Tsar Bomba ( ဗုံးတို့၏ဧကရာဇ်)
ရေးသားသူ – Ko Kyaw Min Aung
ကမ္ဘာပေါ်မှာဖေါက်ခွဲခဲ့သမျှဗုံးတွေထဲမှာ အင်အားအပြင်းထန်ဆုံးဖြစ်တဲ့ Tsar Bomba လို့အမည်ပေးထားတဲ့ သာမိုနျူကလီးယားဗုံးကြီးကို ဆိုဗီယက်ယူနီယံ (ယခုရုရှား) က ၁၉၆၁ ခုနှစ် အောက်တိုဘာလ ၃၀ရက်နေ့မှာ အာတိတ်စက်ဝိုင်းအတွင်းရှိ နျူကလီးယားစမ်းသပ်ရာ Novaya Zemlya ကျွန်းဆွယ် မှာစမ်းသပ်ဖောက်ခွဲခဲ့ပါတယ်။
စစ်အေးတိုက်ပွဲပြင်းထန်နေတဲ့ ကာလအတွင်း ဆိုဗီယက် ခေါင်းဆောင် နီကီတာခရူးရှက်က ရန်သူတော်အမေရိကန်တို့ထက် ရုရှားတို့က စွမ်းရည်သာလွန်ကြောင်းပြနိုင်ရန် ကမ္ဘာမှာ စွမ်းအားအကြီးမားဆုံးသော နျူကလီးယားဗုံးကြီး တည်ဆောက်ဖို့ နျူကလီးယားသိပ္ပံပညာရှင် Andrei Sakharov ကိုတာဝန်ပေးခဲ့ပါတယ်။ အဲဒီနောက် မဟာစီမံကိန်းကြီးစတင်ခဲ့ရာ တိုတောင်းတဲ့ လေးလတာကာလအတွင်းမှာပဲ ပြိုင်ဖက်ကင်း ဗုံးဘုရင်ကြီးကိုတည်ဆောက်ပြီးစီးသွားခဲ့ပါတယ်။
အဲဒီနှစ်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ခရူးရှက်က ‘Kuskina mat’ ‘မင်းတို့ အမေရိကန်တွေကို ငါပြစရာရှိတယ်’ လို့ပြောခဲ့ပါတယ်။ သူပြောပြီး သိပ်မကြာခင်မှာပဲ ကမ္ဘာ့စွမ်းအားအကြီးဆုံး ဟိုင်ဒရိုဂျင်ဗုံးကြီးကို အခုလိုစမ်းသပ်ဖောက်ခွဲပြခဲ့တာဖြစ်ပါတယ်။ဒီဗုံးကြီးရဲ့ပေါက်ကွဲမှုစွမ်းအားဟာ ဒုတိယကမ္ဘာစစ်အတွင်းအသုံးပြုခဲ့သမျှ ဗုံးအားလုံးပေါင်းထားတာထက်တောင် ဆယ်ဆပိုပါသတဲ့။
ပေါက်ကွဲမူအဆင့်သုံးဆင့်ရှိတဲ့ Tzar Bomba ဟာ အလေးချိန်အားဖြင့် ၂၇တန်ပဲ ရှိပေမယ့် ယမ်းဘီလူးတန်ချိန် သန်းတစ်ရာ(100Megaton) နဲ့ညီမျှတဲ့ ပေါက်ကွဲအားရှိပါတယ်။ ဒါဟာ ဟီရိုရှီးမားနဲ့နာဂါဆာကီမြို့တွေပေါ်ကြဲချခဲ့တဲ့ နျူကလီးယားဗုံးနှစ်လုံးပေါင်းထက် အဆပေါင်း ၁၅၀၀ ပိုပြင်းထန်တာဖြစ်ပါတယ်။
ဒါပေမယ့်စမ်းသပ်တဲ့အခါမှာတော့ ပေါက်ကွဲမူအဆင့်နှစ်ဆင့် အထိပဲ စမ်းသပ်ခဲ့ပြီး ပေါက်ကွဲအားကို တဝက်အထိလျှော့ချခဲ့ပါတယ်။တကယ်လို့သာ စွမ်းအားပြည့် ဖောက်ခွဲစမ်းသပ်ခဲ့မယ်ဆိုရင် စမ်းသပ်တဲ့နေရာနဲ့အနီးဝန်းကျင်ဒေသတွေဟာ နျူကလီးယားအဆိပ်သင့်မူကိုဆိုးဆိုးရွားရွား ကျိန်းသေခံရမှာဖြစ်ပါတယ်။
မိုင်ရာပေါင်းများစွာအထိလည်း ဓာတ်ပြာတွေ ပြန့်လွင့်ကျဆင်းနိုင်သလို နျူကလီးယား ဓာတ်ရောင်ခြည်သင့်နိုင်တဲ့ ဧရိယာပမာဏကလည်း မမျှော်မှန်းနိုင်အောင်ကြီးမားကျယ်ပြန့်နိုင်ပါတယ်။ ဒါ့အပြင် နျူကလီးယားဗုံးကြဲချလိုက်တဲ့လေယာဉ်ဟာ ပေါက်ကွဲမူစက်ကွင်းက လွတ်အောင်ရှောင်ထွက်နိုင်မှာ မဟုတ်ပါဘူး။
အခုပြင်းအားတဝက်လျှော့ချထားတာတောင် ပေါက်ကွဲမူစက်ကွင်းကနေ လေယာဉ်ရဲ့ လွတ်မြောက်နိုင်စွမ်းဟာ ၅၀%လောက်ပဲရှိနိုင်မယ်လို့စီမံကိန်းဖော်ဆောင်သူတွေက သုံးသပ်ပြီး မြေပြင်ပေါ်ကျလာမယ့်ဗုံးရဲ့အမြန်နှုန်းကို လျှော့ချဖို့လေထီးကိုအသုံးပြုခဲ့ပါတယ်။ ပေါက်ကွဲမှုက ထွက်ပေါ်လာမယ့့်အပူဟပ်တဲ့ဒဏ်ခံနိုင်ဖို့လေယာဉ်ကို အထူးစီမံထားတဲ့ အပူဒဏ်ခံဆေးတမျိုးသုတ်ထားပါတယ်။
လေယာဉ်ဟာ အမြင့်၆မိုင်ခွဲအရောက်မှာ ဗုံးကိုကြဲချခဲ့ပြီး ကြိုတင်စီမံထားတဲ့အတိုင်းပဲ မြေပြင်အထက် ၂မိုင်ခွဲလောက်မှာ နျူကလီးယားဗုံးဟာပေါက်ကွဲခဲ့ပါတယ်။ ဗုံးပေါက်ကွဲတဲ့အခါ ပေါက်ကွဲမူအရှိန်က ဗုံးချခဲ့တဲ့နေရာနဲ့ ၂၆ မိုင်အကွာကို ရောက်နေပြီဖြစ်တဲ့ တီယူ-95 ဗုံးကြဲလေယာဉ်ကို ပေ၃၀၀၀လောက် အောက်ကိုရုတ်ချည်း ဆွဲချခဲ့ပါသေးတယ်။
ဗုံးတို့ရဲ့ဘုရင် Tsar Bomb ပေါက်ကွဲရာက အချင်း ငါးမိုင်လောက်ရှိတဲ့ ဧရာမ မီးဘောလုံးကြီး ထွက်ပေါ်လာပါတယ်။ မီးဘောလုံးကြီးရဲ့ အမြင့်က လေယာဉ် ဗုံးကြဲချခဲ့တဲ့အမြင့်ထိအောင် ရောက်ပါတယ်။ ဒီမီးဘောလုံးကြီးကို မိုင်၆၀၀ အကွာအဝေးက ပျံသန်းနေတဲ့လေယာဉ်ပေါ်ကလူတွေတောင် လှမ်းမြင်လိုက်ရပါတယ်တဲ့။ အဲဒီနောက် မီးဘောလုံးကြီးနဲ့အတူ မိုင်လေးဆယ်အမြင့် (ဧဝရက်တောင်အမြင့်ထက် ကိုးဆခန့်) ရှိတဲ့ ဧရာမ မှိုပွင့်ပုံစံ တိမ်တိုက်ကြီးဟာ မြေပြင်ကနေကောင်းကင်ကိုထိုးထွက်လာပါတယ်။
ဒီ နျူကလီးယားမိူပွင့်တိမ်တိုက်ကြီးကို မိုင်ရာပေါင်းများစွာအကွာကတောင် လှမ်းမြင်ရပါတယ်။ ဗုံးပေါက်ကွဲမှုက ထွက်လာတဲ့ အပူဟပ်တာကိုလည်း မိုင်ရာပေါင်းများစွာအကွာအဝေးက လူတွေတောင် ခံစားသိရှိရပါတယ်။ ဗုံးပေါက်ကွဲရာနေရာ(ground zero) ကနေ ၂၂မိုင်အချင်းဝက်ရှိတဲ့ ဧရိယာတခုလုံးမှာ ရှိရှိသမျှ အလုံးစုံပျက်စီး ကွယ်ပျောက် သွားပါတယ်။
ground zero ကနေ ၃၅ မိုင်အကွာမှာရှိတဲ့ လူသူနေထိုင်ခြင်းမရှိတဲ့ရွာဟောင်းတခုက အဆောက်အဦအားလုံးမြေကြီးပေါ်ပြားပြားဝပ်သွားပါတယ်။ ဗုံးပေါက်ကွဲတဲ့နေရာနဲ့ မိုင်ရာပေါင်းများစွာဝေးတဲ့ ဖင်လန်နိုင်ငံကအိမ်ပြူတင်းမှန်တွေတောင် ကွဲအက်ကုန်ပါတယ်။
တကယ်လို့သာဒီဗုံးကြီးကို မြေအောက်မှာစမ်းသပ်ခဲ့မယ်ဆိုရင် ရစ်တာစကေး ၈.၁ ရှိမယ့်ငလျင်လိူင်းတွေကို ထွက်ပေါ်စေမှာဖြစ်ပါတယ်။ အခုလိုမြေပြင်အထက်သုံးမိုင်အမြင့်လောက်မှာ ပေါက်ကွဲစေခဲ့တာတောင် ပြင်းအားပမာဏ၅အထက် ရှိတဲ့ငလျင်လိူင်းတွေ ထွက်ပေါ်စေခဲ့ပါသေးတယ်။
ပေါက်ကွဲမူက ထွက်ပေါ်လာတဲ့ တုန်ခါလိူင်းတွေဟာ ဘယ်လောက်တောင်စွမ်းအားကြီးလဲဆိုရင် ကမ္ဘာကို သုံးကြိမ်ပတ်ပြီးတဲ့တိုင်အောင် အာရုံခံကိရိယာတွေက တိုင်းတာသိရှိနေခဲ့ပါတယ်တဲ့။ ဒီ Tsar Bomba ကြီးဟာ လူ့သမိုင်းတလျှောက်လုံးမှာ စွမ်းအားအကြီးဆုံးသော လက်နက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Kyaw Min Aung
Discussion about this post