ဝေလ်ဟဲမ် ကွန်ရတ် ရောင့်တ်ဂျဲန် (၁၈၄၅ – ၁၉၂၃) Wilhelm Conrad Röntgen
ဓာတ်မှန်အသုံးကို စတင်တွေ့ရှိတဲ့ ဝေလ်ဟမ်ကွန်ရတ် ရောင့်တ်ဂျဲန်ကို ၁၈၄၅ က ဂျာမနီနိုင်ငံ လဲန်နက်ပ် (Lennep) မြို့မှာ မွေးပါတယ်။ ဇူးရစ်တက္ကသိုလ်က ပါရဂူဘွဲ့ကို ၁၈၆၉ က ရခဲ့ပါတယ်။ အဲဒီနောက် တစ်ဆယ့်ကိုးနှစ်အတွင်း ရောင့်တ်ဂျဲန်ဟာ တက္ကသိုလ်အမျိုးမျိုးမှာ အလုပ်လုပ်ရင်း အင်မတန်ထူးချွန်တဲ့ သိပ္ပံပညာရှင်ရယ်လို့ နာမည်ထွက်ခဲ့ပါတယ်။ ၁၈၈၈ မှာ ရူပဗေဒပါမောက္ခအဖြစ် ခန့်အပ်ခြင်းခံရပြီး ဝါ့ဇ်ဗာ့ဘ်တက္ကသိုလ်ရဲ့ ရူပဗေဒဌာနကြီးမှာ ညွှန်မှူးဖြစ်လာတယ်။ အဲဒီမှာအလုပ်လုပ်ရင်း ၁၈၉၅ က ရှာဖွေတွေ့ရှိချက်ကို အကြောင်းပြုပြီး နာမည်ကျော်ကြားသွားပါတယ်။
ရောင့်တ်ဂျဲန်က ၈ နိုင်ဝင်ဘာ ၁၈၉၅ မှာ ကတ်သုတ်ရောင်ခြည် (Cathode rays) ဆိုင်ရာ စမ်းသပ်မှုတစ်ခုလုပ်တယ်။ ကတ်သုတ်ရောင်ခြည်မှာ အီလက်ထရွန် (electron) ဓာတ်စီးကြောင်းရှိတယ်။ လေလုံပိတ်ထားတဲ့ ဖန်ပြွန်ထဲမှာရှိတဲ့ အီလက်ထရုတ် (electrode) အစ တစ်ဖက်တစ်ချက်ကို ဓာတ်အား (Voltage) ပြင်းပြင်းပေးလိုက်ရင် အီလက်ထရွန်မီးချောင်းဖြစ်လာပါတယ်။ ကတ်သုတ်ရောင်ခြည်တွေက သူတို့ဘာသာ ထွင်းဖောက်နိုင်စွမ်း မရှိပါ။ လေထုစင်တီမီတာ နည်းနည်းရှိနေရင်တောင် ရှေ့မတိုးဘဲရပ်နေပါတယ်။
ဒီတစ်ခါတော့ ရောင့်တ်ဂျဲန်က သူသုံးတဲ့ ကတ်သုတ်ရောင်ခြည်ဖန်ပြွန်ကို အဝတ်နဲ့ လုံလောက်အောင် ထုပ်ထားပါတယ်။ ဒါကြောင့် လျှပ်စစ်ဓာတ်အားကို ဖွင့်လိုက်ပေမယ့် ဖန်ပြွန်ထဲက အလင်းရောင်ဟာ အပြင်ကို နည်းနည်းမှာ ထွက်မလာဘူး။ ဒါပေမဲ့ ရောင့်တ်ဂျဲန်က ကတ်သုတ်ရောင်ခြည်ဖန်ပြွန်ကို ဓာတ်အားလွှတ်လိုက်တဲ့အခါ အနားက ခုံတန်းလျားပေါ်မှာရှိတဲ့ ရောင်ပြောင်းတောက်ကားချပ် (Fluoresent Screen) ဟာ အရောင်တစ်ခု လှုပ်ရှားဝင်ရောက်လာတဲ့အတိုင်း လင်းလာလို့ အံ့သြသွားတယ်။
ဖန်ပြွန်ခလုတ်ပိတ်လိုက်တော့ ရောင်ပြောင်းတောက်စေတဲ့ ဗရိယမ် ပလတီနို ဆိုင်ယာနိုက် (barium platino cyanide) သုတ်လိမ်းထားတဲ့ ကန့်လန့်ကာမှာ အရောင်ပျောက်သွားတယ်။ ဒီတော့ ရောင့်တ်ဂျဲန်က မမြင်နိုင်တဲ့ ဖြာထွက်ရောင်ခြည်တစ်မျိုးဟာ လျှပ်စစ်ဓာတ်အားဝင်တဲ့ဖန်ပြွန်က ထွက်လာတာဖြစ်မယ်လို့ ချက်ချင်းသိလိုက်တယ်။ ဒီလိုထူးဆန်းအံ့သြစရာ အစွမ်းရှိတဲ့သဘောကြောင့် ဒီ မမြင်နိုင်တဲ့ ဖြာထွက်ရောင်ခြည်ကို အိပ်စ်ရေးလို့ နာမည်ပေးတယ်။
သင်္ချာမှာ ဘာမှန်းမသိတဲ့ကိစ္စကို X သင်္ကေတ သုံးတဲ့အလေ့ရှိပါတယ်။ ဒီလို မတော်တဆတွေ့ရတဲ့အသိသစ်ကြောင့် အားတက်ပြီး ရောင့်တ်ဂျဲန်က တခြားသုတေသနတွေ အားလုံးရပ်ထားပြီး အိပ်စ်ရေးကိုပဲ သူ့ဂုဏ်သတ္တိရှိသမျှ သိနိုင်အောင် စူးစူးစိုက်စိုက်လေ့လာပါတော့တယ်။ ဒီလို ဖိဖိစီးစီး အလုပ်လုပ်လို့ သီတင်းပတ်နည်းနည်းရတဲ့အခါ ဒါတွေကိုသိလာပါတယ်။
အိပ်စ်ရေး၏ဂုဏ်သတ္တိများ
(၁) အိပ်စ်ရေးဟာ ဗရိယမ်ပလိတိနိုဆိုင်ယာနိုက်အပြင် တခြားဓာတ်တွေကိုလည်း ရောင်ပြောင်းတောက်စေနိုင်တယ်။ (၂) အိပ်စ်ရေးဟာ ရိုးရိုးအလင်းရောင်မထိုးနိုင်တဲ့ အလင်းပိတ် (Opaque) ပစ္စည်းကိုလည်း ဖြတ်ဝင်နိုင်တယ်။ အတိအကျပြောရရင် ရောင့်တ်ဂျဲန်ဟာ အိပ်စ်ရေးက သူ့အသားကို တိုးဖြတ်ပြီးဝင်နိုင်တယ်။ အရိုးကိုသာ မဖြတ်နိုင်တာ ဖြစ်တယ်လို့ သိတယ်။ ကတ်သုတ်ရောင်ခြည်ဖန်ပြွန်နဲ့ ရောင်ပြောင်းတောက်ကားချပ်ကြားမှာ သူ့လက်ကိုထားလိုက်တဲ့အခါ ကားချပ်ပေါ်မှာ အရိုးတွေရဲ့အရိပ်ကို မြင်ရပါတယ်။
(၃) အိပ်စ်ရေးဟာ လျှပ်စစ်ဓာတ်ဝင်တဲ့ အရာဝတ္ထုတွေမှ မတူဘဲ မျဉ်းဖြောင့် တည့်တည့်ဖြတ်သွားတယ်။ သံလိုက်နယ်ခံလို့လည်း ကွေးကောက်မသွားဘူး။ ရောင့်တ်ဂျဲန်က အိပ်စ်ရေးပထမစာတမ်းကို ဒီဇင်ဘာ ၁၈၉၅ မှာ ရေးတယ်။ လူတွေဟာ သူ့စာကြောင့် လှုပ်ရှားလာပြီး အများကြီးစိတ်ဝင်စားလာတယ်။ လအနည်းငယ်အတွင်း သိပ္ပံပညာရှင် ရာပေါင်းများစွာက အိပ်စ်ရေးကို လေ့လာတယ်။ တစ်နှစ်အတွင်း ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ စာတမ်းတစ်ထောင်နီးပါး ရေးသားကြတယ်။
ရောင့်တ်ဂျဲန်ရဲ့တွေ့ရှိချက်ကြောင့် အများကြီးဆက်လက် အလုပ်လုပ်ချင်တဲ့ ပုဂ္ဂိုလ်ကအဲန်တွိုင်ဟင်နရိဘက်ကွာရယ် (Antoine Henri Becquarel) ဖြစ်ပါတယ်။ ကွာရယ်က အိပ်စ်ရေးရှာရင်း အိပ်စ်ရေးထက်ပိုပြီးအရေးပါတဲ့ ရေဒီယိုသတ္တိကြွခြင်းအကြောင်းကို အမှတ်မထင် တွေ့ရှိပါတော့တယ်။ ယေဘူယျပြောရရင် အိပ်စ်ရေးဟာ အားပြင်းတဲ့ အီလက်ထရွန်က ဝတ္ထုပစ္စည်းတစ်ခုကို လာပြီးရိုက်ခတ်တဲ့အခါ ထကြွလာတာဖြစ်တယ်။
အိပ်စ်ရေးမှာတော့ အီလက်ထရွန်မပါ၊ အီလက်ထရိုသံလိုက်လှိုင်းတွေပဲရှိတယ်။ ဒါကြောင့် မြင်နိုင်တဲ့လှိုင်းပျော့ (Light wave) နဲ့ အခြေခံဖြစ်ပုံတူလို့ အိပ်စ်ရေးလှိုင်းဟာ သိပ်တိုတယ်။ အိပ်စ်ရေးကို အများသိသုံးစွဲကြပုံက ဆေးပညာနဲ့ သွားရောဂါစစ်ဆေးတဲ့အခါ သုံးပါတယ်။ ပြီးတော့ နောက်တစ်မျိုးအသုံးဝင်ပုံက ဓာတ်ရောင်ခြည်ကုထုံးအရ မြင်းဆိုး(malignant tumor) ကို ဖျက်ဆီးနိုင်တယ်။ ဆက်မကြီးအောင်တားနိုင်တယ်။
အိပ်စ်ရေးကို စက်မှုမှာ သုံးနိုင်တဲ့အချက် အတော်များများရှိပါတယ်။ ဥပမာ ပစ္စည်းတစ်ခုရဲ့ အထူကို ပြသနိုင်တယ်။ မျက်စိရိုးရိုးနဲ့ မမြင်နိုင်တဲ့ အပြစ်အနာကို ပြနိုင်တယ်။ ဇီဝဗေဒကအစ နက္ခတ္တဗေဒထိ သိပ္ပံသုတေသနနယ်အမျိုးမျိုးမှာ အသုံးပြုရပါတယ်။ သိပ္ပံပညာရှင်တွေက အိပ်စ်ရေးကြောင့် အဏုမြူနဲ့ မော်လီကျူးတည်ဆောက်ပုံ အကြောင်းတွေကို အများကြီးသိနိုင်ပါတယ်။ ရောင့်တ်ဂျဲန်တစ်ဦးတည်းကို အိပ်စ်ရေးဖော်ထုတ်သူအဖြစ်နဲ့ မပြည့်အဝ ဂုဏ်ပြုနိုင်ပါတယ်။
သူတစ်ယောက်တည်း အလုပ်လုပ်တယ်။ သူဒါကိုလုပ်နေပြီလို့ ဘယ်သူကမှ သူမပြောဘဲ ကြိုပြီးသိနှင့်ထားခြင်း မရှိပါ။ သူဒီထုံးနည်းကို မရရအောင် ဖော်ထုတ်ပေးပုံကလည်း အံ့သြချီးမွမ်းလောက်ပါတယ်။ သူဒီဘက်က အသိတစ်ခုရှာပေးလို့ ဗက်ကွာရယ်နဲ့ တခြားသုတေသီတွေက တခြားအရေးပါတဲ့အသိသစ်တွေကို ဖော်ထုတ်ပေးနိုင်ကြတာ ဖြစ်ပါတယ်။ ဒီလိုပြောသာပြောရတယ်။ ရောင့်တ်ဂျဲန်ရဲ့ ဂုဏ်ကျေးဇူးကို သိပ်ပြီးမြှင့်လို့လည်း မရပါ။ အိပ်စ်ရေးကို သုံးရလို့ တကယ်ကတော့ သိပ်ပြီး အကျိုးကျေးဇူးရှိပါတယ်။
ဒါပေမဲ့ ဖာရာဒေးရဲ့ လျှပ်စစ်သံလိုက်ညှို့ခြင်းလောက် အသုံးမတဲ့ပါဘူး။ အိပ်စ်ရေးပေါ်လာလို့ အခြေခံသိပ္ပံသီအိုရီတွေမှာ အရာ ရောက်လှတယ်လို့ မတွေ့ပါ။ (မျက်စိနဲ့မြင်ရတဲ့ လင်းရောင်ခြည်လှိုင်းဟာ) ခရမ်းလွန်ရောင်ခြည်ကို အရင်အနှစ်တစ်ရာကျော်နီးပါက သိရှိခဲ့လို့ အခုနောက်ထပ်ပေါ်လာတဲ့ အိပ်စ်ရေးဟာ ရူပဗေဒအခြေခံထဲကို ဘာဂယက်မှမထဘဲ မသိမသာဝင်ရောက်သွားတယ်လို့ ဆိုရပါတယ်။
အားလုံးခြုံငုံကြည့်ရင် ရောင့်တ်ဂျဲန်ကို ပိုပြီးတွေ့ရှိပုံထူးတဲ့ ရုသာဖို့ဒ် နောက်ကနေရာမှာ ထည့်ရတော့မှာဖြစ်ပါတယ်။ ရောင့်တ်ဂျဲန် (Rontgen) မှာ သားသမီးမထွန်းကားပါ။ သူတို့လင်မယားက သမီးလေးတစ်ယောက် မွေးစားဖူးပါတယ်။ ရူပဗေဒအတွက် ရောင့်တ်ဂျဲန်ကို ၁၉၀၁ က နိုဘယ်လ်ဆုပေးတယ်။ ရူပဗေဒအတွက် ဒီဆုကို စတင်ရရှိသူဖြစ်တယ်။ ၁၉၂၃ ခုနှစ်(အသက် ၇၇နှစ်အရွယ်) က ဂျာမနီ၊ မြူးနစ်မှာ ကွယ်လွန်သွားပါတယ်။
ဒေါက်တာသန်းထွန်း- ကျော်စွာ ၁၀၀
စာရိုက်တင်ပေးသူ – A Lin Khit Library
Discussion about this post