Friday, February 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သမိုင်းတလျှောက် ကမ္ဘာ့အသက်အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံ မိုက်တိုင်ဆန်

by Thutamm
April 7, 2020
Reading Time: 1min read
0
သမိုင်းတလျှောက် ကမ္ဘာ့အသက်အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံ မိုက်တိုင်ဆန်
Share on FacebookShare on Twitter

အရာတိုင်းကိုပြင်ဆင်မယ်စိတ်ကူးရင်း မိမိအတွင်းစိတ်ကစတင်လိုက်ပါ။
ပြင်းပြင်းထန်ထန်ကြိုးစားပါ။ ယုံကြည်ချက်ထားပါ။ မျှော်လင့်ချက်မထားပါနဲ့။
လက်ရှိထက်ပိုကောင်းတဲ့အချိန်မရှိပါဘူး။ အိမ်မက်ထဲကနေ ထွက်ပြီး လက်တွေ့ကြိုးစား လိုက်ပါ။
ငါ့မှာ cent (တစ်ဒေါ်လာရဲ့ ၁၀၀ပုံတစ်ပုံ) တစ်ပြားမှမရှိတဲ့အချိန်မှာ အလုံးစုံကနေ ငါတကယ် လွတ်မြောက်ခဲ့တာပါ။

ဒီအောင်မြင်ရေးစကားလုံးတွေကို ပြောဆိုခဲ့သူကတော့ ကမ္ဘာကျော်သူဌေးကြီး တစ်ဦး မဟုတ်သလို စီးပွားရေးပညာရှင်တစ်ဦးလည်းမဟုတ်တဲ့ ကြမ်းကြမ်းရမ်းရမ်း လက်ဝှေ့သမားကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒီစကားတွေဟာ သူဘဝနဲ့ရင်းပြီးရရှိခဲ့တာဖြစ်လို့ သူအတွက်တော့ ရာနှုန်းပြည့်မှန်ပါလိမ့်မယ်။ သူဟာဘယ်လိုလူစားမျိုးပါ လဲ၊ သူဟာဇွဲကြီးတယ်။အောင်မြင်မှုကိုမက်မောတယ်။ ခက်ထန်တယ်၊ သနားတတ်တယ်၊ ညှာတာတတ်တယ်၊အားနာတတ်တယ်။

WBA၊ WBC၊ IBF စတဲ့ကမ္ဘာ ထိပ်တန်းလက်ဝှေ့အဖွဲ့အစည်း (၃)ရပ်မှာ အငြင်းပွားဖွယ်မရှိတဲ့ချန်ပီယံလည်းဖြစ်ခဲ့တဲ့ မိုက်တိုင်ဆန်ကို(၁၉၆၆)ခုနှစ်၊ ဇွန်လ(၃၀) ရက်နေ့က အမေရိကန်ပြည်ထောင်စုအတွင်းက Brownsville အမည်ရတဲ့ လူမည်းတွေနေထိုင်တဲ့ဆင်းရဲသားရပ်ကွက်မှာ မွေးဖွားခဲ့ပါတယ်။ သံမဏိလူသား ၊ ယမ်းဘီလူးငယ်လေး၊ ကမ္ဘာဂြိုလ်ရဲ့အဆိုးဆုံးလူသားစတဲ့ နာမည်ပြောင်တွေနဲ့ ကျော်ကြားခဲ့တဲ့ မိုက်တိုင်ဆန်ဟာ ငယ်စဉ်တည်းကမိသားစုပြသာနာတွေကြောင့် ပညာကောင်းကောင်းသင်ခွင့်မရတဲ့အပြင် အနိုင်ကျင့်ခံရမှု၊ဖိနှိပ်မှုများစွာအကြား ငတ်တစ်လှည့်၊ပြတ်တစ်လှည်နဲ့ ဘဝကိုဖြတ်သန်းခဲ့ရသူပါ။

မိုက်တိုင်ဆန်အသက် (၁၃) နှစ်အရွယ်ရောက်ချိန်မှာတော့ သူဟာငယ်ငယ်ရွယ်ရွယ်မှာပဲ ပြစ်မှုပေါင်းစုံကျူးလွန်ခဲ့ပြီးပြီဖြစ်ကာ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကို (၃၈)ကြိမ်အထိခံခဲ့ရပြီး လည်းဖြစ်ပါတယ်။ ပတ်ဝန်းကျင်က လူရိုင်းလေးအဖြစ် သတ်မှတ်ခံထားရတဲ့ မိုက်တိုက်ဆန်ဟာ အကြောင်းအရာ တစ်ခုပေါ်လာရင် တိုက်ခိုက်ဖို့သာနှလုံးသွင်းခဲ့ပြီး ဆယ်ကျော်သက်အရွယ်မှာတည်းက လမ်းသူရဲဖိုက်တာတစ်ဦးအဖြစ် စည်းကမ်းမဲ့လမ်းဘေးလက်ဝှေ့ပွဲတွေမှာ နိုင်ပွဲများစွာ ရယူနေခဲ့ပါပြီ။

လူသိနည်းတဲ့ အချက်ကတော့ မိုက်တိုင်ဆန်ဟာငယ်စဉ်က အထိုးအသတ်မှာတင်ထူးချွန်တာ မဟုတ်ပဲ ထူးချွန်တဲ့ ဘတ်စကောဘောကစားသမားလည်း ဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါအပြင် ဒုစရိုက်ပြစ်ချက်များစွာနဲ့ အကျဉ်းထောင် ကိုဝင်လိုက်၊ထွက်လိုက်ဖြစ်နေခဲ့ကာ ယင်းကနေ ဂျွန်စတုံးမြို့မှာရှိတဲ့ လူငယ်ပြုပြင်ရေး ကျောင်းကိုပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ ဒီနေရာမှာတော့ မိုက်တိုင်ဆန်ရဲ့တိုက်ခိုက်မှု စွမ်းရည်ကို သတိပြုမိတဲ့ကျောင်းရဲ့အတိုင် ပင်ခံ Bobby Stewart ဟာ လက်ဝှေ့အခြေခံနည်းလမ်းတွေနဲ့စတင်မိတ်ဆက်ပေးခဲ့ပါတယ်။

လပေါင်းများစွာ လေ့ကျင့်ပြီးချိန်မှာတော့ ယင်းကာလက နာမည်ကျော်လက်ဝှေ့နည်းပြဖြစ်တဲ့ Cus D’ Amatoရဲ့လက်ဝှေ့သင်တန်းကျောင်းကိုပို့ဆောင်ပြီးလေ့ကျင့်စေခဲ့ပါတယ်။ Cus D’ Amatoဟာသာမန်နည်းပြတစ်ယောက်တော့ မဟုတ်ပါဘူး။ (၁၉၅၆)ခုနှစ်ကနေ (၁၉၅၉)ခုနှစ်အထိ ကမ္ဘာဟဲဗီးဝိတ်ချန်ပီယံဖြစ်ခဲ့တဲ့ ဖလိုက်ပတ်တာဆင်၊ (၁၉၆၅) ကနေ(၁၉၆၆)အထိဟဲဗီးဝိတ်ချန်ပီယံဖြစ်ခဲ့တဲ့ ဟိုဆေးတောရတ် တို့ရဲ့နည်းပြဆရာ ဖြစ်ခဲ့သူပါ ။

(၁၉၈၄)ခုနှစ်မှာတော့ မိုက်တန်ဆန်ဟာ အပျော်တမ်းလက်ဝှေ့သမားဖြစ် ခဲ့ပြီး လော့အင်ဂျလိ ကမ္ဘာအိုလံပစ်ပြိုင်ပွဲကိုဝင်ရောက်ဖို့ယှဉ်ပြိုင်ခဲ့ပေမယ့် ရွေးချယ်ခြင်းမခံ ရပဲ (၁၉၈၅)ခုနှစ်မှာတော့ ကြေးစားလက်ဝှေ့လောကကို ဝင်ရောက်လာခဲ့ပါတယ်။ စတင်ကစားတဲ့ပွဲစဉ်(၁၉)ပွဲလုံးကို အလဲထိုး၊ဒိုင်ပွဲရပ်တွေနဲ့ အနိုင်ယူခဲ့ပြီး ယင်းပွဲစဉ်တွေအနက်က (၁၂)ပွဲမှာတော့ မိုက်တိုင်ဆန်ဟာ ပြိုင်ဘက်ကို ပထမအချီမှာပဲ လက်ဝှေ့ကြိုးဝိုင်းကြမ်းပြင်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

နိုင်ပွဲတွေနဲ့ယဉ်ပါးလာချိန်မှာ တော့ မိုက်တန်ဆန်ဟာ ဆုတံဆိပ်တွေဘက်ကို ခြေဦးလှည့်လာခဲ့ပြီး (၁၉၈၆) ခုနှစ် မှာ တော့ ကမ္ဘာလက်ဝှေ့အဖွဲ့ချုပ်(WBC) ရဲ့ချန်ပီယံ ကနေဒါနိုင်ငံသား ထရေဗားဘစ်ကို အလဲထိုးနဲ့အနိုင်ယူပြီး အသက်အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်မိုက်တန်ဆန်ဟာ ကမ္ဘာကြေးစားလက်ဝှေ့သမိုင်း တစ်လျှောက်မှာ အသက်အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံဖြစ်ခဲ့သူအဖြစ် သတ်မှတ်ခြင်းကိုခံခဲ့ရပြီး သူချန်ပီယံဖြစ်ချိန်မှာ သူ့အသက် ဟာ (၂၀)၊၄ လနဲ့ ၂၂ ရက်အရွယ်သာရှိပါသေးတယ်။

(၁၉၈၇)ခုနှစ်မှာတော့ မိုက်တန်ဆန်ဟာ (WBA)ရဲ့ချန်ပီယံ ဂျိမ်းစမစ်၊ (IBF)လို့သိကြတဲ့ အပြည်ပြည်ဆိုင်ရာလက်ဝှေ့အဖွဲ့ချုပ်ရဲ့ချန်ပီယံ တိုနီတပ်ကားတို့ကို အနိုင်ယူပြီး ကမ္ဘာ လက်ဝှေ့အဖွဲ့အစည်း(၃)ရပ်ရဲ့ ချန်ပီယံခါးပတ်ကို အရယူနိုင်တဲ့ အငြင်းပွားဖွယ်မရှိတဲ့ ကမ္ဘာဟဲဗီးဝိတ်ချန်ပီယံတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ (၁၉၈၈)ခုနှစ်မှာတော့ အမေရိကန်လက်ဝှေ့သမားမိုင်ကယ်စဖင့်ကို ပထမအချီ (၉၁)စက္ကန့်နဲ့အလဲထိုးပြီး Lineal champion ဂုဏ်ပုဒ်ကိုဆက်လက် ထိန်းသိမ်းခဲ့ပါတယ်။

မိုက်တိုင်ဆန်ဟာသူရဲ့ ချန်ပီယံခါးပတ်တွေအတွက် (၈)ကြိမ်တိတိ အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ ပေမဲ့ (၁၉၉၀)ခုနှစ်မှာတော့ အမေရိကန်လက်ဝှေ့ကျော်တစ်ဦးဖြစ်တဲ့ ဘတ်စတာဒေါက်ကလပ်ရဲ့ ဆယ်ချီမြောက်မှာ အလဲထိုးခြင်းကိုခံခဲ့ရပြီး သူရဲ့ဟဲဗီးဝိတ်ခါးပတ်ကိုလွှဲပေးခဲ့ရပါတယ်။ (၁၉၉၁)ခုနှစ်တစ်နှစ်တည်းမှာပဲ မိုက်တန်ဆန်ဟာ ဂျာမေကာလက်ဝှေ့ကျော် Donovan Ruddock ကို(၂)ကြိမ်ဆက်တိုက် အနိုင်ရခဲ့ပေမယ့် ယင်းအချိန်က ကမ္ဘာဟဲဗီးဝိတ်ချန်ပီယံ ဟိုလဖီးနဲ့ ထိုးသတ်မဲ့ပွဲစဉ်ကိုလည်း နံရိုးဒဏ်ရာကြောင့် လွဲချော် ခဲ့ရပြန်တာကြောင့် မိုက်တန်ဆန်ရဲ့ ချန်ပီယံဆုတံဆိပ်ပြန်လည်ရယူရေး စီမံကိန်းဟာ အတော်ခက်ခဲသွားခဲ့ပါတယ်။

(၁၉၉၂)ခုနှစ်မှာတော့ မိုက်တန်ဆန်ဟာ မုဒိမ်းမှုနဲ့တရားစွဲဆိုခံရပြီး ထောင်ဒဏ်(၆)နှစ် အပြစ်ပေးခြင်းခံခဲ့ရပါတယ်။(၃)နှစ်ကြာထောင်ဒဏ်ကျခံပြီးနောက်မှာတော့ (၁၉၉၅) ခုနှစ်မှာ ကတိခံဝန် နဲ့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ မိုက်တန်ဆန်ဟာ လက်ဝှေ့လောကကိုပြန်လည် ဝင်ရောက်လာခဲ့ပြီး Frank Bruno နဲ့ Bruce Seldon စတဲ့ လက်ဝှေ့ကျော်တွေကို အနိုင်ယူပြီးဆုံးရှုံးခဲ့ရတဲ့ WBC နဲ့ WBA ချန်ပီယံ ဆုတံဆိပ်တွေကိုပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းတွေကပဲ မိုက်တန်ဆန်ကို အခြားဂန ္တဝင်လက်ဝှေ့ကျော်တွေဖြစ်တဲ့ ဖလိုက်ပတ်တာဆင်၊ မိုဟာမက်အလီ၊ တင်ဝင်တာစပွန်း၊ဟိုလဖီး၊ဂျော်ဂျီဖောမန်းတို့နည်းတူ ကမ္ဘာဟဲဗီးဝိတ်ချန်ပီ ယံဆုကို ဆုံးရှုံးခဲ့ရာကနေ နောက်ထပ်ပြန်လည်ရယူနိုင်ခဲ့တဲ့ လက်ဝှေ့ကျော်အဖြစ် မှတ်တမ်းဝင်သွားစေခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာတော့ မိုက်တန်ဆန်ရဲ့ ဟဲဗီးဝိတ်သရဖူဟာကြာရှည်မခံပဲ သူလိုပဲ ဟဲဗီးဝိတ်ချန်ပီယံဟောင်းဖြစ်တဲ့ ဟိုလဖီးကို (၁၁)ချီ မြောက်မှာအရှုံးပေးခဲ့ရပါတယ်။ (၁၉၉၇)ခုနှစ်မှာတော့ မကြေပွဲအဖြစ် လက်စ်ဗီးဂတ်မှာပြန်လည် ထိုးသတ်ခဲ့ရာမှာလည်း ရှုံးနိမ့်သူဟာ မိုက်တန်ဆန်သာဖြစ်ခဲ့ပြန်ပါတယ်။ မိုက်တန်ဆန် အတွက် အရှုံးပွဲထက်ပိုဆိုးတာက ယှဉ်ပြိုင်နေစဉ်အတွင်း ပြိုင်ဘက်ဖြစ်သူ ဟိုလဖီးရဲ့ နားရွတ်ကို ကိုက်ဖြတ်ဖို့ကြိုးစားခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်ကြောင့် မိုက်တန်ဆန်ရဲ့ လက်ဝှေ့ ထိုးသတ်ခွင့်လိုင်စင် ခေတ္တပိတ်သိမ်းခြင်းကိုခံခဲ့ရခြင်းအပါအဝင် မီဒီယာတွေရဲ့ ဝေဖန်ရှုံချခြင်းကို ကာလကြာရင်ဆိုင်ခဲ့ရပါတယ်။ ဒါအပြင် သူရဲ့စပွန်ဆာကုမ္ပဏီတွေကလည်း စပွန်ဆာစာချုပ်တွေကို ပြန်လည်ဖျက်သိမ်းခြင်း များစွာပြုလုပ်ခဲ့တာကြောင့် မိုက်တန်ဆန်ရဲ့ ဘဝမှာ ဒုတိယမြောက်စွဲထင်ခဲ့တဲ့ အမဲစက်အနေနဲ့ဖြစ်သွားခဲ့ရပါတယ်။

သူအသက်(၃၅)နှစ်အရွယ် (၂၀၀၂)ခုနှစ်မှာတော့ မိုက်တန်ဆန်ဟာ ကမ္ဘာဟဲဗီးဝိတ်ချန်ပီယံ ဆုအတွက် လင်းနော့ လူးဝစ်ကိုစိန်ခေါ်ထိုးသတ်ခဲ့ပေမဲ့ ရှုံးနိမ့် ခဲ့ရပါတယ်။ ယင်းနောက်မှာလည်း ဒန်နီဝီလီယံ၊ မတ်ဘရိုက်စသူတွေကို ဆက်တိုက် ရှုံးနိမ်ခဲ့အပြီး (၂၀၀၆)ခုနှစ်မှာတော့ သံမဏိလူသားမိုက်တန်ဆန်ဟာ လက်ဝှေ့ကြိုးဝိုင်း ကိုကျောခိုင်းခဲ့ပြီ ဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။ နောက်ပိုင်းထွက်ပေါ်လာတဲ့ သတင်း တွေအရတော့ မိုက်တန်ဆန်ဟာ (၂၀၀၀)ပြည့်နှစ်နောက်ပိုင်း ထိုးသတ်ခဲ့တဲ့ပွဲတွေဟာ ငွေကြေးအတွက်သာဖြစ်ပြီး သူဟာပြိုင်ပွဲတွေအတွက် လိုအပ်တဲ့ စွမ်းရည်မျိုးမရှိတော့ ကြောင်းသိခဲ့ရပါတယ်။

(၂၀၀၃)ခုနှစ်မှာကတည်းက မိုက်တန်ဆန်ဟာ လူမွဲစာရင်း ကြေငြာခဲ့ရပြီး တင်ရှိတဲ့ အကြွေးတင် အမေရိကန်ဒေါ်လာ (၂၃)သန်းလောက်ရှိတယ် လို့သိရပါတယ်။ မှတ်တမ်းတွေအရ မိုက်တန်ဆန်ဟာ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမား ဘဝမှာ ဆုကြေးအမေရိကန်ဒေါ်လာသန်း(၃၀၀)ကျော်ရရှိခဲ့ပေမဲ့ သူဟာငွေအားလုံးကို ဖြုန်းတီးပစ်ခဲ့တယ်လို့ ဆိုရပါမယ်။ သူဟာ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမား ဘဝမှာ ပွဲပေါင်း (၅၈)ပွဲကစားပြီး (၅၀)ပွဲနိုင်၊ ၂ပွဲ ပွဲပျက်၊ (၆)ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ခဲ့ပါတယ်။

ဟဲဗီးဝိတ်လောကရဲ့ အကောင်းဆုံးလက်ဝှေ့သမားတွေအနက်က တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ မိုက်တန်ဆန်ဟာ ဟဲဗီးဝိတ်ချန်ပီယံဆုကို ကာလအကြာဆုံး ထိန်းထားနိုင်ခဲ့တဲ့ တတိယမြောတ် လက်ဝှေ့သမားအဖြစ်မှတ်တမ်းတင်ခြင်းခံခဲ့ရပါတယ် ။ ဒါအပြင် BoxRec၊ The Ring၊ ESPN စတဲ့အားကစားသတင်းဝက်ဆိုဒ်တွေက ထုတ်ပြန်တဲ့ ထိပ်တန်းလက်ဝှေ့သမား အမည်စာရင်းမှာ ပါဝင်နိုင်ခဲ့သူဖြစ်ပြီး အမေရိကန် ပြည်ထောင်စု၊ ကာနာစတိုတာမှာရှိတဲ့ International Boxing Hall of Fame မှာ ထည့်သွင်းဂုဏ်ပြုခြင်းခံခဲ့ရသူဖြစ်ပါတယ်။

(၂၀၁၃)ခုနှစ်၊ဒီဇင်ဘာက Fox သတင်းတိုက်နဲ့တွေ့ဆုံမေးမြန်းချက်တွေအရ မိုက်တန်ဆန်ဟာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်တယ်လို့သိရပြီး သူဟာ ဘာသာရေးယုံကြည်ချက်တော့ အစွန်းမရောက်ပါကြောင်းထုတ်ဖော်ပြောကြားခဲ့ဖူးပါ တယ်။ (၁၉၉၅)ခုနှစ်ကတော့ မိုက်တိုက်ဆန် အကြောင်းရိုက်ကူးတဲ့ Tyson အမည်ရ Drama အမျိုးအစား ရုပ်ရှင်ဇာက်လမ်းကို ဒါရိုက်တာ Uli Edel ကရိုက်ကူးခဲ့ပြီး အမေရိကန်သရုပ်ဆောင်တွေ ဖြစ်တဲ့ George C. Scott၊ Paul Winfield နဲ့ Michel Jai White(မိုက်တိုက်စန်အဖြစ်သရုပ်ဆောင်) တို့ကပါဝင်သရုပ် ဆောင်ပေးခဲ့ပါတယ်။

အိမ်ထောင်(၃)ကြိမ်ကျဖူးပြီး အမျိုးသမီးများစွာနဲ့ ရှုပ်ထွေးတဲ့ဇာက်လမ်းများစွာ ပိုင်ရှင် မိုက်တန်ဆန်ဟာကလေး(၈)ယောက်ရဲ့ဖခင်ဖြစ်ပြီး(၂၀၁၅) အမေရိကန်ရွေးကောက်ပွဲမှာတော့ ယခုသမ္မတ ဒေါ်နယ်ထ ရန့်ကိုထောက်ခံခဲ့သူဖြစ်ပါတယ်။ ယနေ့အချိန်မှာ မိုက်တန်ဆန်ဟာ ရုပ်သံတွေ့ဆုံခန်း၊TV show တွေမှာ ဆက်တိုက်ပါဝင်ခွင့်ရနေပြီး အမေရိကန်ဒေါ်လာ(၃)သန်းလောက် ပြန်လည်ကြွယ်ဝနေပါပြီ။ လောကဓံရဲ့ ရိုတ်ခတ်မှုဒဏ်ကို အကြိမ်ကြိမ်ခံစားခဲ့ရတဲ့ အသက်(၅၃)နှစ်အရွယ် ကမ္ဘာဟဲဗီးဝိတ်ချန်ပီယံကြီးဟာ ရိုးရှင်းတဲ့ဟန်ပန်၊ နက်နက်နဲနဲအပြုံးတွေနဲ့သာ တွေ့ရတော့ပြီး သူဆင်နွှဲခဲ့တဲ့ လက်ဝှေ့ ပွဲတွေအကြောင်းမေးရင် ပြုံးရုံသာပြုံးပြပါတော့တယ်။

VIDEO Top 10 Mike Tyson Best Knockouts

Tags: Sport people
Next Post
ကမ္ဘာပေါ်က အကြီးဆုံးကျွန်းကြီး (၁၀)ကျွန်း

ကမ္ဘာပေါ်က အကြီးဆုံးကျွန်းကြီး (၁၀)ကျွန်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!