ပုံမှာတွေ့ရတဲ့အတိုင်း ပုံမှန်ကင်မရာတစ်လုံးထက် အဆများစွာကြီးမားတဲ့ ကင်မရာကြီးကို (၁၉၀၀)ပြည့်နှစ်ကာလကတည်ဆောက်ခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအတွင်း က The Alton Limited ရဲ့ဧရာမရထားဓာတ်ပုံကို ရယူနိုင်ဖို့အတွက် အဲဒီတုန်းက နည်းပညာပိုင်း လိုအပ်ချက်အရ ဒီလို ကင်မရာအကြီးကြီးတည်ဆောက်ခဲ့ရခြင်းဖြစ်ပါတယ်။
(၁၈၉၉)ခုနှစ်လောက်ကတည်းက Alton Limited ရဲ့ရထားသစ်တစ်စင်းကို Pullman နဲ့ Illinois ဒေသတွေမှာ ပြေးဆွဲဖို့တည်ဆောက်ခဲ့ပါတယ်။ ယင်းကာလက အနောက်တိုင်းမှာ ရှိသမျှ ခရီးသည်တင်မီးရထားတွေအနက် အကောင်းဆုံးလို့ဆိုရမယ့် ယင်းရထားအတွက်ကြော်ငြာအားကောင်းကောင်းနဲ့ ဈေးကွက်ကို ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ရထားရဲ့ပုံတစ်ခုလုံးကိုဖော်ပြဖို့ရည်ရွယ်ရာကနေ အကြီးဆုံးသော ကင်မရာနဲ့ အကြီးဆုံးဓာတ်ပုံကို ရိုက်ကူးခဲ့ပါတယ်။
ရထားတစ်စီးလုံးရဲ့ အလှအပကို ရိုက်ယူရန်အတွက် ရှီကာဂိုမှာအခြေစိုက်တဲ့ ဓာတ်ပုံပညာရှင် George R. Lawrence နဲ့ သူ့ရဲ့အဖွဲ့ဟာ ရထားတစ်စင်းလုံးကို ထင်ဟပ်စေတဲ့ မြင်ကွင်းကျယ်ပုံရိုက်တစ်ခုကိုဖမ်းယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ Lawrence ဟာ မူလကတော့ ဘူတာရုံအတွင်းမှာပဲ ရထားရဲ့ပုံကို ရိုက်ယူဖို့ဆုံးဖြတ်ခဲ့ပြီး ပုံထုတ်တော့မှ ပုံတွေကိုဆက် ပြီးမြင်ကွင်းကျယ်ရထားတစ်စင်းရဲ့ပုံရိပ်ကိုဖန်တီးဖို့ ကြံစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သဘာဝအတိုင်းမြင်ကွင်းကျယ် ရထားပုံတစ်ခုရနိုင်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါကြောင့် Lawrence နဲ့အဖွဲ့ဟာ ပထမဆုံး အတိုင်းအတာ ၈ပေx၄ပေခွဲ လောက်ရှိတဲ့ ရုပ်ပုံတွေထွက်ရှိတဲ့အလွန်ကြီးမားတဲ့ကင်မရာကိုတည်ဆောက်ဖို့ကြိုးပမ်းခဲ့ကြပြီး အတွင်းမှာတော့ ဓာတ်ပုံရိုက်ရာတွင် ပုံရိပ်စွဲထင်စေရန်အလင်းနဲ့ ဓာတ်ပြုတဲ့ ဓာတုပစ္စည်း လိမ်းကျံထားတဲ့ ပလိပ်ပြားကတင် သာမန်ရိုက်ကူးရေး ကင်မရာတွေမှာအသုံးပြုတဲ့အကြီးဆုံးဆိုတဲ့ပလိပ်ပြားတွေထက် (၃)ဆလောက်ကြီးမားနေပါတယ်။
ယင်း(၁၉၀၀)ပြည့်နှစ်ကာလက ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်တဲ့ ယင်းကင်မရာကြီးကို တည်ဆောက်ရန်အတွက် အချိန် (၂)လခွဲလောက်ယူခဲ့ရပါတယ်။ ကင်မရာရဲ့ကိုယ်ထည်ကိုတော့ ချယ်ရီပင်သားကိုအသုံးပြုတည်ဆောက်ထားပြီး သေးငယ်တဲ့ focusing screen (၂)ခု၊ အတွင်းပိုင်း အနက်ရောင် canvas လိုင်းတစ်လျှောက်မှာပါဝင်တဲ့ ရော်ဘာနဲ့ပြုလုပ်ထားတဲ့ဖားဖို ၊ ဘိလပ်မြေ(၁၀) ဂါလံလောက်ကိုအသုံးပြုဖန်တီးထားတဲ့ curtain plate holder တွေပါဝင်နေပါတယ်။
ကင်မရာရဲ့အောက်ခြေကြမ်းပြင်ကတော့ ပေ(၂၀)လောက်အရှည်ရှိပြီး ရိုက်ကူးရန်အ တွက်ကိရိယာအစုံအလင်တပ်ဆင်လိုက်ချိန်မှာတော့ ကင်မရာရဲ့အလေးချိန်ဟာပေါင် (၁၄၀၀)လောက်ကိုဖြစ်သွားပါတယ်။ ကင်မရာမှာတပ်ဆင်ရန်အတွက် Carl Zeiss မှန်ဘီလူး (၂)ခုကိုလည်း တည်ဆောက်ခဲ့ပါ တယ်။ ယင်းအနက်က တစ်ခုဟာ (1676)mm wide-angle ရှိပြီးနောက်တစ်ခုဖြစ်တဲ့ ပုံရိပ်ကိုအဝေးကနေအနီးကပ် ဆွဲပြီးရိုက်ကူးနိုင်တဲ့မှန်ဘီလူး( telephoto lens) ဟာဆို ရင် (3048)mm အထိရှိတယ်လို့သိရပါတယ်။
ရိုက်ကူးရေးစတင်တဲ့နေ့မှာတော့ ယင်းကင်မရာကြီးကိုရထားနဲ့တင်ဆောင်လာခဲ့ပြီး လူ(၁၅)ယောက်လောက်ရဲ့အင်အားကိုသုံးကာဓာတ်ပုံတစ်ပုံရိုက်ဖို့အတွက် (၂)မိနစ်ခွဲလောက်ကြာအောင် အားထုတ်ခဲ့ရပါတယ်။ ယင်းကင်မရာနဲ့ ရိုက်ကူးခဲ့တဲ့ဓာတ်ပုံဟာ (၁၉၀၀)ပြည့်နှစ် Paris Exposition (ကုန်စည်ပြပွဲ) မှာ ထုတ်ဖော်ပြသခဲ့ပြီးနောက်မှာတော့ ရှု့ထောင့်တစ်ခုတည်းကနေ သဘာဝအတိုင်း ရိုက်ကူးနိုင်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးဓာတ်ပုံအဖြစ် တရားဝင်အသိအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။