ကင်နယ်လီ၏ ဘစ်ဂျင်မ်ဂိုဏ်းသည် အမေရိကန်လျှို့ဝှက်စုံ ထောက်အဖွဲ့ကြီးကို ခေါင်းခဲအောင် အမျိုးမျိုးအနှောင့်အယှက်ပေးခဲ့ သော ကလိန်ကကျစ်အကျဆုံး ဒုစရိုက်အဖွဲ့ကြီးပင်ဖြစ်၏။
သူတို့အဖွဲ့က လူဆိုးတွေဆိုပေမယ့် ကောင်းရောင်းကောင်းဝယ် ဟန်ပြပြီး ငွေစက္ကူအတုများ တရားမဝင် မှောင်ခိုရောင်းဝယ်၍ ကြီးပွားချမ်းသာနေခဲ့ကြသူများပင်။ သို့သော် ၁၈၇၆ ခုနှစ်ဆောင်းရာသီ မှာတော့ သူတို့ဂိုဏ်းကြီးအဖို့ ပျက်ကိန်းကြုံကာ ကြမ္မာငင်ခဲ့ရပါပြီ။
သူတို့ကို ငွေစက္ကူတွေ ရိုက်နှိပ်ပေးသော ဆရာကြီး ဘင်ဘွိုက် အဖမ်းခံလိုက်ရရာမှ အစပျိုးခဲ့ပါသည်။
လျှို့ဝှက်ထောက်လှမ်းရေးများက ဘင်ဘွိုက် ကို လက်နက်ကိုင် အစောင့်အကြပ်ထူထပ်စွာဖြင့် ထောင်သို့ပို့ခဲ့သည်။တရားသူကြီးက အီလီနွိုက်ပြည်နယ် ဂျိုလီယက်ထောင်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဆယ်နှစ် အပြစ်ဒဏ်ချလိုက်၏။
အခြေနေက သိပိဆိုးဝါးပြီး ထိန်းမရသိမ်းမရ ပေါက်ကွဲလုဆဲဆဲ ဖြစ်ခဲ့ရသည်။ကင်နယ်လီ နှင့် ဘစ်ဂျင်မ် ဂိုဏ်းသားများက တန်ပြန်ထိုးစစ်တစ်ခု ဆင်ဖို့ ကြံကြတော့သည်။
ငွေနှင့် အရက် အငမ်းမရမွတ်သိပ်လျက် တန်ခိုးလက်နက် အဖြစ်ယုံကြည်အားထားကြသော သူတို့အဖို့ ဘင်ဘွိုက်စ် ကို ထောင်ထဲမှ ပြန်ကယ်ထုတ်ဖို့ သေရေးရှင်ရေး ဖြစ်နေတော့၏။
သို့ဖြင့် ၁၈၇၆ ခုနှစ်ဆောင်းနှောင်းရာသီမှာတော့ သူတို့တစ်တွေက အမေရိကန် တစ်ပြည်လုံးကို ဒေါသအမျက်ချောင်းချောင်းထွက်၍ ပွက်ပွက်ဆူသွားစေသော ရာဇဝတ်မှုကြီးတစ်ခုကို ကျူးလွန်ရန် ကြိုးစားလိုက်ကြ၏။
လက်ရဲဇက်ရဲနိုင်လှသော မှောင်ခိုဂိုဏ်းကြီးက အေဘရာဟန်လင်ကွန်း ၏ အလောင်းကိုခိုး၍ ဂုံနီအိတ်ရှည် ထဲထည့်ပြီး မြင်းလှည်းအောက်တွင် သွင်းကာ အင်ဒီယာနာမြောက်ပိုင်းသို့ ယူသွားမည်။မစ်ချီဂန်ရေကန်ကြီး၏ ကမ်းစပ်တစ်နေရာရှိသဲကုန်းများကြာ၌ ဝှက်ထားမည်။
သည့်နောက် တစ်တိုင်းပြည်လုံးသိ၍ အုတ်အော်သောင်းနင်း ဖြစ်သွားသောအခါ အကြပ်ကိုင်၍ အပေးယူလုပ်မည်။ အပေးယူကတော့ ဘင်ဘွိုက်ကို ထောင်ကလွှတ်ပေးမှသာ အေဗရာဟမ်လင်ကွန်း၏ အလောင်းကိုပြန်ပေးမည်။ထို့ပြင် ပြန်ပေးငွေအဖြစ် ဒေါ်လာနှစ်သိန်းပါ ပေးရမည်။ဤသို့ အစီအစဉ် ဆွဲထားကြသည်။
သူတို့ မဟာအကြံက အန္တရာယ်မကြီးပေဘူးလား။ သိပ်မကြီးလှဘူးပဲဆိုရပါမည်။ အကြောင်းမူ အီလီနွိုလ်စ်ပြည်နယ် တွင် အလောင်းခိုးမှု ရာဇဝတ်ကြီးအဖြစ် သတ်မှတ်ဥပဒေ မရှိသောကြောင့်ဖြစ်၏။
ထို့ကြောင့် ၁၈၇၆ ခုနှစ် နိုဝင်ဘာလ ညနေတွင် ဘစ်ဂ်ဂျပ်ကင် နယ်လီ၏ ဂိုဏ်းသားသားဦးသည် ချီကာဂိုနှင့် အယ်လ်တန်သွား ရထားကိုစီး၍ လင်ကွန်း၏ဇာတိမြို့ရှိရာ အီလီနွိုက်စ်ပြည်နယ် စပရင်းဖီးလ်သို့ ရှေးရူထွက် ခဲ့ကြ၏။
သူတို့ ချီကာဂိုမှမထွက်ခင် လန်ဒနထထုတ် သတင်းစာတစ်စောင်ကို ဝယ်ယူ၍ အလယ်သားတစ်နေရာကိုဖြဲကာ သူတို့ ဂိုဏ်းဌာနချုပ်၏ တည်ရာ ချီကာဂို မြို့အရက်ဆိုင်တစ်ဆိုင်ရှေ့တွင်ရပ်နေသော လင်ကွန်း၏ကိုယ်တစ်ပိုင်းပုံကို ကပ်ထားလိုက်၏။
ဂူထဲမှအလောင်းကို သူတို့ယူပြီးသည်နှင့် ထိုသတင်းစာဖြတ်ပိုင်းကို ဟောင်းလောင်းပေါက်ထဲ၌ ပစ်ထားခဲ့မည်။စုံထောက်များ အတွက် တန်ဖိုးရှိသော သဲလွန်စအဖြစ် ပေးခဲ့ခြင်းပင်ဖြစ်သည်။
ထို့နောက် တစ်ပြည်လုံးဆွေ့ဆွေ့ခုန် တုန်လှုပ်ဗျာများချိန်ဝယ် သူတို့က အီလီနွိုက်ပြည်နယ်အုပ်ချုပ်ရေးမှုးနှင့် ဆက်သွယ်၍ လင်ကွန်းအလောင်းကိုပြန်ပေးရေး ဆွေးနွေးရုံသာ ရှိတော့သည်။
ပြည်နယ်တာဝန်ခံအနေနှင့် တကယ့်လူတွေ ဟုတ် မဟုတ် ဘယ်လိုသိပါ့မလဲ။ဒါလည်း လွယ်လွယ်လေးပါ။မသမာကောင်တွေက စုံထာက်တွေလက်သို့ ထုတ်ပေးခဲ့သော သတင်းစာဖြတ်ပိုင်းနှင့် သူတို့လက်ထဲကျန်ခဲ့သော မူရင်းသတင်းစာကို ဆက်ကြည့်ဖို့ပြလိုက်မည်ပေါ့။
လိုအပ်သည့် သက်သေခံမှတ်ပုံတင်တွေလည်း ပြည့်စုံပြီးသား။ သည့်နှယ်ဖြင့် အကြံပက်စက်သူတစ်စုသည် လက်တွေ့အကောင်ထည်ဖော်ရေး အတွက် ၁၈၇၆ ခုနှစ် စပရင်းဖီလ်၌ ရွေးကောင်ပွဲလုပ် သည့်ညတွင် ဆိုက်ရောက်လာခဲ့ကြသည်။
စင်စစ်တော့ အချိန်အခါကို တမင်ရွေးခဲ့ခြင်းသာ ဖြစ်ပါသည်။ရွေးကောက်ပွဲ ကာလမို့ လူတွေကလည်း လှုပ်လှုပ်ရွရွ ကြက်ပျံမကျစည်ကနေသည် မဟုတ်ပါလား။
ရွေးကောင်ပွဲမှာ ပထမအသုတ်မဲစာရင်းများကို ထုတ်ပြန်ခဲ့ရာ စပရင်းဖီးလ်တစ်မြို့လုံး သောသောညံနေတော့သည်။အားရတက်ကြွနေသော မဲဆန္ဒရှင်များသည် အောင်ပွဲနှင့်အတူ ပျော်မြူးလျက်လမ်းပေါ်တွင် ကခုန်လှည့်လည်နေကြ၏။ တချို့ကလည်း မီးတုတ်ကြီးတွေကိုငိလျက် ပန်းခြံတွေထဲ၌ အော်ကြီးဟစ်ကျယ် သီချင်းတွေဆို ကရင်း အမှောင်ညကို လှပေနေစေ၏။
သင်္ချိုင်းဂူကိုဖောက်ဖို့ အချိန်ကောင်းပါပဲ။မစ္စတာ လင်ကွန်းကို ထိုလူအုပ်ကြီးရှိရာ မြို့လယ်ခေါင်မှ နှစ်မိုင်မျှဝေး၍ လူသူကင်းပြတ်ရာ သစ်တောကြီးထဲတွင် သြင်္ဂုဟ်မြှုပ်နှံခဲ့သည်က လူဆိုးတစ်စုအတွက် အကွက်ကောင်းအခွင့်ကောင်း ရခဲ့ပေသည်။
လုံခြုံရေးအတွက် ဘာမျှမပူရသလိုအလောင်းခိုး သူခိုးတွေက လင်ကွန်းသင်္ချိုင်းဂူ၏ သံတံခါးကိုပင် လွှနှင့် ဖွင့်ပြီးခဲ့ပါပြီ။ အဲဒီနောက် စကျင်ကျောက်နဲ့ ပြုလုပ်ထားသည့် ဂူအဖုံးကို ဖွင့်လိုက်ပြီး သစ်သားအခေါင်းကို တစ်ဝက်တစ်ပြက် အပြင်သို့ရောက်သည် အထိ မရွေ့ခဲ့ကြသည်။ ထိုစဉ်ခဏအတွင်းမှာ လက်နက်အပြည့်အစုံနဲ့ လူ ၈ယောက် ဂူအနီးကို ရောက်ရှိလာခဲ့ပြီး ဂူပတ်ပတ်လည်ကိုဝိုင်းလိုက်ကြသည်။ စုံထောက် ၈ယောက်ဖြစ်သည်။
စုံထောက်တွေမည်သို့ သိရှိခဲ့ကြပါသနည်း။ အဖြေကတော့ရှင်းသည် ။ သူခိုးများ အလောင်းကိုဖောက်နေစဉ် ဆွီဂဲလ်ဟူသော အဖွဲ့ဝင်တစ်ယောက်ကို စောင့်ခိုင်းထားခဲ့သည်။ ထို ဆွီဂဲလ် သည် စုံထောက်ဌာန ၏ သတင်းပေးတစ်ယောက်ဖြစ်သည်။ ဆွီဂဲလ်နှင့် စုံထောက်အဖွဲ့တို့ပူးပေါင်းကာ သူခိုးများကို ဖမ်းရန်ကြံစည်ခဲ့ခြင်းဖြစ်သည်။
သို့သော် စုံထောက်များ ဂူကို ဝိုင်းလိုက်သည့်အချိန်တွင် ဂူအပြင်ထွက်နေသော သစ်သားအခေါင်းကိုသာ တွေ့၍ သူခိုးများကို တစ်ကောင်တစ်မြီးမှ မတွေ့ရတော့ချေ။ အနီးနားရှိ တောအုပ်ထဲသို့ ဝင်ရောက်ထွက်ပြေးသွားနှင့်ခဲ့ကြပြီ ဖြစ်သည်။ ထွက်ပြေးသွားသော လူဆိုးသူခိုးများကို နောက် ၁၀ ရက်အကြာတွင် ချီကာဂိုမြို့၌ ဖမ်းမိခဲ့ပြီး စပရင်းဖီးသို့ပြန်လည်ဖမ်းဆီးခေါ်ဆောင်ခဲ့ကြသည်။
ပြည်သူတွေကတော့ ဒီပြစ်မှုအတွက် ပြစ်ဒါဏ်ကြီးကြီးမားမားပေးလိုကြသည်။ လင်ကွန်း၏ သားဖြစ်သူသည် ဈေးအကြီးဆုံးရှေ့နေကိုငှား၍ တရားဆွဲခဲ့သည်။ တရားသူကြီးများ ခေါင်းရှုပ်ရသည်။ ဥပဒေတွင် အလောင်းခိုးမှုအတွက် ပြဌာန်းချက်မရှိ ၊ သူခိုးများသည်လည်း အလောင်းကို မခိုးခဲ့ကြ ။ အမှုဟူ၍ ၂၀ဒေါ်လာ(ထိုစဉ်က) တန်သစ်သားခေါင်းတစ်ခုကို ခိုးရန်ကြံစည်မှု သာရှိသည်။
ဂျူရီလူကြီး ၁၆ဦးအနက် ၄ဦးက သူခိုးများကို လွှတ်ပေးဖို့ မဲပေးခဲ့ကြသည်။ ကျန် ၁၂ဦးကမှု သဘောမတူခဲ့။ လူထုကြီးကလည်း လျှော့ပေါ့သောပြစ်ဒါဏ်အတွက် မကျေနပ်ကြပဲ ဆူပူများအထိဖြစ်ကြသည်။ နောက်ဆုံးတွင် ကျန် ဂျူရီလူကြီး ၁၂ဦး၏ ဆုံးဖြတ်ချက်အရ သူခိုးများမှာ ထောင်ဒါဏ် ၁နှစ် သာ ကျခံခဲ့ရသည်။ သမ္မတလင်ကွန်း အလောင်းခိုးမှုသည် ကမ္ဘာ့သမိုင်းတွင်တော့ လူသိနည်းလှသော ဖြစ်ရပ်သာ ဖြစ်လေသည်။
အောက်ပါ ပုံရိပ်များကတော့ သမ္မတကြီးလင်ကွန်း အုတ်ဂူဟောင်းကို ပြန်လည်တူးဖော်ကာ ဂူဗိမာန်အဖြစ်ပြောင်းလဲ တည်ဆောက်စဉ်က ပုံရိပ်တွေဖြစ်ပါတယ်။ ရှားပါးပုံရိပ်တွေဖြစ်တာကြောင့် သုတဇုန်မိတ်ဆွေများအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်

သက်ဖုန်းပြည့် – ကော့သောင်း
ကမ္ဘာကျော် ပုဂ္ဂိုလ်များ၏ မကျော်ကြားသော ဖြစ်ရပ်များ – မောင်သိန်းလွင်
Discussion about this post