စစ်သင်္ဘောတွေဟာ စွမ်းအားမြင့်ကာ စက်သေနတ်တွေ၊အမြောက် တွေကိုအဓိကထားတပ်ဆင်ထားတဲ့ တိုက်ပွဲဝင်ရေယာဉ်တွေဖြစ်ပါတယ်။ အဲဒီစစ်သင်္ဘောတွေဟာ ပေရာပေါင်းများစွာရှည်လျားကြပြီး တန်ပေါင်းသောင်းနဲ့ချီပြီး အလေးချိန်ရှိကြ ပါတယ်။ တန်ချိန်ပမာဏအလွန်ကြီးမားတဲ့ယင်းတိုက်ရေယာဉ်တွေရဲ့အရွယ်အစား ကြောင့် အလွန်ကြီးမားတဲ့စက်သေနတ်ကြီးတွေ၊အမြောက်လက်နက်တွေအပြင်ထူကဲ တဲ့သံချပ်ကာကြီးတွေကိုလည်းသယ် ဆောင်အသုံးပြုနိုင်ပါတယ်။
ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာတော့ အင်အားကြီးနိုင်ငံတွေဟာ စစ်သင်္ဘောများစွာ ကိုအပြိုင်အဆိုင်တည်ဆောက်ခဲ့ကြပြီး နည်းပညာပိုင်းမှာသာမက အရွယ်အစားပိုင်းမှာ ပါအပြိုင်အဆိုင်တည်ဆောက်လာခဲ့ကြတာဆိုရင် ယနေ့အချိန်ထိပဲလို့ဆိုရပါမယ်။ မျက်မှောက်ကာလမှာတော့ အင်အားကြီးနိုင်ငံ တွေဟာ စစ်သင်္ဘောရဲ့ အရွယ်အစားထက် နည်းပညာပိုင်းကိုသာမြှင့်တင်ကြတာကြောင့် ယခုဖော်ပြမယ့် စစ်သင်္ဘောတွေဟာ ဒုတိယကမ္ဘာစစ်ဝန်းကျင်ကာလက အသုံးပြုခဲ့တဲ့ သင်္ဘောတွေဖြစ်ပေမယ့် လက်ရှိအချိန်အထိ အကြီးဆုံးစစ်သင်္ဘောတွေလို့ အကြမ်းဖျင်းယူဆနိုင်ပါတယ်။
ဒီနေရာမှာမျှဝေပေးချင်တာကတော့ ကမ္ဘာအကြီးဆုံးစစ်သင်္ဘော (၅)စင်းရဲ့ အကြောင်း အရာအချို့ဖစ်ပါတယ်။ ထူးခြားချက်ကတော့ ယခုဖော်ပြမယ့်စာရင်းထဲက စစ်သင်္ဘောအများစုဟာ သမိုင်းစာမျက်နှာထက်မှာပဲ ရှိတော့ပြီး လက်ရှိကာလမှာရှိမနေတော့တာပဲဖြစ်ပါတယ်။
(၅) Richelieu Class (48,180 Long Tons)
ပြင်သစ်ရေတပ်ကပိုင်ဆိုင်တဲ့ Richelieu Class စစ်သင်္ဘောကြီးဟာ ကမ္ဘာပေါ်မှာတော့ (၅)စီး မြောက်အကြီးဆုံးစစ်ရေယာဉ်ဖြစ်ပြီး တန်ချိန် (၄၈၁၈၀)အလေးချိန်ရှိကာ အလျား (၈၁၃)ပေ၊အနံ(၁၁၆)ပေအရွယ်အစားရှိပါတယ်။ ပုံမှန်တင်ဆောင်နိုင်တဲ့အလေးချိန်က တော့တန်ချိန် (၃၅၀၀၀)ဖြစ်ပြီး ဝန်ကုန်ဆိုရင်တော့ (၄၈ ၁၈၀)အထိသယ်ဆောင်နိုင်တယ်လို့သိရပါတယ်။ Richelieu Class မှာဆိုရင် (၄)မွှာပြူး စက်သေနတ်ဆုံလည် (၂)ခုအပါအဝင် (၁၅)လက်မအရှည်စက်သေနတ် (၁၅)လက်အထိတပ်ဆင်ထားပါတယ်။
Richelieu Class ဟာ ဂျာမန်တွေရဲ့စစ်သင်္ဘော စွမ်းရည်တွေကို ယှဉ်နိုင်အောင် (၂)ကြိမ်တိုင်ပြန်လည်မွမ်းမံခဲ့ရပြီး တစ်နာရီကိုရေမိုင် (၃၂)မိုင်အထိခုတ်မောင်းနိုင်တယ် လို့သိရပါတယ်။ Main Deck မှာဆိုရင် (၆.၇)လက်မရှိတဲ့သံချပ်ကာနဲ့ အမြောက်ဆုံလည်တွေမှာဆိုရင် (၁၇)လက်မအထိအထူရှိတဲ့ သံချပ်ကာတွေတပ်ဆင်ထားရှိကာ သူရဲ့ ညီအစ်မစစ်ရေယာဉ်ကတော့ Jean Bart ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှာလည်း Richelieu နဲ့ Jean Bart တို့ဟာ စစ်ဆင်ရေးလေ့ကျင့်တာဝန်တွေကို ဆက်လက်ထမ်းဆောင်ခဲ့ရပြီး (၁၉၆၀)မှာတော့ Richelieu ဟာစစ်တပ်ကနေအနားပေးခံရပြီး ship breakers တွေထံ ရောင်းချခြင်းခံခဲ့ရပါတယ်။ နောက်ထပ်(၁၀)နှစ်အကြာမှာတော့ သူရဲ့ညီအစ်မစစ်ရေ ယာဉ် Jean Bart ဟာလည်း ဖျက်သိမ်းခံစစ်ရေယာဉ်စာရင်းမှာ ပါဝင်သွားခဲ့ပါတယ်။
(၄) HMS Vanguard (51,420 Long Tons)
ကမ္ဘာအကြီးဆုံးစစ်ရေယာဉ်စာရင်းမှာ အဆင့်(၄)နေရာမှာရှိတာကတော့ ဗြိတိန်တော်ဝင်ရေတပ်က ပိုင်ဆိုင်တဲ့ HMS Vanguard စစ်သင်္ဘောကြီးဖြစ်ပြီး အလျား (၈၁၄) ပေ (၄)လက်မ၊အနံ (၁၀၈)ပေအထိအရွယ်အစားရှိကာ တန်ချိန်(၅၁၄၂၀)အထိရှိပါတယ်။ HMS Vanguard ကိုထုတ်လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ဂျာမန်နဲ့ ဂျပန်စစ်သင်္ဘော တွေကို ယှဉ်ပြိုင်နိုင်ဖို့အတွက်ဖြစ်ပြီး နာမည်ကျော် powerful Lion Class စစ်ရေယာဉ် ဖြစ်ပါတယ်။
ရေဒါပေါင်း အခု ၂၀ ခန့်တပ်ဆင်ထားသလို ၁၅လက်မ twin BL အမြောက် ၄လက် ၊ ၅.၂၅လက်မ twin QF အမြောက် ၈ လက် နဲ့ 40 mm Bofors AA လေယာဉ်ပစ်အမြောက်တွေကိုလည်း တပ်ဆင်ထားပါသေးတယ်။ (၁၉၄၀) ကနေစတင်တည်ဆောက်ပြီး (၁၉၄၆)ခုနှစ်ရောက်ချိန်မှသာ ဗြိတိန်ရေတပ်အတွက် တာဝန်ထမ်းဆောင်နိုင်ခဲ့တာကြောင့် ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုနိုင်ခဲ့ခြင်းတော့မရှိခဲ့ပါဘူး။
HMS Vanguard ဟာတစ်နာရီကိုရေမိုင် (၃၀) အထိ သွားလာနိုင်ပြီး တန်ချိန် (၄၄၅၀၀)တန်အထိသယ်ဆောင်နိုင်ပါတယ်။ HMS Vanguard ဟာဗြိတိန်တော်ဝင်မိသားစုရဲ့ စီးတော်ယာဉ်အဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့ပြီး (၁၉၆၀)ခုနှစ်မှာတော့ အနားပေးခြင်းခံခဲ့ရပါတယ်။ အဲဒီနောက်တော့ ရောင်းချ ဖျက်သိမ်းခံခဲ့ရပါတယ်။
(၃) Bismarck Class (51,800 Long Tons)
နာဇီဂျာမနီရဲ့ Kriegsmarine ကနေတည်ဆောက်တဲ့ Bismarck စစ်ရေယာဉ်ဟာသူရဲ့ညီ အစ်မစစ်ရေယာဉ်ဖြစ်တဲ့ Tirpitz နဲ့အတူ တွဲဖက်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဂျာမန်တွေ တည်ဆောက်ခဲ့တဲ့ စစ်ရေယာဉ်တွေအနက်မှာတော့ Bismarck နဲ့ Tirpitz တို့တွေဟာ အကြီးဆုံးစစ်သင်္ဘောတွေဖြစ်ကြပြီး ယင်းသင်္ဘောတွေ ရေချချိန် အထိလည်း ဥရောပတိုက်တစ်ခုလုံးမှာလည်း ယင်း သင်္ဘောထက်ကြီးတဲ့စစ်ရေယာဉ်ဆိုတာမရှိသေးပါဘူး။
Bismarck ဟာအလျား(၈၂၃)ပေ (၆)လက်မနဲ့ အကျယ် (၁၁၈)ပေ (၁)လက်မအရွယ်ရှိကာ တန်ချိန် (၅၁၈၀၀)တန်အလေးချိန်ရှိပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ အလေးချိန်တန် (၄၂၂၀၀)လောက်ကိုတင်ဆောင်နိုင်ပြီး ဝန်ကုန်အနေနဲ့ဆိုရင် တန်(၅၁၈၀၀)လောက် ကိုသယ်ဆောင်နိုင်ပါတယ်။ ဒီသင်္ဘောကြီးကို ၁၉၃၆ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၉၃၉ခုနှစ်တွင်တည်ဆောက်ပြီးစီးကာ ၁၉၄၀ခုနှစ်မှာတော့ တပ်တော်ဝင်နိုင်ခဲ့ပါတယ်။ ပါဝါအတွက်ကတော့ Blohm & Voss ဂီယာရေနွေးငွေ့တာဘိုင် ၃ လုံး ကို Wagner superheated ဘွိုင်လာ ၁၂ လုံးကို တွဲကာတပ်ဆင်ထားပြီး ၁၁၀၄၅၀ ကီလိုဝပ်ကို ထုတ်လုပ်ပေးနိုင်ကာ တစ်နာရီကို ၃၄.၅မိုင် အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။
ကမ္ဘာပေါ်မှာဆိုရင် တတိယမြောက်အကြီးဆုံးဖြစ်တဲ့ ဒီနာဇီစစ်သင်္ဘောကြီးမှာ ၂၂မိုင်အကွာအဝေးထိပစ်နိုင်တဲ့ အမြောက်ကြီးပေါင်း ၈ ခု (38 cm SK C) ၊ ကိုက်ပေါင်း ၂၅၀၀၀ခန့် အကွာအဝေးထိ ပစ်နိုင်တဲ့ အမြောက်ငယ် ၁၂ ခု (SK C/28) နဲ့ လေယာဉ်ပစ်အမြောက် ၄၀ ကျော်ကိုပါ တပ်ဆင်ထားပါတယ်။ သင်္ဘောကြီးဟာ Arado Ar 196 အမျိုးအစား ရေယာဉ်ပျံ ၄စီးကိုလည်း တင်ဆောင်နိုင်ပါသေးတယ်။ Bismarck ဟာ ဒုတိယကမ္ဘာစစ်အစပိုင်းမှာတင် မဟာမိတ်တွေလက်ချက်နဲ့ နစ်မြုပ်ခဲ့ရပြီး သူရဲ့ညီအမရေယာဉ် Tirpitz ကိုပဲဂျာမန်တွေက နောက်ထပ်တန်ချိန် (၂၃၀၀)လောက်ထပ်မံ မြှင့်တင်ပြီး တိုက်ပွဲဝင်စေခဲ့ပါတယ်။
(၂) Iowa Class (57,540 Long Tons)
အမေရိကန်တို့ဟာ ၁၉၃၉ နဲ့ ၁၉၄၀ ကြားကာလမှာ Iowa အမျိုးအစားစစ်ရေယာဉ် ၄စီးတည်ဆောက်ခဲ့ပြီး Iowa, New Jersey, Missouri, and Wisconsin စတဲ့ နာမည်တွေပေးခဲ့ပါတယ်။ အမေရိကန်ရေတပ်ရဲ့ Iowa စစ်ရေယာဉ်ဟာတန်ချိန် (၅၇၅၄၀)တန်ရှိပြီး (၈၈၇) ပေ (၃)လက်မအထိရှည်လျားကာ အကျယ်(၁၀၈)ပေ (၂)လက်မအရွယ်အစားရှိပါတယ်။
သယ်ဆောင်နိုင်တဲ့ ပမာဏကတော့ တန်(၄၅၀၀၀)ဖြစ်ပြီး ကုန်အပြည့်တင်မယ် ဆိုရင်တော့ (၅၇၅၄၀)တန်အထိ သယ်ဆောင်နိုင်တဲ့ စစ်ရေယာဉ်ကြီးဖြစ်ပါတယ်။ (၁၉၄၀) မတိုင်ခင်က အမေရိကန်ရေတပ်ကထုတ်လုပ်တဲ့စစ်သင်္ဘောတွေအနက်မှာ တော့ Iowa Class ဟာအကြီးဆုံးနဲ့ တန်ချိန်အများဆုံးဖြစ်ပါတယ်။ အဓိကလက်နက်တွေအဖြစ် ၁၆ လက်မအမြောက်ကြီး ၃ စုံတွဲပစ်စင် ၃ စင်၊၅ လက်မအမြောက် ပစ်စင် ၁၂ စင် ၊ လေကြောင်ရန်ကာအဖြစ် အော်လီကွန်နှင့် ဗော်ဖာ စက်အမြောက် အရေအတွက်များစွာတပ်ဆင်ထားပါတယ်။
Iowa Class ရဲ့ တိုက်ပွဲဝင်စွမ်းဆောင်ရည်နဲ့ အမြန်နှုန်းဟာ ယင်းကာလက ကမ္ဘာအမြင့်ဆုံးစွမ်းရည်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး တစ်နာရီကိုရေမိုင် (၃၂.၅)မိုင်အထိမောင်းနှင်နိုင်ပါတယ်။ Iowa Class ဟာယခုချိန်အထိတည်ဆောက်ပြီးစီးသမျှစစ်ရေယာဉ်တွေအနက်မှာတော့ ဒုတိယမြောက်အကြီးဆုံး သင်္ဘောကြီးဖြစ်ပြီးစစ်ဆင်ရေးတာဝန်များစွာကို စံချိန်တင် ထမ်းဆောင်ခဲ့ပါတယ်။
ကိုရီးယားစစ်ပွဲပြိးတဲ့နောက် နှစ်ပေါင်းများစွာ အနားရခဲ့ပြီး ၁၉၈၃ ခုနှစ် သမ္မတရေဂင်လက်ထက်မှာတော့ ဆိုဗီယက်တွေနဲ့ အပြိုင်စစ်ပြင်ဖို့အတွက် ဒီသင်္ဘောကြီးတွေကို လက်နက်နည်းပညာတွေ ထပ်မံမြှင့်တင်တပ်ဆင်ခဲ့ပြန်ပါတယ်။ စစ်အေးတိုက်ပွဲကာလပြီးဆုံးချိန် (၁၉၉၀)ပြည့်နှစ်နောက်ပိုင်းမှာ တော့ အစိုးရက Iowa Class ကိုအနားပေးခဲ့ပါတယ်။ Iowa အမျိုးအစားသင်္ဘောကြီးတွေကိုတော့ အမေရိကန်အစိုးရဟာ ဖျက်မပစ်ပဲ ပြတိုက်အနေနဲ့ ထိန်းသိမ်းပြသထားပါတယ်။
(၁) Yamato Class (71,659 Long Tons)
ယနေ့အချိန်အထိ ကမ္ဘာပေါ်မှာ အကြီးဆုံးစစ်သင်္ဘောကြီးအဖြစ် သတ်မှတ်ထားတာက တော့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ရေတပ်မတော်ရဲ့ Yamato အမည်ရစစ်သင်္ဘောကြီးဖြစ်ပါတယ်။ ဒီသင်္ဘောကြီးကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ အတ္တလန္တိတ်ဒေသစစ်မြေပြင်မှာ ပွဲကြမ်းမယ့်သူတို့ရဲ့မဟာမိတ် ဂျာမန်တွေရဲ့ KMS Bismarck စစ်သင်္ဘောကြီးရှိနေပြီဖြစ်တဲ့အတွက် ဂျပန်တွေဘက်ကလည်း ပစိဖိတ်သမုဒ္ဒရာရေပြင်မှာနယ်မြေစိုးမိုးရေးနဲ့ အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့အကြောင်းကို သိသာထင်ရှားစေလိုတဲ့ရည်ရွယ်ချက်နဲ့ Yamato စစ်သင်္ဘောကြီးကို တည်ဆောက်ခြင်းဖြစ်ပါတယ်။
Yamato Class ကို(၁၉၄၀)ဂျွန်(၂၇)ရက်နေ့ကရေချပြီး (၁၉၄၃) ဖေဖော်ဝါရီ(၂၂)ရက်နေ့မှာတပ်တော်ဝင်ခဲ့ပါတယ်။ Yamato Class ဟာအလျား (၈၆၂)ပေ ရှည်လျားကာ အကျယ် (၁၂၇)ပေ အရွယ်အစားရှိပြီး တန်ချိန် ၆သောင်းကျော် တင်ဆောင်နိုင်ပါတယ်။ဝန်အပြည့်တင်မယ်ဆိုရင်တော့ (၇၁၆၅၉)တန်လောက် ရှိသွားနိုင်ပါတယ်။
ဂျပန်ရေတပ်ရဲ့အရွယ်အစားနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Yamato Class ဟာဆိုရင် (၄၆၀)မီလီမီတာရှိတဲ့စက်သေနတ်(၉)လက် အပြင် (၄၁၀)မီလီမီတာအထူ ရှိတဲ့ သံချပ်ကာတွေကိုတပ်ဆင်ထားပါတယ်။ ဖော်ပြပါလေးလံတဲ့လက်နက်တွေသံချပ် ကာတွေတပ်ဆင်ထားပေမဲ့ Yamato Class ဟာတစ်နာရီကိုရေမိုင် (၂၇)မိုင်ထက် ကျော်လွန်အောင်ခုတ်မောင်းနိုင်ပါတယ်။ Yamato စစ်သင်္ဘော ဟာ(၁၉၄၅)၊ဧပြီလ (၇)ရက်နေ့မှာတော့ Kyushu ကျွန်းရဲ့တောင်ဘက်ပိုင်းမှာ အမေရိကန်တပ်တွေရဲ့ လေကြောင်း၊ရေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့မှုကြောင့်နစ်မြုပ်သွားခဲ့ရပါတယ်။
ဂျပန်ရေတပ်ရဲ့ထုတ်ပြန်ချက် အရတော့ Yamato စစ်သင်္ဘောရဲ့အဓိကနေရာ(၆)နေရာကို ဗုံးဆံ(၆)နေရာတိုက်ရိုက် ပေါက်ကွဲခဲ့မှုနဲ့ တော်ပီဒို (၁၃)ချက်ထိမှန်ခဲ့ပြီး (၂)နာရီအတွင်းမှာပဲ သင်္ဘောကြီးနစ်မြုပ်သွားခဲ့ပြီး အတွင်းပိုင်းမှာတာဝန် ထမ်း ဆောင်နေတဲ့သင်္ဘောသား (၂၀၀၀)ကျော်အနက်က (၂၈၀)လောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ် လို့သိရပါတယ်။ (၁၉၄၅)ခုနှစ်၊ဧပြီလ(၇)ရက်နေ့မှာတော့ ဒုတိယကမ္ဘာစစ်ရဲ့အကြီးဆုံး၊အမာဆုံးသော ဂျပန်စစ်သင်္ဘော Yamato ဟာ Okinawa ကျွန်းရဲ့မြောက်ပိုင်းမှာနစ်မြုပ်ခဲ့ရတာဖြစ်ပါတယ်။
Discussion about this post