မနေ့ ကတုန်းက လိုက်ဂါးတွေ အကြောင်းကို ဝေမျှပြီးပါပြီ။ ဒီနေ့တော့ တိုက်ဂွန်းတွေ အကြောင်းကို ထပ်ပြီးဝေမျှလိုက်ပါတယ်။ တိုက်ဂွန်း ဆိုတာ ကျားထီး နဲ့ ခြင်္သေ့မတို့ပေါင်းစပ်ပြီး ရလာတဲ့တိရစ္ဆာန်အမျိုးအစားဖြစ်ပါတယ်။ Tiger+Lion= Tigon = တိုက်ဂွန်း လို့ခေါ်ရခြင်းဖြစ်ပါတယ်။ တခါတရံမှာတော့ tiglon လို့ဖော်ပြလေ့ရှိပါတယ်။ လိုက်ဂါးတွေလိုပဲ ပထမဆုံး တိုက်ဂွန်း ကို အိန္ဒိယမှာ ၁၉ရာစုဝန်းကျင်တွင် အိန္ဒိယနိုင်ငံမှာမွေးဖွားနိုင်ခဲ့ပါတယ်။
လိုက်ဂါး ရော တိုက်ဂွန်းပါ ခြင်္သေ့ နဲ့ ကျား စပ်ထားတဲ့ သတ္တဝါဖြစ်ပေမယ့် ခြားနားချက်တွေကတော့ အမြောက်အများရှိပါတယ်။ တိုက်ဂွန်းဟာ လိုက်ဂါးတွေထက် အရွယ်အလွန်ငယ်တဲ့ အပြင် လက်ရှိအချိန်မှာ မျိုးစပ်ဖို့ ပိတ်ပင်ထားခံရတဲ့ တိရစ္ဆာန်ဖြစ်ပါတယ်။ အကြောင်းကတော့ တိုက်ဂွန်းတွေဟာ မွေးဖွားရခက်ခဲပြီး တိုက်ဂွန်းအများစုဟာ လိုက်ဂါးတွေလိုမဟုတ်ပဲ မွေးလာကတည်းသေတာတွေ ၊မွေးကင်းစရက်အနည်းငယ်မှာသေတာတွေ ကြောင့်ပါ။
ပုံမှန်မဟုတ်တဲ့ မျိုးရိုးပေါင်းစပ်မှုကြောင့် တိုက်ဂွန်းအများစုဟာ မွေးပြီး ၁၂ပတ်အတွင်းမှာပဲသေဆုံးသွားတတ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာမှာ တိုက်ဂွန်း အကောင်ရေ အနည်းငယ်သာရှိပြီး အလွန်ရှားပါးပါတယ်။ ကမ္ဘာပေါ်မှာ တိုက်ဂွန်းရှိတဲ့နိုင်ငံ ၈ နိုင်ငံပဲ ရှိပါတယ်။ ဒီနိုင်ငံတွေကတော့ တရုတ် ၊ အီရန် ၊ ယူအေအီး ၊ အမေရိကန် ၊ အာဂျင်တီးနား ၊ အိန္ဒိယ ၊ ရုရှား နဲ့ ချက်ဇ်နိုင်ငံတို့ပဲ ဖြစ်ပါတယ်။
ပုံမှန် တိုက်ဂွန်းတစ်ကောင်ရဲ့ အရွယ်အစားဟာ ကျား ၊ ခြင်္သေ့တို့နဲ့ မကွာပါဘူး။ ပျမ်းမျှအားဖြင့် ခန္ဓာကိုယ်အလျား အရှည် ၄ပေကနေ ၉ပေ အထိရှိတတ်ပါတယ်။ အထီးတွေဟာ ပေါင် ၄၅၀ ခန့်လေးပြီး အမတွေကတော့ ပေါင် ၃၀၀ ဝန်းကျင်လောက် အလေးချိန်ရှိပါတယ်။ တိုက်ဂွန်းတွေကဟာ လိုက်ဂါးနဲ့ ပုံစံမကွာပေမယ့်် ခန္ဓာကိုယ်မှာတော့ အစင်းကြောင်းတွေ သိသာထင်ရှားစွာ ပါတတ်ပါတယ်။ မျက်နှာမှာတော့ အစက်အပျောက်တွေရှိနေပြီး တိုက်ဂွန်းအများစုဟာ ခြင်္သေ့လိုပဲ လည်ဆံမွှေးပါကြပါတယ်။
တိုက်ဂွန်းအထီးတွေဟာ မျိုးပွားနိုင်စွမ်းမရှိပေမယ့် အမတွေကတော့ မျိုးပွားနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် တိုက်ဂွန်းအချင်းချင်းကနေ နောက်ထပ်တိုက်ဂွန်းတစ်ကောင် ဖြစ်မလာနိုင်ပါဘူး။ ခြင်္သေ့အထီး နဲ့ တိုက်ဂွန်းအမတို့ ထပ်မံမျိုးပွားကြတဲ့အခါ လိုက်တိုက်ဂွန်း( litigon) ဆိုပြီးထပ်ဖြစ်လာပါတယ်။ အိန္ဒိယနိုင်ငံက အလီပိုးတိရစ္ဆာန်ဥယျာဉ်မှာ ၁၉၇၁ခုနှစ်က Rudhrani လို့အမည်ရတဲ့ လိုက်တိုက်ဂွန်း တစ်ကောင်မွေးခဲ့ဖူးပါတယ်။ လိုက်တိုက်ဂွန်းကတော့ ပိုရှားတဲ့အမျိုးဖြစ်ပြီး Cubanacan လို့ခေါ်တဲ့ လိုက်တိုက်ဂွန်းကတော့ အရှည် ၁၁ပေထိ ရှိပြီး အလေးချိန် ပေါင် ၈၀၀ ခန့် ရှိခဲ့ဖူးပါတယ်။
တိုက်ဂွန်းတွေဟာ လူတွေနဲ့ အဆက်အဆံရှိပေမယ့် သူတို့ဟာ လိုက်ဂါးတွေလိုတော့ အရမ်းမယဉ်ပါဘူး။ တခါတရံလူကို တိုက်ခိုက်တတ်ပါတယ်။ တိုက်ဂွန်းတွေဟာလည်း ရေအလွန်ကြိုက်ပြီး ရေကူးကျွမ်းကျင်သူတွေဖြစ်ပါတယ်။ သူတို့ဟာ ကျားလိုအော်တတ်သလို ခြင်္သေ့လိုလည်း ဟိန်းတတ်ပြန်ပါတယ်။
သူတို့ခန္ဓာကိုယ်ဟာ ရောဂါအလွယ်တကူဝင်ရောက်နိုင်ပြီး ကျန်းမာရေးပြဿနာများစွာ ရှိနေတတ်ပါတယ်။ အဆစ်ရောဂါ ၊ အာရုံကြောရောဂါ ၊ ကင်ဆာ ၊ ခန္ဓာကိုယ်အချိုးအစားမညီမျှတာနဲ့ စိတ်ဓာတ်ကျတာတွေဟာ တိုက်ဂါးအများစုမှာ ရှိနေတတ်တဲ့ ပြဿနာတွေဖြစ်ပါတယ်။ ဒါကြောင့် တိုက်ဂွန်းတွေအတွက် ကျန်းမာရေးကို အမြဲစောင့်ရှောက်နေရတတ်ပါတယ်။ တိုက်ဂွန်းတွေရဲ့ အများဆုံးသက်တမ်းဟာ ၁၅နှစ်ဝန်းကျင်ရှိပေမယ့် အများစုကတော့ ၁၀နှစ် မတိုင်မီ သေဆုံးသွားလေ့ရှိပါတယ်။
Discussion about this post