၁။ သြစတြီးယားပုံစံတူ တရုတ်မြို့
Hallstatt (China)
ဩစတြီးယားနိုင်ငံမှ ဟောစတပ်မြို့ကို UNESCO အဖွဲ့က ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် နေရာတစ်နေရာအဖြစ် သတ်မှတ်ထားသည်။ တရုတ်နိုင်ငံတွင်လည်း ဟောစတပ်မြို့နှင့် အလွန်ဆင်တူသော မြို့တစ်မြို့ရှိပြီး တရုတ်ဟောစတပ်ဟု ထင်ရှားသည်။ တရုတ်ဟောစတပ်သည် ဂွမ်တောင်းနယ်တွင် ရှိသည်။ ထိုမြို့ကို ဩစတြီးယားနိုင်ငံ ဟောစတပ်နှင့်တူစေရန် ဒေါ်လာသန်း ၉၄၀ ခန့် အကုန်အကျခံပြီး တည်ဆောက်ပြုပြင် ထားကြသည်။
လမ်းများ၊ ဘုရားရှိခိုးကျောင်း၊ သစ်သားအိမ်များကအစ အားလုံးတူသည်။ ထိုမြို့ကို ဟောစတပ် နှင့်တူစေရန် ထူထောင်တည်ဆောက်သူများမှာ တရုတ်နိုင်ငံမှ သန်းကြွယ်သူဌေးကြီးများဖြစ်သည်။ ထိုဒေသကို တိတ်ဆိတ်ငြိမ်းချမ်းပြီး ဥရောပဆန်ဆန် အေးဆေးသည့် ဒေသတစ်ခုအဖြစ် အကောင်အထည်ဖော်လိုသောကြောင့် ဖြစ်သည်။
မူလဩစတြီးယားနိုင်ငံ၊ ဟောစတပ်မြို့တွင် နေထိုင်သူများသည် မြို့တော်ဝန်အပါအဝင် တရုတ်ဟောစတပ်ကို လာရောက်လေ့လာကြည့်ရှုကြသည်။ သူတို့က တရုတ်တွင် မိမိတို့မြို့တူနေရာတစ်ခုရှိနေသည်ကို ဂုဏ်ယူကြသည်။ သို့သော် သူတို့မြို့ပေါ်တွင် တရုတ်တွေ သွားလာသလိုမျိုးဖြစ်နေသည်ကိုတော့ စိတ်မသက်မသာ ဖြစ်ကြသည်ဟုဆိုကြသည်။
သို့သော် လာရောက်လည်ပတ်သည့်ဧည့်သည်တွေက သူတို့ဖြစ်စေချင်သည်များကို မြို့သူမြို့သားများအား ပြောပြပြီး ကူညီကြသည်။ တရုတ်ဟောစတပ်ကို တည်ဆောက်သည့် ကုမ္ပဏီမှာ Minmetals ဖြစ်သည်။ သူတို့က ဩစတြီးယားဟောစတပ်မြို့ကို အလုပ်သမားတွေ အကြိမ်ကြိမ်စေလွှတ်ပြီးမှ ဓာတ်ပုံတွေရိုက်ကာ တည်ဆောက်ကြခြင်းဖြစ်သည်။ ကမ္ဘာ့ပုံတူမြို့အဖြစ် ထင်ရှားစွာဖြင့် တရုတ်နိုင်ငံ၌ တည်ရှိနေပါသည်။
၂။ သေခွင့်မရှိတဲ့မြို့(သို့) လူသေမထားတဲ့မြို့
Longyearbyen (Norway)
နော်ဝေနိုင်ငံမှ လောင်းရီးယားဗြန်မြို့လေးသည် စပစ်ဘာဂန်ဒေသတွင်ရှိသည်။ ကမ္ဘာ့မြောက်ဘက်အကျဆုံး မြို့တစ်မြို့ဖြစ်သည်။ ကမ္ဘာ့မြောက်ဘက်အကျဆုံး ဘုရားရှိခိုးကျောင်း၊ ATM စက်၊ ပြတိုက်၊ စာတိုက်၊ လေယာဉ်ကွင်း၊ တက္ကသိုလ်တို့ရှိသည့် မြို့အဖြစ်လည်း နာမည်ကျော်သည်။ လောင်းရီးယားဗြန်မြို့၏ ထူးခြားချက်မှာ သေအံ့ဆဲဆဲလူနာ သို့မဟုတ် လူမမာများကို မြို့ပေါ်တွင် မထားခြင်းဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် သေတော့မည်ဆိုလျှင် သူ့ကို လေယာဉ်သို့မဟုတ် သင်္ဘောများဖြင့် အခြားတစ်နေရာကို ခေါ်သွားလေ့ရှိသည်။ သူတို့မြို့၏ အခြားတစ်နေရာ နော်ဝေနိုင်ငံ တစ်နေရာရာကိုဖြစ်သည်။ အကယ်၍ မြို့ပေါ်တွင် ရုတ်တရက်သေသွားလျှင်လည်း ထိုမြို့တွင် မြှုပ်နှံလေ့မရှိပေ။
လောင်းရီးယားဗြန်တွင် သေဆုံးသူများကို သူတို့ မြို့တွင် သင်္ချိုင်းရှိသော်လည်း မြှုပ်နှံခွင့်မပြုပေ။ သူတို့ မြို့လေး၏ ရာသီဥတုကလည်း အလွန်အေးသောကြောင့် အလောင်းများကလည်း အလွယ်တကူမပုပ်သိုးနိုင်သည်မှာ ကံကောင်းသည်ဟုဆိုရမည်။ ထိုသို့ အလောင်းများ မပုပ်သိုးမဆွေးမြည့်သောကြောင့်လည်း သင်္ချိုင်းတွင် မြှုပ်နှံစရာနေရာမရှိသောကြောင့် အခြားတစ်နေရာကို မသေမီကတည်းက သယ်သွားခိုင်းကြခြင်းဖြစ်သည်။
ထိုမြို့သင်္ချိုင်းတွင် ၁၉၁၇ ခုနှစ်ကတည်းက ကူးစက် ရောဂါဖြင့် သေဆုံးသူများ၏အလောင်းများကို ပညာ ရှင်များသည် မည်သည့်ဗိုင်းရပ်စ်ကြောင့် သေဆုံးရ ကြောင်း စစ်ဆေးနိုင်ကြသေးသည်။ မြို့ပေါ်တွင် သေခွင့်မရှိသော်လည်း ထိုမြို့သားတွေအားလုံး ရိုင်ဖယ်သေနတ်များကို ကိုင်ဆောင်ခွင့်ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့မြို့ပတ်လည်တွင် ပိုလာဝက်ဝံ တွေ ၃၀၀၀ လောက် လှည့်လည်နေသောကြောင့်ဖြစ်သည်။ ကြောင်များကိုလည်း မြို့တွင်း၌ မွေးခွင့်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ငှက်များကို သတ်ဖြတ်မည် စိုးရိမ်သောကြောင့် ဖြစ်သည်။
၃။ တရုတ်က တစ္ဆေမြို့
Ordos (China)
အိုးဒို့စ်မြို့သည် တရုတ်နိုင်ငံ၊ မွန်ဂိုလီးယား အတွင်းပိုင်းဒေသတွင်ရှိသည် မြို့တစ်မြို့ဖြစ်သည်။ တရုတ်နိုင်ငံ၏ အကြီးဆုံး တစ္ဆေမြို့အဖြစ် ထင်ရှားသည်။ လူဦးရေ တစ်သန်းခန့်နေထိုင်နိုင်ရန် တည်ဆောက်ထားသည့် မြို့ဖြစ်သော်လည်း ၂ ရာခိုင်နှုန်းခန့်သာ ထိုမြို့တွင်ရှိတော့ကြောင်း တွေ့ရသည်။ မြို့ပေါ်က လူတွေထွက်ခွာကုန်ကြသဖြင့် မြို့ကြီးမှာ ခြောက်ကပ်နေသည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၀ ကျော်က ဤဒေသတွင် ကျောက်မီးသွေးတူးဖော်သည့် လုပ်ငန်းများကြောင့် ထင်ရှားသည်။ ရင်းနှီးမြှုပ်နှံသူများက ဤဒေသကိုလာပြီး တိုက်ခန်းများ လာရောက်တည်ဆောက်ကြသည်။ သူတို့က ဒေသခံများကို ငှားစားရန်ဖြစ်သည်။ သို့သော် အဆောက်အအုံကြီးများ၊ တိုက်ခန်းကြီးများ တည်ဆောက်ပြီးချိန်တွင် လာရောက်ငှားရမ်းနေထိုင်သူများ မရှိသလောက်ဖြစ်သွားသည်။ လူတွေ လာမငှားသဖြင့် ဆောက်လက်စတိုက်ခန်းတွေကိုလည်း မပြီးပြတ်ဘဲ ကန်ထရိုက်တွေက ထားသွားသည်လည်းရှိသည်။
ယနေ့ဆိုလျှင် အိုးဒို့စ်မြို့လမ်းများပေါ်တွင် ဆောက်လက်စတိုက်ကြီးတွေ ဟောင်းလောင်းကို တွေ့ရမည်ဖြစ်သည်။ ဆောက်ပြီးသည့် တိုက်ခန်းတွေကလည်း ဈေးကြီးသဖြင့် မဝယ်မငှား လူလာနေခြင်းမရှိဖြစ်နေသည်။ လူတွေက တိုက်တွေမှာမနေ မြို့ကိုသာ စွန့်ခွာနေသောကြောင့် ခြောက်ကပ်လာသည်။
လွန်ခဲ့သည့် ၅ နှစ်ခန့်ကတည်းက တိုက်ခန်းတစ်ပေပတ်လည် ဒေါ်လာ ၁၁၀၀ နှုန်းသည် ဒေါ်လာ ၄၇၀ သို့ ကျသွားသည်။ လူတွေရောက်လာစေရန် ရင်းနှီးမြှုပ်နှံသူတွေက ဈေးတွေလျှော့ပေးနေခြင်းဖြစ်သည်။ ထိုမြို့ကို လာရောက်နေထိုင်ပြီး လုပ်ငန်းများ လုပ်ဆောင် ကြရန် စည်းရုံးလုပ်ဆောင်နေသည်။ အင်တာနက် အခမဲ့ သုံးခွင့်အပြင် အခြားအသုံးအဆောင်များကိုပါ အခမဲ့ သုံးခွင့်ပေးသည်။ ရုံးခန်းများကိုလည်း အလွန်သက်သာစွာ ငှားနေသော်လည်း လူမရှိသဖြင့် တစ္ဆေမြို့အဖြစ် နာမည်ကျော်နေရသည်။
၄။ လူသေများရဲ့မြို့တော်
Colma (California)
ကာလီဖိုးနီးယားရှိ ကော်မာမြို့ကို အသက်ရှင်သူများထက် လူသေများသည့်မြို့ဟု ခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိနေထိုင်သူ ဦးရေက ၁၅၀၀ ခန့်သာရှိပြီး သေဆုံးသူ သင်္ချိုင်းမြေနေရာက ၁ ဒသမ ၅ သန်းကျော် ရှိနေသောကြောင့်ဖြစ်သည်။
၁၈၄၉ ခုနှစ်က ကာလီဖိုးနီးယားဒေသအနီးသို့ ရွှေတူးဖော်ရန်အတွက် လူများ ရောက်လာစဉ်ကတည်းက သမိုင်းစသည်ဟု ဆိုရမည်။ သူတို့က လူသာလာသည် မဟုတ် ရောဂါတွေပါ ယူလာကြသည်။ ထို့ကြောင့် သေပျောက်နှုန်းတွေ အလွန်များခဲ့သည်။ ၁၈၈၀ ခန့်ကတည်းက ထိုမြို့တွင် သင်္ချိုင်း ၂၆ ခုရှိကြောင်း မှတ်တမ်းများရှိသည်။ ထိုသင်္ချိုင်းအားလုံး ပြည့်သွားပြီး ၁၈၈၀ ပြည့်နှစ်နောက်ပိုင်းတွင် သင်္ချိုင်းပိုင်ရှင်က ကော်မာတောင်ပိုင်းအထိ သင်္ချိုင်းကို ချဲ့ထွင်လာခဲ့ရသည်။ ၁၉၀၀ ပြည့်နှစ် မတ်လတွင် ဆန်ဖရန်စစ္စကို အစိုးရသည် မြို့တော်အတွင်း လူသေမြှုပ်နှံခွင့်များကို ပိတ်ပင်လိုက်သည်။ သူတို့ဒေသရှိ မြေများသည် သင်္ချိုင်း လုပ်ရန်ထက် ပိုပြီးတန်ဖိုးရှိလာသောကြောင့်ဟု အစိုးရက ထုတ်ပြန်သည်။
၁၉၁၄ ခုနှစ် ဇန်နဝါရီလတွင် ဆန်ဖရန်စစ္စကိုရှိ သင်္ချိုင်းကို ရွှေ့ပြောင်းရန် အမိန့်ထုတ်သည်။ နိုင်ငံရေး သမားတွေက သင်္ချိုင်းများကြောင့် ရောဂါတွေ ထူပြောသည်ဟု အကြောင်းပြသည်။ သို့သော် သင်္ချိုင်းပိုင်ဆိုင်သူတွေက ထိုမြေပေါ်တွင် အဆောက်အအုံများဆောက်ရန်ဖြစ်ကြောင်း ကောင်းကောင်း သဘောပေါက်ထားကြသည်။ ဆန်ဖရန်စစ္စကိုမှ ရုပ်ကြွင်းများကို ပြောင်းရွှေ့ ရန်နေရာမှာ ကော်မာမြို့တစ်နေရာသာရှိသည်။ ထို့ကြောင့် ကော်မာသည် သင်္ချိုင်းအတွက် မြေငှားစားရာ လူရှင်ထက် လူသေတွေကို ထားသဖြင့် ထိုဒေသ၏ ၇၃ ရာ ခိုင်နှုန်းမှာ သင်္ချိုင်းမြေ ဖြစ်နေရတော့သည်။
၅။ တရုတ်မှာရှိတဲ့ ပဲရစ်မြို့တော်
ပဲရစ်မြို့ဆိုတာနဲ့ အီဖယ်တာဝါကြီးရှိရာ ပြင်သစ်ရဲ့ ကမ္ဘာကျော်မြို့ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒီအီဖယ်တာဝါကြီးနဲ့ ပဲရစ်မြို့ဟာ တရုတ်နိုင်ငံမှာလည်း ရှိနေတယ်ဆိုရင် မသိသေးတဲ့မိတ်ဆွေတွေ အံသြသွားနိုင်ပါတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ ပဲရစ်မြို့ကတော့ Zhejiang ပြည်နယ် Hangzhou မြို့က Tianducheng ဆိုတဲ့နေရာမှာ တည်ရှိနေပါတယ်။ အီဖယ်တာဝါကို ပုံစံတူလုပ်တာကတော့ နိုင်ငံများများမှာ ရှိပေမယ့် အတုလုပ်တဲ့နေရာမှာ ပထမဖြစ်တဲ့တရုတ်ကတော့ တာဝါတင်မက ပတ်ဝန်းကျင်တစ်ခုလုံးကိုပါ ပုံစံတူလုပ်ထားတာပဲဖြစ်ပါတယ်။
အကျယ်အဝန်း ၃၁စတုရန်းကီလိုမီတာ ဖြစ်ပါတယ်။ အဆောက်အအုံတွေ ၊ ရုပ်တုတွေကအစ တကယ့်အီဖယ်မျှော်စင်ဝန်းကျင်နဲ့တူအောင် ထည့်သွင်းတည်ဆောက်ထားပါတယ်။ ဒီနေရာမှာတည်ဆောက်ထားတဲ့ အီဖယ်မျှော်စင်အတုက ပေ ၁၀၀ မြင့်ပါတယ်။ မူရင်း အီဖယ်မျှော်စင်ရဲ့ ၃ပုံ ၁ပုံ ရှိတယ်လို့ ဆိုရမှာပါ။ ၂၀၀၇ ခုနှစ်တည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အောက်က ဓာတ်ပုံတွေကတော့ ပဲရစ်အခြေစိုက် ဓာတ်ပုံဆရာ François Prost က ရိုက်ကူးထားတာဖြစ်ပါတယ်။ ပြင်သစ်က ပဲရစ်မျှော်စင်တစ်ဝိုက် နဲ့ တရုတ်က ပဲရစ်မျှော်စင် ဘယ်လောက်တူကြောင်း တစ်နေရာချင်းစီ ရိုက်ပြထားတဲ့ Paris Syndrome ခေါ်တဲ့ ဓာတ်ပုံစီးရီးဖြစ်ပါတယ်။
ဒီလိုလုပ်ရတဲ့အကြောင်းကတော့ အီဖယ်မျှော်စင်ပတ်ဝန်းကျင်နဲ့ ဆွဲဆောင်ပြီး အနီးအနားက အဆောက်အအုံ ၊ တိုက်ခန်းတွေကို ရောင်းချဖို့ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ခြံမြေလုပ်ငန်းတွေရဲ့ အစီအစဉ်မအောင်မြင်ခဲ့ပါဘူး။ အကြောင်းကတော့ ဒီနေရာဟာ လူတွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်းတော့ အနီးအနားက လူတချို့ပဲ လာရောက်လည်ပတ်လေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ၄နှစ်တည်းက တိုက်ခန်းတွေ အဆောက်အအုံတွေကိုရောင်းချခဲ့ပေမယ့် ဝယ်ယူသူနည်းပါးခဲ့ပါတယ်။ အဲဒီနောက် တဖြည်းဖြည်းဝယ်ယူသူများလာပြီး အခုအချိန်မှာဆိုရင်တော့ အဲဒီနေရာတစ်ဝိုက်မှာ နေထိုင်တဲ့ လူဦးရေဟာ ၃သောင်းခန့်ရှိသွားပါပြီ။ ဒီနေရာကိုတော့ City of Lights လို့အမည်ပေးထားပါတယ်။
The Voice Journal
Discussion about this post