ရေးသားသူ – ဗန်းမော်သိန်းဖေ
လွန်ခဲ့တဲ့အနှစ်၂၀လောက်တုန်းက စင်္ကာပူတရားရုံးတခုကိုရောက်ခဲ့ဖူးပါတယ်။တရားခံအဖြစ်နဲ့မဟုတ်ပါဘူး။ လေ့လာသူအဖြစ်နဲ့ပါ။
အဖြစ်ကဒီလိုပါ။ တနေ့မှာ တရားရုံးက ပို့လိုက်တဲ့ summon ဆင့်ခေါ်စာတစောင် ကျနော်တို့ရုံးကိုရောက်လာပါတယ်။ အမှုရင်ဆိုင်ဖို့ ကုမ္ပဏီရဲ့တာဝန်ရှိသူတယောက် ဘယ်နေ့ဘယ်ရက်မှာ ဘယ်မြို့နယ်မှာရှိတဲ့တရားရုံးကို ညနေ ၆နာရီမှာ မပျက်မကွက်လာရမယ်လို့ရေးထားပါတယ်။သွားရမယ့် တရားရုံးက Subordinate_Court ဖြစ်ပါတယ်။
စင်္ကာပူမှာ တရားရုံး၂မျိုးရှိပါတယ်။ Supreme_Court တရားရုံးချုပ်နဲ့ Subordinate_Courts ဆိုတဲ့ မြို့နယ်တရားရုံးတွေပါ။ Supreme_Cort က ရာဇဝတ်ကြီးတွေ၊တရားမမှုတွေ၊အယူခံဝင်တဲ့အမှုတွေကိုစစ်ဆေးပြီး Subordinate_Court (အတိုကောက်Subcourtလို့ခေါ်ကြပါတယ်) ကတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်မှု ဆေးလိပ်မသောက်ရတဲ့နေရာမှာ ဆေးလိပ်အကြိမ်ကြိမ်သောက်မှု၊ လူငယ်လေးတွေ ကျူးလွန်တဲ့ပြစ်မှု၊အကြွေးမဆပ်လို့တိုင်တဲ့အမှု စတဲ့အမှုသေးလေးတွေပဲ စစ်ဆေးပါတယ်။
ကားပါကင်မှာရပ်ပြီး ပိုက်ဆံနဲ့ဝယ်ရတဲ့ ကူပွန်ကို ကားမှာ မကပ်ထားတာတို့ ကားကိုသတ်မှတ်မိုင်နူန်းထက် ပိုမောင်းတာတို့ ကားမရပ်ရမယ့် နေရာမှာရပ်တာတို့စတဲ့ ယာဉ်ဥပဒေချိုးဖောက်မှု အသေးစားလေးတွေကတော့ တရားရုံးသွားစရာမလိုပါဘူး။ ဒဏ်ငွေကို လမ်းဘေးငွေထုတ်စက်ကနေ ပေးဆောင်လိုက်ရင်ပြီးတာပါပဲ။
ကျနော်တို့ကိုဆင့်ခေါ်တဲ့ပြစ်မှုက ကျနော်တို့ဋ္ဌာနက ကားတစ်စီးဟာ လမ်းပေါ်မှာမောင်းသွားရင်း မီခိုးထွက်လို့ ယာဉ်ထိန်းရဲကတွေ့ပြီး အရေးယူတဲ့အမှုပါ။ စင်္ကာပူမှာ လေထုညစ်ညမ်းမှာစိုးလို့ ကားတွေကိုမီးခိုးမထွက်ရအောင် ထိန်းသိမ်းမွန်းမံပြင်ဆင်ဖို့ ဥပဒေထုတ်ထားသလို ရဲကတွေ့ရင်လဲဖမ်းပါတယ်။
တရားရုံးကိုသွားရမယ့် ကုမ္ပဏီကတာဝန်ရှိတဲ့သူက ကျနော့်ဆရာဖြစ်တဲ့ စင်္ကာပူလူမျိုး မန်နေဂျာThomas_Kua ပါ။ အတိုကောက် အနေနဲ့သောမတ်စ်လို့ပဲခေါ်ကြပါစို့။ တရားရုံးကချိန်းတဲ့နေ့မနက်မှာ သူရဲ့လက်ထောက်၂ယောက်ဖြစ်တဲ့ ကျနော်နဲ့ သူငယ်ချင်းကိုမောင်ကြီးတို့ကိုခေါ်ပြီး ပြောပါတယ်။ သူတရားရုံးကိုတခါမှ မရောက်ဖူးတော့ သွားရမှာကြောက်လို့ ကျနော်တို့၂ယောက်ကိုအဖော်လိုက်ခဲ့ဖို့ ခေါ်ပါတယ်။သောမတ်စ်နဲ့ကျနော်တို့ဟာ၊နှစ်ပေါင်းများစွာအတူလုပ်ခဲ့ကြတော့ အရမ်းရင်းနှီးကြတယ်။ ဒါကြောင့်လည်း သူကကြောက်တယ်လို့ မရှက်မကြောက်ဝန်ခံပြီး အဖော်လိုက်ခဲ့ဖို့ခေါ်တာပေါ့။
ကျနော်နဲ့ကိုမောင်ကြီး၂ယောက်စလုံးဟာ စင်္ကာပူတရားရုံးကိုတခါမှမရောက်ဖူးကြတော့ အဖော်လိုက်မယ်လို့ပျော်ပျော်ပါးပါးနဲ့သဘောတူလိုက်ကြပါတယ်။ သောမတ်စ်လည်း ပျော်သွားပုံရပါတယ်။ ညနေ၅နာရီလောက်မှာ ကျနော်တို့သောမတ်စ်ရဲ့ကားနဲ့ Subcourt တရားရုံးရှိတဲ့နေရာကို သွားကြပါတယ်။ အလုပ်လုပ်တဲ့လေဆိပ်ကနေ နာရီဝက်လောက်ကြာပါတယ်။ တရားရုံးချိန်းထားချိန်က ၆နာရီမှဆိုတော့ စောသေးလို့ တရားရုံးရှေ့နားက လဖက်ရည်ဆိုင်မှာ လဖက်ရည်သောက်ကြပါတယ်။ နောက်ပြီး တရားရုံးက ဘယ်အချိန်မှပြီးမယ်ဆိုတာမသိတော့ မုန့်လေးဘာလေးစားပြီး ဗိုက်ဖြည့်ထားလိုက်ကြတယ်။
၆နာရီထိုးဖို့၁၀မိနစ်အလိုမှာ တရားရုံးထဲကို ဝင်ကြတယ်။ ကျနော်တို့ကို အမှုကြားနာမယ့် တရားရုံးခန်းမဟာ မြေညီထပ်မှာပဲရှိတယ်။ ရုံးခန်းရှေ့ရောက်တော့ အမှုချိန်းလာတဲ့လူ၃၀လောက်တွေ့ရတယ်။ ငါတို့တော့၊လိုက်လာတာမှားပြီလို့။ ဒီလူအုပ်ကြီးကိုအမှုစစ်ရင်တော့ မိုးကြီးချုပ်မှပြီးမှာမို့ ငါတို့တော့ ဒီညဒိုင်စားပြီ ၊အိပ်ချိန်တောင်ရှိတော့မှာမဟုတ်ဖူးလို့..ကျနော်နဲ့ကိုမောင်ကြီးတို့တိုးတိုးပြောကြတယ်။
၆နာရီထိုးဖို့၅မိနစ်အလိုမှာ လူတွေထပ်ရောက်လာကြပြန်တယ်။ လူ ၅၀ လောက်ဖြစ်လာတယ်။ ကျနော်နဲ့ကိုမောင်ကြီး၂ယောက်စလုံး မျက်လုံးပြူးသွားကြတယ်။ ဒီလူအုပ်ကြီးနဲ့ဆိုရင် နောက်တရက်မနက်မိုးလင်းတောင်၊ပြီးမှာမဟုတ်ဖူးပေါ့။
၆နာရီအတိထိုးတာနဲ့ တရားရုံးတာဝန်ကျတဲ့ရဲတယောက်က လူတွေကို တရားရုံးခန်းထဲဝင်ဖို့ အော်ခေါ်ပါတယ်။ ကိုမောင်ကြီးက အရင်ဝင်သွားတယ်။ကျနော်က ဝင်မယ်လုပ်တော့ ရဲကလက်နဲ့တားပြီး တရားရုံးဆင့်ခေါ်စာကိုပြခိုင်းပါတယ်။ ရှေ့ကဝင်သွားတဲ့သူငယ်ချင်းဆီမှာစာပါသွားပြီလို့ရှင်းပြပေမယ့် ဝင်ခွင့်မရပါဘူး။ နောက်မှသိရတာက သောမတ်စ်က သူမဝင်ရဲလို့ ကိုမောင်ကြီးကိုကြိတ်ပြောပြီး ဆင့်ခေါ်စာပေးထားတာကိုး။
ဒါနဲ့ သောမတ်စ်နဲ့ကျနော်တို့၂ယောက်ခန်းမရှေ့မှာ စကားပြောရင်းစောင့်နေကြတယ်။ မိနစ်၂၀လောက်ကြာတော့ သောမတ်စ်က တရားရုံးစစ်တာကြာအုံးမှာမို့ လဖက်ရည်ဆိုင်ပြန်သွားထိုင်ပြီးစောင့်ကြတာပေါ့လို့ပြောတယ်။ ကျနော်ကလည်း ကောင်းတာပေါ့ဆိုပြီး အပြင်ထွက်ဖို့ပြင်လိုက်တယ်။
အဲဒီအချိန်မှာပဲ ကိုမောင်ကြီးတရားရုံးခန်းမထဲက ပြန်ထွက်လာတာ တွေ့လိုက်တယ်။ ကျနော်က သူ့ဆီပြေးသွားပြီး ဘာဖြစ်လို့လဲ ဘာကျန်ခဲ့လို့လဲလို့ စိုးရိမ်တကြီးနဲ့မေးလိုက်တယ်။ သူက အမှုစစ်တာပြီးသွားပြီ။ အခုဒဏ်ငွေသွားဆောင်ရမယ်။ သူနဲ့လိုက်သွားပြီး မလှမ်းမကမ်းမှာရှိတဲ့ ငွေသွင်းကောင်တာမှာ ဒဏ်ကြေးပေးဆောင်လိုက်ကြပါတယ်။ ဒဏ်ကြေးက စင်္ကာပူဒေါ်လာ ၁၀၀လို့ ထင်ပါတယ်။ အတိအကျတော့မမှတ်မိတော့ဘူး။
ဒဏ်ကြေးဆောင်ပြီးတော့ လက်ကနာရီကိုကြည့်မိတယ်။ ၆နာရီခွဲလောက်ရှိပါပြီ။ ကိုမောင်ကြီးတရားရုံးခန်းထဲဝင်သွားချိန်ကနေ ပြန်ထွက်လာတဲ့အထိ အချိန်စုစုပေါင်းနာရီဝက်လောက်ပဲကြာပါတယ်။ အပြန်မှာ သောမတ်စ်ကသူ့ကားနဲ့ကျနော်တို့အိမ်ကို လိုက်ပို့ပေးပါတယ်။ လမ်းမှာ ကိုမောင်ကြီးကိုမေးကြည့်ပါတယ်။ အမှုစစ်တာ ဘာဖြစ်လို့ ဒီလောက်မြန်ရသလဲလို့။ ကိုမောင်ကြီးက သူ့အတွေ့အကြုံကို အခုလိုပြောပြပါတယ်။
သူတို့တရားရုံးခန်းမထဲဝင်သွားပြီး ခုံတန်းတွေမှာ ဝင်ထိုင်ကြရတယ်။ အမှုဆိုင်လာတဲ့လူအားလုံး(လူ၅၀လောက်ရှိလိမ့်မယ်)လည်း နေရာယူထိုင်ပြီးကြတဲ့အချိန်မှာ တရားရုံးစာရေးက လူတစ်ယောက်ချင်းဆီထံသွားပြီး မေးပါတယ်တဲ့။ အပြစ်ရှိတယ်လို့ဝန်ခံမလား ဝန်မခံဘူးလားပေါ့။ ပြီးတော့ လူတွေရဲ့အဖြေတွေကို စာရွက်တစ်ရွက်ပေါ်မှာရေးမှတ်သွားပါတယ်။
လာပြီးအမှုဆိုင်ကြတဲ့လူတွေရဲ့ပြစ်မှုကလည်း မီးခိုးထွက်တဲ့ကားကိုမောင်းတာတို့ စတဲ့ယာဉ်ဥပဒေချိုးဖောက်တဲ့ ပြစ်မှုအလတ်စားတွေမို့ လူအားလုံးလောက်က အပြစ်ရှိကြောင်းဝန်ခံကြတယ်။ တကယ်ကျူးလွန်တဲ့လူတွေဟာ တရားရုံးရောက်ရင် ဝန်မခံလို့မရဘူးလေ။ စင်္ကာပူအစိုးရကလည်းနပ်တယ်။ ပြစ်မှုမကျုးလွန်ဘူးဆိုရင် ယာဉ်ထိန်းရဲကရိုက်ထားတဲ့ဓါတ်ပုံတို့၊ CCTVနဲ့ရိုက်ထားတဲ့ဗွီဒီယိုမှတ်တမ်းတွေပြပြီး ကျသင့်တဲ့ဒဏ်ကြေးထက်၂ဆ၊ ၃ဆ ပိုချတတ်တယ်လေ။
အားလုံးကို စာရေးက စာရင်းကောက်ယူပြီးချိန်မှာပဲ တရားသူကြီးဝင်လာတယ်။ လူတွေအားလုံးမတ်တတ်ရပ်ပေးကြတယ်။ တရားသူကြီးကသူ့ကုလားထိုင်မှာ ထိုင်လိုက်ပြီးမှ လူတွေအားလုံးလည်း ကိုယ့်နေရာမှာကိုယ်ပြန်ထိုင်လိုက်ကြရတယ်။ အဲဒီအချိန်မှာ စာရေးက သူစာရင်းမှတ်ထားတဲ့စာရွက်ကို တရားသူကြီးရှေ့မှာလာချပေးလိုက်တယ်။
တရားသူကြီးက လူတယောက်ချင်းစီရဲ့နာမည်တွေခေါ်ပါတယ်။ အခေါ်ခံရတဲ့သူ သူ့နေရာမှာ မတ်တတ်ရပ်ရပါတယ်။ တရားသူကြီးက အပြစ်ရှိသလား၊မရှိဘူးလားမေးပါတယ်။ အပြစ်ရှိတယ်လို့ စာရေးကို စာရင်းပေးထားပြီမို့၊အပြစ်ရှိကြောင်းဝန်ခံလိုက်တာပေါ့။ တရားသူကြီးက ဒဏ်ငွေဘယ်လောက်ဆောင်ဆိုပြီး တထိုင်ထဲအမိန့်ချတယ်။ စာရေးက သူတင်ထားတဲ့စာရွက်မှာ ဘယ်သူဘယ်ဝါ၊ဘာပြစ်မှု၊ကျသင့်ဒဏ်ငွေပမာဏအားလုံးရေးထားပြီသားပါ။
ဒါနဲ့ တရားသူကြီးက နောက်လူတွေကိုတယောက်ချင်းမေး ဒဏ်ငွေချနဲ့ ကိုမောင်ကြီးအပြောအရ လူ၅ယောက်ကိုအမိန့်ချလိုက်တာ ၁၀မိနစ်ပဲကြာတယ်တဲ့။ ဒီနှုန်းနဲ့ဆိုရင် လူ၅၀ကိုအမိန့်ချတာအလွန်ဆုံး၂နာရီပဲကြာလိ့မ့်မယ်။ ဝန်မခံတဲ့လူ အနည်းငယ်ရှိရင်တော့ ဒီထက်အနည်းငယ်ပိုကြာမှာပေါ့။ ကျနော်ထင်တယ် လူ၅၀ကိုအမှုစစ်တာ စုစုပေါင်း၃နာရီထက်ပိုကြာမယ်မထင်ပါဘူး။
နောက်မှသိရတာက ကျနော်တို့သွားခဲ့တဲ့ Subordinate_Court ရဲ့တရားရုံးခန်းမကို Night_Court လို့ခေါ်ပါတယ်။ အဲဒီရုံးကို ညနေ၆နာရီကနေ လူအကုန်အမိန့်ချပြီးတဲ့အထိ တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ အပါတ်တိုင်းဖွင့်ပေးပါတယ်။ ယာဉ်စည်းကမ်းချိုးဖောက်မှု သက်သက်ကိုပဲ စစ်ဆေးပါတယ်။ ညမှာတရားစီရင်တဲ့ ရည်ရွယ်ချက်ကတော့ လူတွေခွင့်ယူစရာမလိုပဲ တရားရုံးကိုလာနိုင်အောင် အစိုးရကစီစဉ်ပေးထားခြင်း ဖြစ်ပါတယ်။
စင်္ကာပူအစိုးရရဲ့တရားစီရင်မှုကို မြန်မြန်ဆန်ဆန်နဲ့ လူတွေအဆင်ပြေတဲ့အချိန်မှာ စီစဉ်ပေးထားတာ အတုယူစရာမကောင်းဘူးလား ခင်ဗျာ။ ဒါတောင် လွန်ခဲ့တဲ့အနှစ်၂၀ ကျော်လောက်ကနော်။ အခုဆိုရင် ဘယ်လောက်များမြန်ဆန်နေပြီလဲဆိုတာ မသိတော့ဘူး။
မှတ်ချက်။ ။၂၀၁၄ခုနှစ်၊ မတ်လ ၇ရက်နေ့ ကစပြီး Subordinate Courts တွေကို State Courts ဆိုပြီး စင်္ကာပူအစိုးရက နာမည်ပြောင်းလိုက်ပါတယ်။
ဗန်းမော်သိန်းဖေ
Discussion about this post