ဂျီယာပြည်နယ်ကနေ ရရှိတာဖြစ်ပါတယ်။
အထိမ်းအမှတ်အဆောက်အအုံဟာ အလျား ၁၉၀ပေ ၊ အနံ ၁၁၈ပေ နဲ့ အမြင့် ၉၉ပေ ရှိပါတယ်။ အဆောက်အအုံမှာ တိုင်လုံးပေါင်း ၃၆ တိုင်ထားရှိရခြင်းကတော့ လင်ကွန်းလုပ်ကြံခံခဲ့ရချိန်မှာရှိခဲ့တဲ့ အမေရိကန်ရဲ့ ပြည်နယ် ၃၆ခုကို ရည်ညွှန်းပါတယ်။ တိုင်လုံးတစ်လုံးစီဟာ အချင်း ၇ပေခွဲ နဲ့ အမြင့် ၄၄ပေ စီရှိပါတယ်။ အဆောက်အအုံရဲ့ အပေါ်ဘက်မှာတော့ ကျောက်ပန်းကုံး ၄၈ ခုကိုမြင်ရမှာဖြစ်ပြီး ဒါကတော့ ၁၉၂၂ခုနှစ်မှာ ရှိနေပြီဖြစ်တဲ့ အမေရိကန်ပြည်နယ် ၄၈ခုကို ကိုယ်စားပြုတာဖြစ်ပါတယ်။
အဆောက်အအုံရဲ့ အတွင်းဘက်မှာတော့ အခန်း ၃ ခန်းရှိနေပါတယ်။ အလယ်ခန်းကတော့ လင်ကွန်းရဲ့ရုပ်တုထားရှိရာ အခန်းဖြစ်ပြီး ဘေးခန်းတွေမှာတော့ လင်ကွန်းရဲ့ကျော်ကြားလှတဲ့ မိန့်ခွန်းတွေဖြစ်တဲ့ အေဗရာဟင်လင်ကွန်း ဒုတိယသမ္မတသက်တမ်းရာထူးလက်ခံမိန့်ခွန်း Abraham Lincoln’s Second Inaugural Speech နဲ့ ဂက်စ်တီးဘာ့ခ် မိန့်ခွန်း Gettysburg Address တွေကို ရေးထွင်းပြသထားပါတယ်။
လင်ကွန်းရုပ်တုရဲ့ အမြင့်ကတော့ ၁၉ပေ ဖြစ်ပါတယ်။ ထိုင်နေတဲ့ပုံသဏ္ဍာန်ကြောင့် ၁၉ပေသာရှိပေမယ့် ဒီအရွယ်အစားအတိုင်းမတ်တပ်ရပ်မယ်ဆိုပါက ၂၈ပေ မြင့်မှာဖြစ်ပါတယ်။ ရုပ်တုရဲ့ အနံကတော့ အမြင့်နဲ့ အတိုင်းအတာ အတူတူပဲဖြစ်ပါတယ်။ ရုပ်တုရဲ့ အလေးချိန်ကတော့ ၁၅၉ တန်ဖြစ်ပါတယ်။
ရုပ်တုရဲ့နောက်ဘက်မှာတော့ “IN THIS TEMPLE AS IN THE HEARTS OF THE PEOPLE FOR WHOM HE SAVED THE UNION THE MEMORY OF ABRAHAM LINCOLN IS ENSHRINED FOREVER” ဆိုတဲ့ သင်္ချိုင်းစာကို အမေရိကန်သမိုင်းပညာရှင် Royal Cortissoz က ရေးထိုးပေးခဲ့ပါတယ်။
အဆောက်အအုံတစ်ခုလုံးအတွက် စုစုပေါင်း ကုန်ကျစရိတ်အနေနဲ့ ဒေါ်လာ ၃သန်းနီးပါးကျသင့်ခဲ့ပါတယ်။ ဒါဟာ ၁၉၂၂ခုငွေကြေးတန်ဖိုးနဲ့ ဖြစ်ပြီး ၂၀၁၂ခုနှစ်တန်ဖိုးနဲ့ တွက်မယ်ဆိုရင်တော့ ဒေါ်လာ ၄၀.၅သန်း ခန့်ကျသင့်မှာဖြစ်ပါတယ်။
အမေရိကန်ငွေစက္ကူ ၅ဒေါ်လာတန်ရဲ့ အရှေ့ဘက်မှာ လင်ကွန်းပုံကို ရိုက်နှိပ်ထားပြီး အနောက်ဘက်မှာတော့ လင်ကွန်းအထိမ်းအမှတ်အဆောက်အအုံရဲ့ ပုံကို ရိုက်နှိပ်ထားပါတယ်။
လင်ကွန်းအထိမ်းအမှတ်အဆောက်အအုံကို ၁၉၆၆ခုနှစ်ကတည်းက နိုင်ငံသမိုင်းဝင် အထိမ်းအမှတ်အဆောက်အဦးအဖြစ် သတ်မှတ်ထိမ်းသိမ်းခဲ့ပါတယ်။ ဒီနေရာကို နှစ်စဉ်လာရောက်လည်ပတ်သူပေါင်း ၇သန်းကျော် ရှိနေပါတယ်။
Discussion about this post