Written By Ko Kyaw Min Aung
လွန်ခဲ့တဲ့နှစ်ပေါင်း၅၀၀၀ကျော်လောက်က မိုဟန်ဂျိုဒရိုဆိုတဲ့မြို့ကြီးတမြို့ အိန္ဒိယအနောက်ပိုင်း (ယနေ့ခေတ်ပါကစ္စတန်နိုင်ငံအတွင်း)အိန္ဒူမြစ်ဝှမ်းမှာ ရှိခဲ့ဘူးပါတယ်။ အီဂျစ်၊မက်ဆိုပိုတေးမီးယားယဉ်ကျေးမူတွေနဲ့ ခေတ်ပြိုင်ဖြစ်တယ်။
မိုဟန်ဂျိုဒရိုဆိုတဲ့နာမည်ကအခုခေတ်မှပေးထားတဲ့ နာမည်ဖြစ်ပြီး “မရဏဘုံသားတို့ရဲ့စံမြန်းရာ”လို့အဓိပ္ပာယ်ရပါတယ်။ ဒီမြို့ကြီးရဲ့မူလနာမည်ရင်းကိုတော့ဘယ်သူမှမသိကြတော့ပါဘူး။ ဒီမြို့ကြီးမှာ ဘယ်လူမျိုးတွေနေသွားကြတယ်ဆိုတာလည်းအတိအကျမှန်းဆလို့မရကြဘူး။
နှစ်ပေါင်းလေးထောင်နီးပါးလောက်စွန့်ပစ်ထားတဲ့ ဒီမြို့ကြီးကို ၁၉၁၉ခုနှစ်မှာအိန္ဒိယရှေးဟောင်းသုတေသနပညာရှင် ဘနာဂျီ ကစတင်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီးတော့မြို့ကြီးတခုလုံးပေါ်လာဖို့ နှစ်ပေါင်း၄၀ကြာတူးဖော်ခဲ့ရတယ်။
ဒီမြို့ဟောင်းကြီးကို တူးဖော်တွေ့ရှိခဲ့တာဟာ ရှေးဟောင်းသုတေသနလောကအတွက်အဖိုးမဖြတ်နိုင်တဲ့တွေ့ရှိချက်ကြီးတခုလည်းဖြစ်ရုံသာမက နှစ်၅၀၀၀ကျော်ကလူ့အဖွဲ့အစည်းတခုရဲ့ အလွန်အဆင့်အတန်းမြင့်တဲ့မြို့ပြနေထိုင်မူအကြောင်းလူသားတွေသိခွင့်ရလိုက်တာလည်းဖြစ်ပါတယ်။
တူးဖော်တွေ့ရှိရတဲ့ပစ္စည်းတွေထဲမှာ စစ်မက်ရေးရာနဲ့ပတ်သက်တဲ့အမှတ်သင်္ကေတ၊စစ်လက်နက်ပစ္စည်းတစုံတလေမှမတွေ့ရတဲ့အတွက် ဒီမြို့ကြီးမှာနေထိုင်ခဲ့သူတွေဟာစိတ်နှလုံးနူးညံ့သိမ်မွေ့သူတွေ စစ်ကိုမလိုလားကြပဲငြိမ်းချမ်းစွာနေလိုသူတွေ တွေဖြစ်မယ်လို့ကောက်ချက်ချကြပါတယ်။
နောက်ပြီးတော့ဘုရင်၊မင်းစိုးရာဇာနဲ့ဆက်နွယ်တဲ့အရာတွေ၊တော်ဝင်အသုံးအဆောင်ပစ္စည်းတွေရှာမတွေ့ရတဲ့အတွက်ဒီမြို့မှာသက်ဦးဆံပိုင်ဘုရင်စနစ်မရှိခဲ့ပဲ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ကော်မတီတရပ်က အုပ်ချုပ်တဲ့ အစိုးရပုံစံမျိုးရှိခဲ့လိမ့်မယ်လို့လည်း သုံးသပ်ကြပါတယ်။
ဒီမြို့ကြီးဟာ ပျက်လိုက် ပြန်တည်လိုက်နဲ့ တစ်နေရာတည်းမှာပဲ အကြိမ်ကြိမ်အခါခါ ပြန်လည်တည်ဆောက်ထားခဲ့တဲ့လက္ခဏာတွေကိုလည်းတွေ့ရပါတယ်။ ဒီလိုအကြိမ်ကြိမ်ပြန်တည်ရတာတွေဟာ အိန္ဒူမြစ်ဝှမ်းရေလွှမ်းမိုးမူတွေကြောင့်ဖြစ်နိုင်ပါတယ်။
ဘီစီ ၁၉၀၀ လောက်မှာတော့ လုံးဝ လူသူနေထိုင်ခြင်းမရှိတော့တဲ့မြို့ပျက်ကြီးဖြစ်သွားခဲ့ပြီးလူတွေရဲ့အမှတ်သညာထဲကပျောက်ဆုံးသွားခဲ့တာဟာပြန်လည်တွေ့ရှိတဲ့ အေဒီ၁၉၁၉ ခုနှစ်အထိပါပဲ။
ဒီအဆင့်အတန်းမြင့်တဲ့ယဉ်ကျေးမူကြီးကိုပျက်သုဉ်းစေခဲ့သူတွေကတော့ မြောက်ပိုင်းကဝင်ရောက်လာခဲ့တဲ့အာရိယန်တွေဖြစ်လိမ့်မယ်လို့ို့ယူဆကြပါတယ်။ ကျွန်တော်အဓိကပြောချင်တဲ့အကြောင်းက ဒီရှေးဟောင်းမြို့တော်ကြီးမှာ အလွန်ခေတ်မီတဲ့ Planningကောင်းတဲ့ မြို့ပြဖွဲ့စည်းပုံစနစ်မျိုးရှိခဲ့တဲ့အကြောင်းပါ။
ပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်တွေအရ- သမိုင်းမတိုင်မီBC2500နဲ့ BC1900အတွင်း နှစ်ပေါင်းခြောက်ရာလောက်အဓွန့်ရှည်စွာ စည်ပင်သာယာဝပြောခဲ့တဲ့ မိုဟန်ဂျိုဒရိုမြို့ကြီးရဲ့မြို့ပြဖွဲ့စည်းပုံစနစ်တွေဟာ ရင်သပ်ရူမောမယုံနိုင်စရာကောင်းလောက်အောင်အဆင့်မြင့်မားနေတာတွေ့ရပါတယ်။
ဘယ်လောက်အဆင့်အတန်းမြင့်သလဲဆိုရင် အခုခေတ် မြန်မာနိုင်ငံမှာတောင် ဘယ်မြို့မှ အဲဒီလောက် ကောင်းတဲ့မြူ နီစပယ်စနစ်မျိုးမရှိသေးဘူးလို့ပြောလို့ရပါတယ်။
မြန်မာပြည်မှာ ဘယ်မြို့မှလည်းအဲဒီလောက်စနစ်ကျတဲ့ town planning မရှိသေးဘူး။အဲသလောက် မြို့ပြဆန်တဲ့အသိရှိသူတွေဦးဆောင်ဦးရွက်ပြုနေတဲ့ town council မျိုးလည်းမရှိသေးဘူး။ အဲဒီရှေးဟောင်းမြို့ပျက်နေရာကြီးမှာ တူးဖော်တွေ့ရှိတဲ့အဆောက်အဦတွေ ပစ္စည်းတွေကိုပညာရှင်တွေ လေ့လာချက်အရ သမိုင်းမတိုင်မီ လွန်ခဲ့တဲ့နှစ်၅၀၀၀အလွန်က ထွန်းကားခဲ့တဲ့အဲဒီမြို့ကြီးဟာ urban planningနဲ့ အသေအချာတည်ဆောက်ထားတာဖြစ်ကြောင်း အံ့အားသင့်ဖွယ်သိခဲ့ရတယ်။
နေထိုင်သူလေးသောင်းကျော်ရှိတဲ့မြို့ကြီးမှာလေးထောင့်စပ်စပ် အိမ်တွေကို အုတ်အင်္ဂတေတွေနဲ့ဆောက်လုပ် ထားကြပြီးလမ်းတွေကလည်းကျယ်ပြန့်ဖြောင့်ဖြူး ကြတယ်။မြို့လယ်ကောင်မှာဈေးနေရာတွေလုပ်ထားတယ်။ လူရာပေါင်းများစွာဆန့်တဲ့ညီလာခံခန်းမလိုမျိုး အများပြည်သူနဲ့ဆိုင်တဲ့အဆောက်အဦတွေ မြို့လည်မှာရှိတယ်။ အိမ်တိုင်းမှာရေချိုးခန်းတွေရှိကြတယ်။
ရေချိုးခန်းတွေကိုကြွေပြားတွေကပ်ထားကြတယ်။ရေပူရေအေးစနစ်တွေရှိတယ်။ရေပူရဖို့အတွက်ရေချိုးခန်းအောက်မှာမြေအောက်မီးဖိုကြီးတွေရှိကြတယ်။ မြို့လည်မှာအများသုံးရေကူးကန်ကြီးတခုကိုလည်း တွေ့ရတယ်။ရေကူးကန်ကြီးဘေးပတ်ပတ်လည်မှာ အဝတ်လဲခန်းတွေ၊ရေချိုးခန်းငယ်တွေရှိပြီးရေကန်ကိုရေဖြည့်တဲ့စနစ်နဲ့ရေထုတ်တဲ့စနစ်တွေလည်းရှိတယ်။
အိမ်တွေကိုသောက်သုံးရေပေးဖို့ရေပေးဝေရေးစနစ် တွေရှိတယ်။အဲဒီအတွက်ရေတွင်းတွေကိုမြို့အနှံ့ တူးထားပြီးတမြို့လုံးကိုစဉ့်ေရေတန်လျောက်တွေနဲ့ သွယ်တန်းထားပြီးရေပေးဝေတယ်။ အိမ်တွေကထွက်လာတဲ့ ရေဆိုးတွေထုတ်ဖို့အတွက်လည်း လမ်းဘေးတွေမှာရေဆိုးထုတ်မြောင်းတွေရှိတယ်။
အဲ့မြောင်းတွေကိုမြောင်းဖုံးတွေနဲ့အကျအနဖုံးအုပ်ထားတယ်။တမြို့လုံးအနှံ့ ကွန်ယက်သဖွယ်ရှိနေတဲ့မိလ္လာမြောင်း တွေနဲ့မြို့ပြင်ကိုစနစ်တကျ စွန့်ထုတ်ကြတယ်။ တကယ်လို့ဒီမြို့ကြီးအကြောင်းကို တူးဖော်တွေ့ရှိရတဲ့အထောက်အထားတွေမရှိပဲ စာအုပ်တွေထဲမှာမှတ်တမ်းတင်ထားတာမျိုးကိုသာ ဖတ်ရမယ်ဆိုရင်ဘယ်သူမှယုံကြမှာမဟုတ်ပါဘူး။
လွန်ခဲ့တဲ့နှစ်ပေါင်း၅၀၀၀လောက်က မိုဟန်ဂျိုဒရိုမြို့သားတွေဟာ အခုခေတ်၂၁ ရာစုမြို့ပြအဖွဲ့အစည်းထဲက တိုက်နောက်ဘေးအမိူက်ပစ်နေဆဲ…ချောင်းထဲ၊မြောင်းထဲမိလ္လာစွန့်နေဆဲ…လမ်းပေါ်မှာ ကားရော ဆိုက်ကားရော နွားရော လူရော ဈေးသည်ရော အရောရောအထွေးထွေးနဲ့ လမ်းတခုထွက်ဖို့အရေး စိတ်ပင်ပမ်းဆင်းရဲမူတွေ မတန်တဆခံနေရတဲ့ ကျွန်တော်တို့ထက်တောင်ပိုပြီးမြို့ပြဆန်နေပါလားလို့မထင်မှတ်ပဲသိလိုက်ရသောအခါ…
(By: Kyawmin Aung)
Discussion about this post