ရန်ကုန်မြို့ ဆူးလေဘုရားအနီးသို့ရောက်လျှင် မဟာဗန္ဓုလပန်းခြံထဲ၌ ထီးထီးမားမား ရပ်နေသော ကျောက်တိုင်ကြီး တစ်တိုင်ကို တွေ့ရပေလိမ့်မည်။ ထိုကျောက်တိုင်သည် လွတ်လပ်ရေးမော်ကွန်းဝင် မဟာဗန္ဓုလကျောက်တိုင်ကြီးဖြစ်သည်။ ပတ်ဝန်းကျင်တွင် ဆူးလေစေတီ ၊ မြို့တော်ခန်းမ ၊ တရားရုံးချုပ်အဆောက်အအုံဟောင်းကြီး နှင့် အခြားသမိုင်းဝင်ရှေးဟောင်း အဆောက်အအုံများရှိသည်။
အဆိုပါကျောက်တိုင်ကြီးကို မဟာဗန္ဓုလပန်းခြံကြီး၏ အလယ်ဗဟို၌ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီ ၄ ရက် နံနက် ၈နာရီတွင် အုတ်မြစ်ချ၍ ၁၉၅၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့သည်။ လွတ်လပ်ရေးကျောက်တိုင်အား ငလျင်ဒဏ် ၊ မိုးဒဏ် ၊ လေဒဏ် ၊ မုန်တိုင်းဒဏ် တို့ကို ကြံကြံခံနိုင်စေရန် အောက်ခြေမြေ အနက် ၁၀ ပေ ၊ အချင်း ပေ ၅၀ ခန့် ဖောင်ဒေးရှင်းချခဲ့သည်။
ထို့နောက် ဓာတ်ရထားသံလမ်းများကို ထီးခရိုင်ကဲ့သို့ စီမံကာ ကွန်ကရစ်ဖြင့် အမာခံ အုတ်မြစ်ချခဲ့ရသည်။ ကျောက်တိုင်အမြင့်ကိုမူ ဆူးလေစေတီတော်ထက် အနည်းငယ်နှိမ့်ကာ ၁၅၅ ပေ သတ်မှတ်ခဲ့သည်။ ကျောက်တိုင် ဆောက်လုပ်ရေးလုပ်ငန်းအ၀၀ကို အေစီမာတင်(A.C. Martin ) ကုမ္ပဏီက တာဝန်ယူခဲ့သည်။
တည်ဆောက်ရေးကော်မတီ၏ အတွင်းရေးမူးမှာ ဗိုလ်တထောင် အမတ် သီရိပျံချီဦးသန်းစိန် ဖြစ်ပြီး ၊ ကော်မတီကြီးကြပ်ရေးဆိုင်ရာ အင်ဂျင်နီယာများအဖြစ် ဗိသုကာနှင့် အင်ဂျင်နီယာ ဦးအုန်းကြိုင် ၊ ဦးကျော်စိန် (အငြိမ်းစား အင်ဂျင်နီယာချုပ်၊ ပြည်သူ့အိုးအိမ်အဖွဲ့) နှင့် စည်သူဦးတင် (ရန်ကုန်မြူနီစီပယ်လမ်းနှင့် အဆောက်အအုံ အင်ဂျင်နီယာဟောင်း) တို့ပါဝင်ကြ၏။
အလယ်ပင်မ ကျောက်တိုင်ကြီး နှင့် အရံကျောက်တိုင်ငယ်များကို ငါးမြှောင့်ကြယ် ပုံသဏ္ဍာန်ပြုလုပ်ထားသဖြင့် အထက်စီးမှကြည့်လျှင် ထိုခေတ်အလံတော်အတိုင်း ကြယ်ကြီးတစ်လုံးကို ကြယ်ငါးလုံးက ဝန်းရံလျက်ရှိနေသည် ကို တွေ့ရပေမည်။ တိုင်ထိပ်၌ မိုးကြိုးလွှဲကိုလည်း တပ်ဆင်ထားပြီး ကျောက်တိုင်အခြေပတ်လည်တွင် ခြသေ့ၤရုပ် ၁၀ ရုပ်ဖြင့် ဝန်းရံထားသည်။
ကျောက်တိုင်ပေါ်မှ လွတ်လပ်ရေးကြေငြာစာတမ်းကို ဦးသိန်းဟန်(ဆရာဇော်ဂျီ)၊ ဦးဝန်(မင်းသုဝဏ်) ၊ ဆရာယော(ဆရာဇေယျ)၊ ဦးအုန်းဖေ(တက်တိုး)၊ ဦးဝင်းစိန်(တင့်တယ်) စသည့်ဆရာကြီးများက ရေးသားကြသည်။
ကိုးကား :
မြန်မာ့သမိုင်းဝင်ဖြစ်ရပ်များ – နန္ဒာမိုးကြယ်
သူရိယစာမျက်နှာ
Photos : Wikimedia