• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 21, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သမိုင်းတကွေ့မှ မင်းလောင်းဗန္ဓကရသေ့ကြီး

by Thutamm
August 5, 2019
Reading Time: 1min read
0
သမိုင်းတကွေ့မှ မင်းလောင်းဗန္ဓကရသေ့ကြီး
Share on FacebookShare on Twitter

ရေးသားသူ – သန်းဝင်းလှိုင်(မိုးမခမဂ္ဂဇင်း)

လွန်ခဲ့သော နှစ်ပေါင်းရှစ်ဆယ်ကျော်က မုံရွာခရိုင် မြောက်ဖျားတွင် ‘ဗသျှူး’ အမည်ရှိသော အိမ်ခြေ ၆၉ အိမ်၊ လူဦးရေ ၃၅၄ ဦးသာ ရှိသည့် ရွာငယ်တစ်ရွာရှိလေသည်။ ထိုရွာငယ်ဇနပုဒ်မှာ သာမန်မြန်မာ့ကျေးလက်ရွာသိမ်ရွာငယ်မျှသာဖြစ်သော်လည်း သူ့ကျွန်ဘဝတွင် ဗြိတိသျှကိုလိုနီနယ်ချဲ့သမားတို့အား ပျာလောင်ခတ်သွားစေသည်အထိ ဒုက္ခအမျိုးမျိုးပေးနိုင်ခဲ့သော ရွာငယ်ကလေးပင် ဖြစ်သည်။

ဒုက္ခပေးနိုင်ခဲ့သည့် အကြောင်းကား ဤသို့ဖြစ်သည်။ ဗသျှူးရွာအပါအဝင် အနီးအနားရွာများ၌ ထိုစဉ်က စလေဦးပုညကဗျာတစ်ပုဒ်မှ စာသားအတိုင်း ‘နှစ်ပြည်ထောင်တည်စ အလည်က ကျောင်းဆောင်၊ အနောက်မှာ ဝေဘူတောင်ငယ်၊ ရွှေဂူချောင်အကွေ့၊ မင်းကြီးနှင့်ကိန္နရာ၊ ဣန္ဒာပါထွက်တဲ့ရသေ့’ တဘောင် ခေါ် နိမိတ်စကားပေါ်လာခဲ့လေသည်။

ယင်းတဘောင်၏ အတိတ်နိမိတ်ကိုယူ၍ ‘ဗန္ဓက’ အမည်တွင်သော ရသေ့တစ်ပါးသည် ရွာနှင့်မနီးမဝေးတွင် ထီးဖြူရုံတစ်ခုကို တည်ဆောက်လေသည်။ ယင်းထီးဖြူရုံ၏ အနောက်ဖက် အတာင် ၅၀ ခန့်အကွာတွင် ကျောက်ခဲများကို တောင်ကုန်းလေးများသဖွယ် စုပုံထား၏။ ထိုတောင်တစ်ခုပေါ်တွင် ဘုရားတစ်ဆူတည်ထားပြန်၏။ အဆိုပါ တောင်ကလေးများရှေ့တွင် ဝေဘူလ နှင့် ဝေဘူလတောင် ဟူသော စာတမ်းတစ်ခု ရေးသား၍ စိုက်ထူထားလေသည်။ ထို့အပြင် တောင်ကုန်းကလေးများအနီး၌ ဆင်ဖြူသုံးစီးပုံ၊ ရှင်ဘုရင်ရုပ်ပုံ၊ နတ်များနှင့်သိကြားမင်းရုပ်ပုံ၊ ကိန္နရာရုပ်ပုံများကိုလည်း တည်ထားလေသည်။ ဤသို့ ဘုရားတည်၍ ရုပ်ပုံများ၊ ဆင်ဖြူများတည်ထားခြင်းမှာ မြန်မာသက္ကရာဇ် ၁၂၈၉ (ခရစ် ၁၉၂၇) ၌ “ဝေဘူတောင်စောင်းမင်းလောင်းဧကန်ပေါ်လတ္တံ” ဟူသော သိုက်တဘောင်အရ တည်ထားခြင်းဖြစ် ကြောင်း သိရလေသည်။

ထိုစဉ်ကထုတ်ဝေသော သတင်းစာများဖော်ပြချက်အရ ပထမဆင်ဖြူက ပိဋကတ်သုံးပုံကိုတင်ဆောင်ရန်၊ ဒုတိယဆင်ဖြူရှင်က မင်းမြှောက်တန်ဆာများကိုတင်ဆောင်ရန်၊ တတိယဆင်ဖြူက မင်းလောင်းကိုတင်ဆောင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

မင်းလောင်းဗန္ဓကရသေ့ကို မုံရွာခရိုင် အုတ်ဖိုရွာ၌ အဘဦးဝိုက်၊ အမိဒေါ်ဖွားခင်တို့မှ မြန်မာသက္ကရာဇ် ၁၂၄၄ (ခရစ် ၁၈၈၂) ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ထွန်းလှဖြစ်သည်။ အုတ်ဖိုမြောက်ကျောင်းဆရာတော် ဦးနန္ဒဝံသထံတွင် ပညာသင်ကြားခဲ့သည်။ အသက် ၁၅ နှစ်တွင် ရှင်လူထွက်၍ မိဘများနှင့်အတူ တောင်သူထန်းတက်အလုပ်များ လုပ်ကိုင်ခဲ့သည်။ အသက်၂၀တွင် ပသျှူးရွာမှ မဖွားခင်ဆိုသူနှင့် အကြောင်းပါ၍ မလှရင်ခေါ် သမီးကလေးတစ်ဦး ထွန်းကားခဲ့သည်။ မဖွားခင်နှင့် အကြင်လင်မယားအဖြစ် ၂၄ နှစ်ခန့် ပေါင်းသင်းနေထိုင်ပြီး နောက် အသက် ၄၄ နှစ်တွင် သက္ကရာဇ်ကြမ်းနှင့် ကြုံကြိုက်သည်ဟုဆိုကာ ရသေ့ဘောင်သို့ ဝင်ရောက်၍ ဗန္ဓက ဘွဲ့ခံယူခဲ့လေသည်။

ရသေ့ဘဝတွင် ဣစ္ဆာသယဆေးများကို ဖော်စပ်ကာ တစ်ဘူးလျှင် ၂ ကျပ်နှုန်းဖြင့် ဖြန့်ချိရောင်းချခဲ့ရာ လူအများအပြားက ဗန္ဓက ရသေ့ ရောင်းသောဆေးများမှာ ရောဂါဝေဒနာများပျောက်ကင်းစေရုံမျှသာမက ဓါးပြီး သေနတ်ပြီး တုတ်ပြီး ဆေးများပင် ဖြစ်သည်ဟု ယုံကြည် ကြပြီး နှစ်ခြိုက်ကြသောကြောင့် အများအပြားရောင်းချရသည်။ လများမကြာမီအတွင်း ငွေကြေးများစုဆောင်းမိခဲ့ရာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြရန် နှိုးဆော်တိုက်တွန်းခဲ့သောကြောင့် စေတီပုထိုးများကို တည်ထောင်နေခဲ့ခြင်းဖြစ်သည်။

ဗသျှူးရွာမှ ကိုသာမြတ်၊ ကိုနက်၊ အုတ်ဖို ရွာမှ ကိုထိုက်၊ ပဲမြစ်တောရွာမှ ကိုဘိုးညိမ်း၊ မြို့သစ်ချောင်းမှ ကိုပေါ်ညိမ်း၊ မုံရွာမြို့မှ ဦးဘိုးဇုန်နှင့် ဦးဘိုးဆိုင် စသော ပုဂ္ဂိုလ်များကလည်း ဗန္ဓကရသေ့နှင့်အတူ ရသေ့ဝတ်ကာ သူ၏လုပ်ငန်းများကို ကူညီခဲ့ကြလေသည်။ ဤသို့ဖြင့် ဗသျှူးရွာတွင် ဝေဘူလ၊ ဝေဘာလတောင်များနှင့် ဆင်ဖြူသုံးစီးရှိသည်ဟူသော သတင်းစကားသည် အရပ်ရပ်သို့ ပျံ့နှံ့ သွားလေရာ မင်းလောင်းမျှော်သူများနှင့် ဣစ္ဆာသယဆေးများဝယ်ယူလိုသော သူများ ဝင်လာမစဲတသဲသဲဖြင့် စည်ကားနေလေသည်။

ဗန္ဓကရသေ့သည် တဖြည်းဖြည်း နောက်လိုက်အင်အားများပြားလာသောအခါ ဗသျှူးရွာမှနေ၍ မုံရွာခရိုင်အတွင်းရှိ လူအများအား “ဗြိတိသျှအစိုးရကို ဖြုတ်ချပြီးလျှင် ဗန္ဓကရသေ့ကို မင်းမြှောက်လိမ့်မည်” ဟူသော အရိပ်နိမိတ်များ ထင်မြင်ယုံကြည်လာစေရန် တဘောင်စနည်းများကို တီထွင်ပေးနေသည်ဟူ၍ အချို့က ယူဆကြသည်။

၁၉၂၆ ခုနှစ် စက်တင်ဘာလတွင် ဗန္ဓကရသေ့သည် ဗသျှူးရွာ ရသေ့ကျောင်းသင်္ခမ်းမှ ထွက်ခွာပြီးလျှင် ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာ စည်းရုံး၍ အင်္ဂလိပ်နယ်ချဲ့တို့ကို တော်လှန်ရန်လှုံ့ဆော်ခဲ့သည်။ ထို့အပြင် မြေဒူးမြို့၌ အောင်မြေနင်းကြသေးသည်။ ထိုစဉ်က လှုပ်ရှားဆောင်ရွက်နေမှုများကို သက်ဆိုင်ရာစုံထောက်အစီရင်ခံစာများ၌ “ထိုလူအများသည် ကာလပျက်မည့်ခေတ်သို့ အမြန်ရောက်ပါစေ ဟု ဆုတောင်းမျှော်လင့်နေသူများဖြစ်ကြောင်း၊ ထိုအရပ်မှ လူအများတို့သည် လက်နက်များ ဆွဲကိုင်လျက် အစိုးရက တောင်းသောအခွန်တော်များ ကိုပင် မပေးဟု ငြင်းဆန်နေကြောင်း” ဖော်ပြထားလေသည်။

အစိုးရစုံထောက်များအစီရင်ခံစာများအရ ထိုအရပ်ဒေသမှလူအများ အဘယ့်ကြောင့် ကာလပျက်ပါစေဟု ဆုတောင်းနေသနည်း။ အဘယ့်ကြောင့် အစိုးရအခွန်တော်ကို မပေးနိုင်ဟု ဗြောင်ငြင်းဆန်နေကြသနည်း။ အဖြေမှာ ရှင်းလှပေသည်။ ထိုစဉ်ကာလက မြန်မာပြည်တဝှမ်းလုံးတွင် တောင်သူလယ်သမားများ၏ ဘဝအခြေအနေများမှာ အစိုးရ၏ အမျိုးမျိုးသော အကြောင်းပြချက်ဖြင့် တောင်းခံနေသော အခွန်အတုတ်များနှင့် သဘာဝဘေးဒဏ်များကြောင့် စီးပွားရေးကပ်ဆိုက်ကာ ရေအိုးအောက်မှ ကရွတ်ဆွေးကဲ့သို့ တဖြည်းဖြည်းချင်း မွဲပြာကျနေချိန်ဖြစ်သည်။

၁၉၂၆ ခုနှစ်များတွင် အထက်မြန်မာပြည် မိုးခေါင်ရေရှားရပ်ဝန်းရှိ လယ်သမားတစ်ဦးလျှင် အကြွေးငွေ တစ်နှစ်လျှင် ၁၀၈ ကျပ်မျှ တင်ရှိနေ၍ ကြွေးတင်သော တောင်သူလယ်သမားဦးရေမှာ လူ ၁၀၀ လျှင် ၇၂ ယောက် ကြွေးရှိကြောင်း ထိုစဉ်က ထုတ်ပြန်သော ကြေးတိုင် အစီအရင်ခံစာများအရ သိရှိရလေသည်။ ထို့အပြင် စပါးဈေးကလည်း ထိုးကျလာလိုက်သေး၏။ စပါးဈေးမှာ တင်းတစ်ရာလျှင် ၁၉၂၄ ခုနှစ်၌ ၁၉၅ ကျပ်၊ ၁၉၂၅ ခုနှစ်တွင် ၁၉၄ ကျပ်၊ ၁၉၂၆ ခုနှစ်တွင် ၁၉၀ ကျပ် ဈေးသို့ ကျဆင်းလာခဲ့သည်။ ၁၉၂၇ ခုနှစ်တွင်မူကား စပါးဈေးမှာ ၁၃၀ ကျပ်ဈေးသာ ရှိတော့သည်။

အကြွေးကတင် စပါးဈေးက ထိုးကျနေ၍ တောင်သူလယ်သမားများ အကျပ်ရိုက်နေစဉ် လူခွန်တော်၊ မြေခွန်တော်၊ သဿမေဓအခွန်တော်၊ ရောင်းဝယ်ခွန်များ မပေးမနေရဟူ၍ အင်္ဂလိပ်နယ်ချဲ့အစိုးရ နှိပ်စက်လိုက်သေးသည်။ ကြွေးတင်၊ စပါးဈေးကျ၊ အခွန်တော်တိုးလာသည့်အပြင် ရာသီဥတုဖောက်ပြန်မှုကြောင့် လယ်သမားအများစု၏ ဘဝမှာ မြေနိမ့်ရာလှံစိုက်ပမာ နစ်သထက်နစ်ကာ ဖွတ်ဘိုးအေဘဝသို့ ကျရောက်နေရလေသည်။

ထိုစဉ်က လယ်သမားများမှာ အစိုးရ၏ ကြီးလေးသော အခွန်တော်များ စည်းကြပ်ခံရမှုအပြင်၊ လယ်သမားများကို ငွေတိုးချေးငှား မတရားနှိပ်စက်နေသည့် ချစ်တီးတို့၏ ညစ်ပတ်မှုဒဏ်ချက်များကိုလည်း ခံလိုက်ကြရရှာသေးသည်။ ယင်းသို့အားဖြင့် တောင်သူလယ်သမား အများစုမှာ မိမိလယ်ယာမြေများ ကြွေးသိမ်းခံရခြင်းကြောင့် အမြတ်ကြီးစားအတိုးကြီးစား ချစ်တီးတို့လက်သို့ ကျရောက်သွားကြရလေသည်။ အစိုးရနှင့် ချစ်တီးတို့က တောင်သူလယ်သမားများအပေါ် ဤသို့ ဖိစီးနှိပ်စက်လွန်းခြင်းကြောင့် ၁၉၂၆ ဧပြီလ ၈၊ ၉၊ ၁၀ ရက်နေ့များတွင် မိတ္ထီလာမြို့၌ သံဃာသာမဂ္ဂီအဖွဲ့ကြီး၏ သြဝါဒခံ ‘ဂျီစီဘီအေ ကွန်ဖရင့်’ ကြီးက သဿမေဓ အခွန်နှင့် မြေခွန်တော်များ ကောက်ခံခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့လေသည်။

ထို့နောက် အစိုးရ၏ မတရားစည်းကြပ်သော အခွန်တော်ငွေများကို ငြင်းဆန်သည့် ‘မပေးဘူး’ ‘မဆောင်ဘူး’ ‘မသိဘူး’ ဟူသည့် ဝံသာနုဂျီစီဘီအေ အဖွဲ့ကြီး၏ လက်အောက်ခံ ‘ဘူး’ အသင်းများ မြန်မာပြည်အရပ်ရပ်တွင် ပေါ်ပေါက်လာခဲ့လေသည်။ ယင်းသို့ တောင်သူလယ်သမားများ၏ ဒိုင်အာခီအစိုးရကို အနုနည်းဖြင့် တော်လှန်လိုက်သည့် ထို ‘ဘူး– အသင်း’ များ၏ ဆောင်ရွက်ချက်များသည် မုံရွာခရိုင်အတွင်းရှိ တောင်သူလယ်သမားများကို နှိုးဆွနေချိန်နှင့် တပြေးညီ မုံရွာခရိုင် ဗသျှူးရွာမှ မင်းလောင်း ဗန္ဓကရသေ့၏ မိစ္ဆာဒိဋ္ဌိ အင်္ဂလိပ်အစိုးရကို မောင်းထုတ်ရမည်’ ဟူသော တော်လှန်ရေးမီးရှူးတိုင် အရှိန်ပြင်းစွာ တောက်လောင်ချိန်နှင့်လည်း တိုက်ဆိုက်နေလေသည်။

ထို့နောက် မကြာမီအတွင်း ‘ဒူးဖြတ်၊ ရင်းဖြို၊ ဖိုးနင်း’ ဟူသော တဘောင်စကားပေါ်လာခဲ့ပြန်သည်။ ယင်းတဘောင်ပေါ်ပြီး မကြာမီ မှာပင် ‘ တဗိုလ်လျှင် တဓါးသွေး၊ ၁၂၈၉ ခုနှစ်မှာ ပါပမင်းပြေးရတော့မယ်၊ မကြာမီ မြေဒူးကို အောင်မြေနင်းမင်း’ ဟူသော လှုံ့ဆော်ချက်များကို ဝံသာနုခေါင်းဆောင်တစ်ဦးဖြစ်သော ကိုထွန်းပေါ်သည် ကျေးရွာများသို့ လှည့်လည်ဟောပြောလျက်ရှိလေ၏။

၁၉၂၆ ခုနှစ် နိုဝင်ဘာလ အတွင်းတွင် ရေဦးမြို့ကို ကျော်ဇံနှင့် ကိုတူတို့၏ နေအိမ်တွင် ဝံသာနုအစည်းအဝေးတစ်ခုကို လျှို့ဝှက်၍ ကျင်းပကြသည။် ထိုအစည်းအဝေး၌ ဗန္ဓက ရသေ့၏ နောက်လိုက်ရသေ့တစ်ဦးက ဗန္ဓကရသေ့၏ ဣစ္ဆာသယဆေးလုံးများရောင်းချပြိး မိစ္ဆာဒိဋ္ဌိ အင်္ဂလိပ်များကို တိုက်ခိုက်နှင်ထုတ်ကြရန် ဟောပြောလေသည်။ မြင်းစီးရွာတွင်ကျင်းပသော ဝံသာနုအစည်းအဝေးသို့ ဗန္ဓကရသေ့ကြီးကိုယ် တိုင် တက်ရောက်ဟောပြောခဲ့သည်။

ဗန္ဓက ရသေ့၏ တပည့်များနှင့် ကျေးရွာဝံသာနုခေါင်းဆောင်များက ဦးစီးသော ကျေးရွာဝံသာနု အစည်းအဝေးများကို ဖူးတောင်းပွဲ၊ ရေဦးမြို့၊ ဘဲဘော၊ မြင်းစီး၊ မင်းကွန်း၊ ဖလောင်းရိုင်၊ သာကေတ၊ ဆူးတပ်၊ ဆိတ်ခွန်၊ မင်းတိုင်ပင်၊ ပေါင်းလည်ကုန်း၊ တန့်ဆည်မြို့၊ အုတ်ဖို၊ နှောတော စသည့် မြို့ရွာတို့တွင် ကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေးပွဲများမှ အင်္ဂလိပ်အစိုးရကို မည်သည့်အခွန်မျှ မပေးရေးနှင့် မောင်းနှင့်တိုက်ခိုက်ရန်တို့ကို စည်းဝေးဆုံးဖြတ်ချက်ချခဲ့ကြသည်။

ဤသို့ ဆွေးနွေးဆုံးဖြတ်ကြပြီးနောက် ၁၉၂၆ ခုနှစ် အောက်တိုဘာလတွင် ဗန္ဓကရသေ့နောက်လိုက်များဖြစ်ကြသော ရသေ့ ဦးငြိမ်း နှင့် ရသေ့ ဦးဘိုးအေးတို့က ဗန္ဓကထံမှ ရရှိသောစာကို ဆိတ်ခွန်ရွာသို့ ပေးပို့ရာ ရွာခေါင်းကိုဘိုးလူ၏လက်သို့ မှားယွင်းရောက်ရှိသွား၏။ ကိုဘိုးလူမှ ဆိတ်ခွန်ရွာသူကြီးထံ ပြသရာ သူကြီးက အရေးကြီးသည်ဆိုပြီးလျှင် ရွှေဘိုရာဇဝတ်ဝန် ဦးဘိုးသန်းထံ တင်ပြခဲ့လေသည်။ ယင်းစာ သည် အခြားမဟုတ်။ ဗန္ဓကရသေ့က အင်္ဂလိပ်ကို စစ်ကြေညာသော အမိန့်စာဖြစ်လေသည်။ စာပါကြေညာချက်မှာ-

၁၂၈၈ ခုနှစ် တော်သလင်းလပြည့်ကျော် ၁၀ ရက် (ခရစ် ၁၉၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်) သောကြာနေ့။ ကန်တော်ရှင်၊ သာသနာပြုမင်းအမိန့်တော်။

ဘုန်းတော်ကြီးများနှင့်တကွ ဒါယိကာများတို့-

ကျွနု်ပ်ကိုယုံကြည်ကိုးစားကြသော သူတို့သည် ၁၂၈၈ ခုနှစ် တန်ဆောင်မုန်းလ (၁၉၂၆ ခုနှစ် နိုဝင်ဘာလ) မှ စ၍ လက်နက်များ အပြည့်အစုံရှိကြစေ။ ကျွနု်ပ်ကိုယ်တိုင် မြန်မာတို့ထီးနန်းကို လုယူသော ပါပမင်းအင်္ဂလိပ်လူမျိုးတို့ကို ကျွန်ုပ်၏ စိတ်ပုတီးနှင့် တိုက်ခိုက်မည်။ တန်ဆောင်းမုန်းလက တပို့တွဲလအထိ ရှိသမျှ လက်နက်ဖြင့် တိုက်ခိုက်ကြမည်။ ဖျက်သင့်သော အရာများကို ဖျက်ဆီးစေ။ မီးနှင့်ဖျက်စေ။

အဆိုပါ အမိန့်တော်ထည့်ထားသော စာအိတ်ကို ရွှေချထားပြီးလျှင် (စ၊ ဓ၊ ဗ၊ ဝ) စမလေးလုံးကိုလည်း ရေးသားထားလေသည်။ ဗန္ဓက နှင့် ဝံသာနုအသင်းဝင် တောင်သူလယ်သမားများသည် ယခင်ပေါ်ပေါက်ပြီးသော “ဒူးဖြတ်၊ ရင်းဖြို၊ ဖိုနင်း” ဟူသော တဘောင်နိမိတ်အရ ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် သောကြာနေ့တွင် မြေဒူးမြို့ကို အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ကာ မြေဒူးသူကြီကို ဒူးဖြတ် သတ်လိုက်ကြသည်။ ဤသို့ မြေဒူးသူကြီး ဒူးဖြတ်သတ်သွားခြင်းမှာ မြေဒူးသူကြီးသည် လွန်ခဲ့သော သုံးနှစ်ခန့်က ဝံသာနုခေါင်းဆောင် တစ်ဦးဖြစ်သူ မောင်နေတက်ဆိုသူအား အစိုးရအကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ ဖြင့် တရားစွဲထောင်ချလိုက်ရာတွင် အစိုးရ၏ အဓိက သက်သေအဖြစ် ပါဝင်ထွက်ဆိုခဲ့ခြင်းကြောင့် ဝံသာနုများ၏ လက်စားချေခြင်းကို ခံရသည်ဟု ဆိုသည်။

တဖန် “ရင်းဖြို” ဟူသော စကားအရ ၁၉၂၇ ခုနှစ် ဇူလိုင်လ ၂၄ ရက် တနင်္ဂနွေနေ့ တွင် ဗန္ဓကရသေ့နောက်လိုက်များသည် သေနတ်အလက်ပေါင်းများစွာ လူပေါင်းတစ်ရာဖြင့် ဒီပဲရင်းပုလိပ်ဌာနကို လာရောက်တိုက်ခိုက်ခဲ့ ကြသည်။ ရဲဌာနသို့ ဝင်ရောက်စီးနင်းစဉ်က ဗန္ဓက နောက်လိုက်များသည် “အကျဉ်းသမားတွေ ကို လွှတ်ပစ်မယ်။ ဂါတ်တဲကို မီးရှို့ပြီး သေနတ်တွေကိုသာ ယူမယ်။ မဆိုင်တဲ့လူတွေ ဖယ်ကြ” ဟူ၍ အော်ဟစ်ကြသော်လည်း ပုလိပ်ဌာနမှ ဆပ်အင်စပိတ်တော် မောင်ဖိုးသီဆိုသူက ခြောက်လုံးပြူးသေနတ်ဖြင့် ဆီးကြိုခုခံသဖြင့် စီးနင်းသူတို့က ဓါးဖြင့် ခုတ်ဖြတ်သွားခဲ့ကြသည်။ ယင်းနောက် “ဖိုးနင်း” ဟူသော တဘောင်စကားအတိုင်း ဝံသာနုအဖွဲ့ဝင်များသည် အုတ်ဖိုရွာသို့ သွားရောက်တိုက်ခိုက်ခဲ့ကြပြန်သည်။ အုတ်ဖိုရွာသို့ စီးနင်းတိုက်ခိုက်ရာ၌ သေနတ် ၆ လက်၊ လူအင်အား ၅၀ ပါဝင်၏။

“ဓါးလွတ်ငွေကွပ်နျင့် မြေညွတ်အောင် ချီလာလိမ့်။ ဘိုးတော်ရဲ့မြေး” ဟူသော တဘောင်စကားပေါ်လာပြန်သည်။ ထို့နောက် မုံရွာ၊ စစ်ကိုင်း၊ ရွှေဘိုစီရင်စုနယ်များအတွင်း ဗန္ဓက ရသေ့ခေါင်းဆောင်သည့် ဝံသာနုအဖွဲ့ဝင်များ၏ ထကြွမှုသည် ပျံ့နှံ့သွားလေသည်။ အင်္ဂလိပ် အစိုးရသည် ထိုဗန္ဓက အဖွဲ့ကို နှိမ်နင်းရန် အင်အား ၁၅၀ ပါရှိသော စစ်ပုလိပ်တပ်ခွဲတစ်ခုကို ရွှေဘိုမြို့မှ အထူးစေလွှတ်ခဲ့ရသည်။ ယင်းစစ် ပုလိပ်တပ်ဖွဲ့သည် တန်ဆည်မြို့၊ ရေဦး၊ တပရင်းမြို့များတွင် ခွဲဝေတပ်စွဲနေကြလေသည်။ အရေးပိုင် မစ္စတာဒဗလျူတီပမ်း၊ ခရိုင်ရာဇဝတ်ဝန် ဗဟာဒူးဘိုးသန်းတို့သည် ဗန္ဓက အဖွဲ့နှိမ်နင်းရေးကို ဦးစီးနေကြသူများဖြစ်ကြလေသည်။

ရွှေဘို အရေးပိုင်က တရားရုံးတွင် “ဗန္ဓက အရေးတော်ပုံကြောင့် ၁၉၂၆ ခုနှစ်တွင် ရရှိရန်ဖြစ်သော အစိုးရအခွန်တော်ငွေများထဲမှ ၁၂ သိန်းမှာ လုံး၀ ကောက်ခံ၍ မရခဲ့ပါ” ဟု ထုတ်ဖော်ပြောဆိုသွားခြင်းကို ထောက်လျှင် ဗန္ဓက ဝံသာနုများနှင့် ဘူးအသင်းများ၏ ဆောင်ရွက်မှုများသည် အသင့်အတင့် အောင်မြင်သည် ဟု ဆိုရပေမည်။ ဗန္ဓကအဖွဲ့သည် အင်္ဂလိပ်အစိုးရကိုသာ တိုက်ခိုက်သည်မဟုတ် တိုင်းပြည်သစ္စာဖောက်ရာထူးလက်ခံသော ဒိုင်အာခီအသင်း သားများကိုလည်း ရှာဖွေဖမ်းဆီးသတ်ဖြတ်လေ့ရှိခြင်းကြောင့် ထိုနယ်တဝိုက်တွင် အင်္ဂလိပ်အလိုတော်ရိ ဒိုင်အာခီသမားများ ပြေးလွှား ပုန်းအောင်းနေသည်မှာလည်း ထူးခြားမှုတစ်ခုပင်ဖြစ်သည်။

ယင်းသို့ ပုန်ကန်ထကြွမှုများဆက်တိုက်ဖြစ်ပွားလာခြင်းကြောင့် အင်္ဂလိပ်နယ်ချဲ့အစိုးရသည် အင်အားကြီးမားသော စစ်ပုလိပ် တပ်ရင်း အလုံးအရင်းနှင့် ရိုးရိုးပုလိပ်အဖွဲ့အင်အားတိုးချဲ့ပြီးလျှင် ရွှေဘိုခရိုင်တွင် တပ်ခွဲထားစေရလေသည်။ အစိုးရသည် ဗန္ဓကကို အသေ သို့မဟုတ် အရှင် ဖမ်းဆီးမိလျှင် ဆုငွေထိုက်တန်စွာပေးမည်ဟု ကြေညာရသည်အထိ အရေးတယူပြုလာရသည်။

မုံရွာ၊ ရွှေဘိုခရိုင်များအတွင်း ရွာစဉ်ရွယ်ဆက် စစ်ပုလိပ်တို့က ပိုက်စိတ်တိုက်လိုက်လံတိုက်ခိုက်မှုကြောင့် ဗန္ဓက ဝံသာနုအဖွဲ့မှာ တဖြည်းဖြည်းပြိုကွဲသွားကြရလေသည်။ နောက်ဆုံး၌ ဗန္ဓကရသေ့ကို ၁၉၂၈ ခုနှစ် စက်တင်ဘာလအတွင်းတွင် အလုံမြို့တဖက်ကမ်း ရွှေတောင်ဦး၌ လူဝတ်ဖြင့် ဖမ်းဆီးရမိရာ သူနှင့်အတူ တဘောင်စကားတွင်ပါရှိသည့် ‘ငွေကွပ်နှင့်ဓါးရှည်’ ကိုပါ သက်သေအဖြစ် သိမ်းဆည်းမိသည်။

ဗန္ဓကရသေ့ကြီး

ထို့အပြင် ဗန္ဓကနောက်လိုက် ဝံသာနုခေါင်းဆောင် ၆၉ ယောက်ကိုလည်း ဖမ်းဆီးမိရာ ၂၄ ဦးကို အောက်ရုံးက တရားရှင်လွှတ်သည်။ ကျန် ၄၅ ဦးကို စက်ရှင်ရုံးသို့ တင်ပို့စစ်ဆေးစေရာ ခေါင်းဆောင် ၂၀ ကို အိန္ဒိယရာဇသတ်ကြီး ပုဒ်မ ၁၂၀၊ ၁၂၁ (က)၊ ၁၂၄၊ ၃၉၅၊ ၃၉၇ တို့ဖြင့် အသီးသီး ပြစ်ဒဏ်ပေးလိုက်သည်။ ဗန္ဓကရသေ့ နှင့် အခြားခေါင်းဆောင် ၂၅ ဦးကိုမူ တသက်တကျွန်းထောင်ဒဏ်အပြစ်ပေးလိုက်လေသည်။

သို့သော် ဆဋ္ဌမမြောက် ဂျော့ဘုရင်နန်းတက်ပွဲအထိမ်းအမှတ်အဖြစ် ၁၉၃၇ ခုနှစ် မေလ ၁၂ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ ဗန္ဓကရသေ့သည် ၁၉၃၇ ခုနှစ် မေလ ၂၄ ရက်နေ့တွင် မန္တလေးထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ဗသျှူးရွာသို့ ပြန်လည် ရောက်ရှိလာပြီး မယားဖြစ်သူ မဖွားခင်နှင့်ဆက်လက်အတူနေထိုင်ခဲ့လေသည်။ သူသည် ဗသျှူးရွာတွင် အေးချမ်းစွာနေထိုင်၍ ကုသိုလ်ဘဝနာ ပွားများရင်း ၁၉၅၀ ပြည့်နှစ်တွင် ကွယ်လွန်သွားခဲ့လေသည်။

မည်သို့ဆိုစေ… မြန်မာသမိုင်းတကွေ့၌ မင်းလောင်း ဗန္ဓက ရသေ့အမည်ဖြင့် ကျော်ကြားခဲ့သော သူ၏ ဆောင်ရွက်ချက်များ၊ သူ့အတ္ထုုပ္ပတ္တိနှင့် ဓါတ်ပုံကို သိရှိသူအလွန်နည်းပါးလာသောကြောင့် ပြန်လည်ဖော်ထုတ်ရေးသားလိုက်ရပါသည်။

ဗသျူှးရွာသည် ယခုအခါဘီသျှူးရွာဖြစ်သည်။

စာကိုး။

(၁) မောင်မောင်ခင် (မုံရွာ)၊ “မင်းလောင်းဗန္ဓက” မြန်မာ့အလင်းနှစ်သစ်မင်္ဂလာသတင်းစာ၊ ၁၉၄၀ ဧပြီလ။
(၂) သူရိယ သတင်းစာ ၂၅ နှစ်မြောက် အထူးစာစောင် (၁၉၃၆ ဇူလိုင်လ)
(၃) နတ်မောက်ဘုန်းကျော်၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သုတေသနစာတမ်းများ၊ ရန်ကုန် စံပယ်ဦးစာပေ၊ ပထမအကြိမ် ၁၉၇၅ ဧပြီ။

Tags: myanmar historymyanmar people
Next Post
ဂရိဒဏ္ဍာရီလာ ဗီးနပ်စ် အချစ်နတ်သမီးအကြောင်း

ဂရိဒဏ္ဍာရီလာ ဗီးနပ်စ် အချစ်နတ်သမီးအကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!