နိုင်ငံတကာ ကြောင်အဖွဲ့အစည်း TICA ရဲ့ စာရင်းအရ ကမ္ဘာပေါ်မှာ အဓိကကြောင်မျိုးစိတ်ပေါင်း ၇၁ မျိုးခန့်ရှိတယ်လို့ သိရပါတယ်။ ကြောင်တွေထဲမှာ Ashera နဲ့ Savannah ကြောင်တွေဟာ ဈေးအကြီးဆုံးနဲ့ အရှားပါးဆုံးကြောင်တွေဖြစ်ပါတယ်။ ဒီတစ်ခါတော့ သုတဇုန် မိတ်ဆွေများအတွက် လူသိနည်းတဲ့ ကြောင်မျိုးစိတ် ၉ ခု အကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှသွားပါမယ်။
၁။ Peterbald
အမွှေးမရှိသလောက်နည်းပြီး ရုပ်အနည်းငယ်တယ်ဆိုးတယ်လို့ ပြောရမယ့် ကြောင်မျိုးပါ။ ၁၉၉၄ ခုနှစ်က ရုရှားနိုင်ငံ စိန့်ပီတာဘစ်မြို့မှာ Olga S. Mironova ဆိုသူက မျိုးစပ်အောင်မြင်ရင်း နာမည်ကြီးလာခဲ့တဲ့ ကြောင်ဖြစ်ပါတယ်။
အမွှေးမရှိတဲ့ Donskoy ကြောင်ထီး နဲ့ Oriental Shorthair ကြောင်အမတို့ကို မျိုးစပ်ရာကနေ ဒီကြောင်ကို ရရှိလာခဲ့တာပါ။ ခန္ဓာကိုယ်တည်ဆောက်ပုံက Oriental Shorthair ကြောင်တွေနဲ့ဆင်ပြီး ခန္ဓာကိုယ်အရောင်ကတော့ အမျိုးမျိုးရှိနိုင်ပါတယ်။ ဈေးကြီးတဲ့ကြောင် အမျိုးအစားထဲမှာ ပါဝင်ပြီး တစ်ကောင်ကို အနည်းဆုံး ဒေါ်လာ ၁၀၀၀ ဝန်းကျင်ခန့် ရှိတတ်ပါတယ်။
၂။ Ojos Azules
ဒီမျက်လုံးအပြာရောင်ရှိတဲ့ကြောင်တွေကို အမေရိကန် နယူးမက္ကဆီကိုပြည်နယ်မှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ ပထမဆုံး ဒီအမျိုးအစားကြောင်ကို ၁၈၉၄ခုနှစ်မှာ စတင်တွေ့ရှိခဲ့ကြပါတယ်။ Ojos Azules ဆိုတာက စပိန်လို အပြာရောင်မျက်လုံးများ လို့ အဓိပ္ပါယ်ရပါတယ်။
အလွန်ရှားပါးတဲ့ကြောင်မျိုးဖြစ်ပြီး ၁၉၉၂ခုနှစ်မှာ အကောင်ရေ ၁၀ ကောင်ပဲ ရှိပါသေးတယ်။ ဒီကြောင်ကို မွေးဖူးသူတွေကတော့ Ojos Azules ကြောင်တွေဟာ ရင်းနှီးဖော်ရွှေခြင်း ၊ ဖြတ်ဖြတ်လတ်လတ်ရှိခြင်း ၊ သိနားလည်ခြင်း စတဲ့အချက်တွေကို ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။ ပျမ်းမျှအားဖြင့် ဒီကြောင်တွေရဲ့ တန်ဖိုးဟာ ဒေါ်လာ ၃၀၀ ကနေ ၁၀၀၀ အတွင်း ရှိတတ်ပါတယ်။
၃။ Egyptian Mau
အီဂျစ်ရဲ့ ဒဏ္ဍာရီပုံပြင်တွေထဲမှာ အမြဲလိုလိုပါလေ့ရှိတဲ့ ကြောင်အမျိုးအစားဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ တောကြောင်လို အစက်အပြောက်တွေပါရှိပြီး ကျောက်စိမ်းရောင်မျက်လုံးတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ ကြောင်မျိုးဖြစ်ပါတယ်။
အိမ်မွေးကြောင်တွေထဲမှာတော့ ဒီကြောင်တွေဟာ အမြန်ဆုံးဖြစ်ပြီး ၁နာရီကို မိုင် ၃၀ အမြန်နှုန်းနဲ့ ပြေးနိုင်ပါတယ်။ ခန္ဓာကိုယ်အပူချိန်များတဲ့ ကြောင်မျိုးဖြစ်ပြီး နွေးထွေးတဲ့ဒေသတွေမှာ နေရတာကို နှစ်သက်တဲ့ကြောင်မျိုးဖြစ်ပါတယ်။ တချိန်တုန်းက အီဂျစ်ဘုရင်တွေရဲ့ အချစ်တော်တွေဖြစ်ခဲ့တဲ့ ဒီကြောင်တွေရဲ့ ပျမ်းမျှဈေးနှုန်းကတော့ ဒေါ်လာ ၁၈၀၀ ဖြစ်ပါတယ်။
၄။ Kurilian Bobtail
ဒီကြောင်တွေရဲ့ မူရင်းဒေသက ရုရှားနိုင်ငံ ကူရယ်ကျွန်းစုဖြစ်ပြီး အခြားကြောင်တွေနဲ့ မတူတာကတော့ တိုတိုလုံးလုံးအမြီး(pom-pom) ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ရုရှား ၊ ဥရောပ နဲ့ အမေရိကန်တို့မှာ လူကြိုက်များပြီး မွေးမြူသူများတဲ့ ကြောင်အမျိုးအစားဖြစ်ပါတယ်။
ဉာဏ်အလွန်ကောင်းတဲ့ ကြောင်မျိုးဖြစ်ပြီး အရွယ်အစားကြီးမားတဲ့ ဦးခေါင်းကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ဟာ တောထဲမှာဆိုရင် အမဲလိုက်တော်သလို ငါးဖမ်းလည်းကျွမ်းကျင်တဲ့ကြောင်မျိုးဖြစ်ပါတယ်။ ရေထဲမှာ ဆော့ကစားရတာကိုလည်း အလွန်နှစ်သက်ပါတယ်။ ဒီကြောင်တွေရဲ့တန်ဖိုးကတော့ ဒေါ်လာ ၈၀၀ ကနေ ၁၅၀၀ အထိ ရှိတတ်ပါတယ်။
၅။ Sokoke
အာဖရိက အမွှေးတိုကြောင်အမျိုးအစားဖြစ်တဲ့ ဒီကြောင်တွေရဲ့ နာမည်အရှည်က Sokoke Forest Cat ဖြစ်ပါတယ်။ ၁၉၇၀ ခုနှစ်ဝန်းကျင်မှာ ကင်ညာနိုင်ငံ အရှေ့ပိုင်းမှာတွေ့ရတာဖြစ်ပြီး ဒီကြောင်တွေကိုတွေ့ရှိခဲ့တဲ့ Arabuko Sokoke အမျိုးသားသစ်တောရဲ့ နာမည်ကနေ ဒီကြောင်တွေရဲ့နာမည်ကိုပေးခဲ့ခြင်း ဖြစ်ပါတယ်။
ခြေလက်များ ရှည်လျားပြီး တိုတဲ့နားရွက်တွေကို ပိုင်ဆိုင်ထားပြီး ဉာဏ်ရည်ထက်တဲ့ ကြောင်အမျိုးအစားဖြစ်ပါတယ်။ အမွှေးတိုကာ ခန္ဓာကိုယ်ပေါ်မှာတော့ ထူးခြားတဲ့ အကွက်တွေကို ပိုင်ဆိုင်ထားပါတယ်။ သခင်ရဲ့ အမူအရာကို နားလည်တာကြောင့် မွေးဖူးသူတွေ သဘောကျတဲ့ ကြောင်အမျိုးအစားဖြစ်ပါတယ်။ ဒီကြောင်တွေရဲ့တန်ဖိုးကတော့ ဒေါ်လာ ၅၀၀ ကနေ ၁၀၀၀ ကြား ရှိတတ်ပါတယ်။
၆။ Serengeti
ဒီကြောင်တွေကတော့ ဘင်္ဂလားကြောင်(Bengal) နဲ့ Oriental Shorthair ကြောင်တွေကို သားဖောက်ပြီးရရှိလာတဲ့ ကြောင်အမျိုးအစားဖြစ်ပါတယ်။ အာဖရိကတောကြောင်တွေနဲ့ ဆင်တဲ့ ဒီကြောင်တွေကို အာဖရိက တန်ဇန်းနီးယားရှိ Serengeti ဒေသရဲ့နာမည်ကိုပေးထားခြင်းဖြစ်ပါတယ်။
ပုံမှန်ကြောင်တွေထက် ခြေတံလက်တံရှည်လျားပြီး ကြံခိုင်ဖြတ်လတ်တဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ပါတယ်။ အရွယ်အစား ကြီးမားသော နား ၊ မျက်လုံးများကို ပိုင်ဆိုင်ထားပြီး တကိုယ်လုံးမှာ အနက်ရောက်အစင်း အရစ်တွေကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၅၀၀ ကနေ ၂၀၀၀ အထိ ရှိတတ်ပါတယ်။
၇။ Minskin
အမွှေးမရှိတဲ့ Sphynx ကြောင် နဲ့ ပုပုဝဝဖြစ်တဲ့ Munchkin ကြောင်တွေကို ပေါင်းစပ်ရာကနေ Minskin ကြောင်တွေဖြစ်ပေါ်လာတာပါ။ အဲဒီတော့ ဒီကြောင်တွေဟာ Sphynx လို အမွှေးမရှိတော့ပဲ Munchkin လို ခြေတံလက်တံတိုတဲ့ ကြောင်တွေဖြစ်လာပါတယ်။
လုံးဝန်းတဲ့ဦးခေါင်း ၊ ကြီးမားတဲ့နားရွက် ၊ မျက်လုံးတွေကို ပိုင်ဆိုင်ထားပါတယ်။ ခန္ဓာကိုယ်တခုလုံး အမွှေးပြောင်နေတာမဟုတ်ပဲ မျက်နှာ နားရွက်စတဲ့ တချို့နေရာတွေမှာတော့ အမွှေးတွေရှိနေတတ်ပါတယ်။ လူတွေနဲ့ ရင်းနှီးလွယ်ပြီး ဆော့ရတာကို ကြိုက်တဲ့ကြောင်အမျိုးအစားဖြစ်ပါတယ်။ ဒီကြောင်တွေရဲ့ တန်ဖိုးကတော့ အနည်းဆုံး ဒေါ်လာ ၃၀၀ နဲ့ အထက်မှာ ရှိနေပါတယ်။
၈။ Burmilla
ယူကေမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ကြောင်ဖြစ်ပြီး Chinchilla Persian ကြောင်နဲ့ Burmese ကြောင် နှစ်ကောင်ကို အတူထားရာကနေ မွေးလာခဲ့တဲ့ကြောင်အမျိုးအစားဖြစ်ပါတယ်။ နာမည်ကိုတော့ Chinchilla နဲ့ Burmese ကို ၂ခုပေါင်းပြီး Burmilla လို့ပေးခဲ့ကြတာဖြစ်ပါတယ်။
အရောင်အမျိုးမျိုးရှိတတ်ပြီး အများအားဖြင့် ငွေရောင်သန်းနေတဲ့ အမွှေးဖြူတွေကို ပိုင်ဆိုင်ထားကာ သူတို့ရဲ့နောက်ခြေတွေဟာ ရှေ့ခြေတွေထက် ပိုတိုပါတယ်။ ဉာဏ်အလွန်ကောင်းပြီး ကလေးတွေနဲ့ ဆော့ကစားရတာကို နှစ်သက်တဲ့ကြောင် အမျိုးအစားဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ဒီကြောင်တွေရဲ့တန်ဖိုးကတော့ ဒေါ်လာ ၅၀၀ ကနေ ၇၀၀ အထိ ရှိတတ်ပါတယ်။
၉။ Napoleon
ပြင်သစ်အင်ပါယာအရှင်သခင် နပိုလီယံရဲ့နာမည်ကိုပေးထားတဲ့ ဒီကြောင်ရဲ့ နောက်ထပ် နာမည်တစ်မျိုးကတော့ Minuet ဖြစ်ပါတယ်။ Persian ကြောင်တစ်ကောင် နဲ့ Munchkin ကြောင်တစ်ကောင်တို့ကို မျိုးစပ်ရာကနေ ဒီကြောင်ဖြစ်လာတာပါ။ နပိုလီယံလိုပဲ အရပ်ပုတဲ့ ကြောင်အမျိုးအစားဖြစ်လို့ ဒီနာမည်ကိုပေးထားတာလို့ သိရပါတယ်။
အရွယ်အစားသေးငယ်ပြီး အလွန်နူးညံ့တဲ့အမွှေးများကို ပိုင်ဆိုင်ထားတဲ့ ကြောင်အမျိုးအစားဖြစ်ပါတယ်။ ခြေတံလက်တံတို(Standard Minuet) ပြီး ခုံးမောက်တဲ့ ဦးခေါင်း ၊ ကြီးမားတဲ့မျက်လုံးတို့ကိုပိုင်ဆိုင်ထားကာ မျက်နှာက အရုပ်နဲ့ပိုတူပါတယ်။ ဒီကြောင်တွေရဲ့တန်ဖိုးကတော့ ဒေါ်လာ ၇၀၀ ကနေ ၁၄၀၀ အထိ ရှိတတ်ပါတယ်။
Discussion about this post