မူရင်းရေးသားသူ – ကိုအောင်ဇော်မော်
ကမ္ဘာပေါ်မှာ မျက်မှန်ဖိုးမတတ်နိုင်တဲ့ မျက်စိမွဲသူပေါင်း သန်း ၁၅၀ ရှိသတဲ့။ လူတစ်ယောက်က ဒီ အရေအတွက်ကို ပြောင်းလဲ ပေးချင်နေခဲ့တယ်။၂၀၁၂ နှောင်းပိုင်းကာလပေါ့။ အဖွဲ့တစ်ဖွဲ့ဟာ ယူဂန်ဒါ နိုင်ငံထဲက ရွာတစ်ရွာ နဲ့ တစ်ရွာဆီကို စက်ဘီးတွေစီးပြီး လူးလာခေါက်တုံ့ သွားနေကြတယ်။ တစ်ရွာရောက်ပြီဆိုတာနဲ့သစ်ရိပ်ကောင်းကောင်းတစ်ခုအောက်မှာ ခုံတန်းလေးတွေ ချပြီး ရွာသားတွေကို လာပါထိုင်ပါနဲ့ ဖိတ်ခေါ်ကြတယ်။ သူတို့ဆိုတာ မျက်မှန်လုပ်ပေးတဲ့ လူတွေပါပဲ။ မျက်စိမွဲတဲ့ ရွာသူ ရွာသားတွေဆိုရင် သူတို့ အဖွဲ့က မျက်စိကို အနီးမှုန်လား အဝေးမှုန်လား ပါဝါဘယ်လောက်လဲ စသဖြင့် စမ်းသပ်ပေးပြီးတာနဲ့ ဘယ်ကိုင်း ဘာအရောင်ကြိုက်လဲ ဆိုတာပါ အပြီးမေးပြီး တထိုင်ထဲ နဲ့ မျက်မှန် လုပ်ပေးပါတယ်။
မျက်မှန်ကိုင်းအသစ်စက်စက်ကို တပ်ပြီး ပြုံးပြုံးကြီး လုပ်နေတဲ့ လူတစ်ယောက်ကို ပထမဆုံးတွေ့လိုက်ရတဲ့ အချိန် ကျွန်တော့်ရင်ထဲမှာ ခံနိုင်ရည်အားတွေ အများကြီးတိုးလာသလို ခံစားရတယ် လို့ မာတင်အက်ဖ်မက် (Martin Aufmuth) ကပြောတယ်။ သူက ဂျာမန်လူမျိုး။ ငွေသိပ်မကုန်တဲ့မျက်မှန် ကို မျက်စိမွဲသူတွေဆီ အရောက်ပို့ပေးခဲ့တဲ့သူပေါ့။ သူ့ကြောင့်ပဲ ကိုယ့်ရွာကိုယ် ပထမဆုံးအကြိမ် ကြည်ကြည်လင်လင် မြင်ဖူးသွားတဲ့ သက်ကြီးရွယ်အိုတွေ ရှိတယ်။ ကျောက်သင်ပုန်းကစာ မမြင်ရလို့ ကျောင်းမတက်နိုင်တဲ့ ကလေးတွေ ကျောင်းပြန်တက်သွားနိုင်တယ်။ အပ်ပေါက်ထဲ အပ်ချည်ကြိုး မထိုးနိုင်လို့ စက်မချုပ်ဖြစ်တော့တဲ့ စက်ချုပ်သမတွေ စက်ပြန်ချုပ်နိုင်ခဲ့တယ်။ မျက်စိမွဲလို့ ကားမမောင်းနိုင်တော့တဲ့ ဒရိုင်ဘာကြီးတွေ ကားပေါ်ပြန်တက်လာ နိုင်ခဲ့ကြပါတယ်။အက်ဖ်မက် လုပ်ပေးခဲ့တဲ့ အဲ့လိုမျိုး အကျိုးရလဒ်တွေကတော့ ရေးရင် မကုန်နိုင်ဘူးလေ။
ငွေသိပ်မကုန်တဲ့မျက်မှန် ဖြန့်ဖြူးရေးဆိုတဲ့ မာတင်အက်ဖ်မက် ရဲ့ အိမ်မက်တွေကို စတင်အကောင်အထည်ဖော်ခဲ့တဲ့နေရာကတော့ ဂျာမနီ နိုင်ငံ အလယ်ပိုင်းက သူ့အိမ်ကလေးရဲ့ အပေါ်ထပ်ရုံးခန်းလေးထဲမှာပါပဲ။ တစ်ညလုံး တကုပ်ကုပ်နဲ့ အဲ့ဒီရုံးခန်းလေးထဲကနေ ဖုန်းတွေဆက်ပြီး မေးမြန်းစုံစမ်းခဲ့ရတယ်။ သူ့စီမံကိန်းကို အကူအညီပေးနိုင်မလားဆိုတဲ့ မေးခွန်းမျိုးတွေပေါ့။ ဒီလိုကြီးကျယ်တဲ့ စီမံကိန်းမျိုးဖြစ်ပေါ်လာဖို့ ခက်ခဲတယ်လို့ ယူဆလို့ရတဲ့ သူ့ရဲ့ ရုံးခန်းလေးထဲကနေပဲ စေတနာ့ ဝန်ထမ်း တစ်ရာကျော်အောင် သူစုဆောင်းနိုင်ခဲ့ပြီလေ။ တကယ်ဖြစ်လာခဲ့ပြီပေါ့။
အသက် ၄၂ နှစ်အရွယ် ကလေးသုံးယောက်အဖေ မာတင် တစ်ယောက်တော့ သူ့ရဲ့ ရည်ရွယ်ချက်ကို ဇောက်ချ လုပ်ဖို့အတွက် ကျောင်းဆရာ ဘဝကနေ ခေတ္တ ခွင့်ယူပြီး အဖွဲ့နဲ့ အတူ စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ အဖွဲ့နာမည်ကို တစ်ဒေါ်လာတန်မျက်မှန်လေးတွေ လို့ပေးခဲ့ပါတယ်။ ဒီအဖွဲ့လေးက အခုအချိန်မှာ တော့ အလတ်တန်းစား ကုမ္ပဏီ တစ်ခုတောင်ဖြစ်နေပါပြီ။ မျက်စိမွဲသူတွေကို ကူညီဖို့အတွက် သတိထားမိလာစေဖို့က မာတင် ရဲ့ ရည်ရွယ်ချက်ပါ။ မျက်စိမွဲသူတွေရဲ့ ဘဝထဲကို သူ့ရဲ့ တစ်ဒေါ်လာတန်မျက်မှန်လေးတွေ ထည့်ပေးနိုင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ မျက်မှန် တပ်ကိုတပ်ရမဲ့သူပေါင်း သန်း ၁၅၀ လောက်ရှိနေတယ်။
“ကျွန်တော်တို့ မျက်စိမှုန်တယ်။ မျက်မှန်တပ်ရမယ်။ အဲ့တော့ ကျွန်တော်တို့် မျက်စိသွားစမ်းတယ်။ မျက်မှန်ဝယ်တယ်။ တပ်တယ်။ ဒါကျွန်တော်တို့ကို ပြောတာ။ ဖွံ့ဖြိုးဆဲနိုင်ငံကလူတွေကြတော့ အဲ့လိုမဟုတ်တော့ဘူး။ သူတို့ မျက်စိမှုန်တယ်။ မျက်မှန်တပ်ရမယ်။ ဒါပေမယ့် သူတို့ မျက်စိ သွားမစမ်းနိင်ကြဘူး။ ဝယ်လဲမတပ်နိုင်ဘူး။ အဲ့တော့ အလုပ်လဲ မလုပ်နိုင်ကြတော့ဘူး” လို့ မာတင် ကပြောပြတယ်။
သူငယ်ငယ်တုန်းက ထွင်ဆရာတစ်ယောက် သိပ်ဖြစ်ချင်ခဲ့တယ်။ ဒါပေမယ့် အရေးကြီးတဲ့ တီထွင်မှုမှန်သမျှကို သူ့ရှေ့က ဂုရုကြီးတွေက လက်ဦးသွားခဲ့ပြီဆိုတာကို သူသိခဲ့တယ်လေ။ နိုင်ရာစား လောကကြီးအပေါ် သူ့အမြင်က ဒီလိုမျိုး
“ခင်ဗျား အာဖရိကကို လေယာဉ်စီးသွားကြည့် ပါလား။ ဘယ်လောက်မှမကြာဘူး။ အဲ့နေရာကလူတွေဆိုတာ အစာငတ်လို့သေတာနဲ့ ကပ်ရောဂါဆိုက်လို့သေတာနဲ့ အမျိုးမျိုး သော ဒုက္ခသုက္ခတွေဆိုက်နေတဲ့ အချိန်မှာ ကျွန်တော်တို့က ဇိမ်ကြီးတခွဲသားနဲ့နေရမှာလား။ မနေတတ်ဖူးဗျ။” လို့ပြောတယ်။
သူကပြောလည်းပြော လုပ်လဲလုပ် ဆိုတဲ့သူမျိုး။ အစာရေစာငတ်မွတ်ခေါင်းပားမှု တိုက်ဖျက်ရေးအဖွဲ့ ဖြစ်တဲ့ The Hunger Project အဖွဲ့ကို ယူရို ငါးသိန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့ပြီး ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေးကို ဆောင်ရွက်နေတဲ့ အကြီးမားဆုံးအဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ CO2 – Maus အဖွဲ့ကို ထူထောင်နိုင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်ထဲမှာ မာတင် ဟာ စာအုပ်တစ်အုပ်ကို ဖတ်ခဲ့မိတယ်။ ပေါလ်ပိုလက်ခ် (Paul Polak) ရေးတဲ့ “ခေါင်းပါးမှုတွေရဲ့အလွန်” (out of poverty) ဆိုတဲ့ စာအုပ်ပေါ့။ ပေါလ်ပိုလက် ဆိုတဲ့သူ ကိုယ်တိုင်ကိုကလည်း ဂေဟစနစ် ထိန်းသိမ်းရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်ဦးရွက်ပြုနေတဲ့ သူတစ်ယောက်ပါပဲ။ သူက ” ငွေကိုမပေး ပညာပေးမည်” ဆိုတဲ့ လူစားမျိုး။ဆင်းရဲသားတစ်ယောက်ရဲ့လက်ထဲကို ဒေါ်လာတစ်ရာ ထည့်ပေးမဲ့ အစား အပ်ချုပ်စက်တစ်လုံး ဝယ်ပေးပြီး စက်ချုပ်နည်းပါ သင်ပေးလိုက်ချင်တဲ့ သူမျိုးပါ။ သူ့စာအုပ်ထဲမှာ ထည့်ရေးခဲ့တဲ့ အချက်တစ်ခုက မာတင့် ကို လှုပ်နှိုးသလို ဖြစ်ခဲ့ပါတယ်။
ပိုလက်ခ် ကပြောတယ်
” နေ့စားခ တစ်ဒေါ်လာ နဲ့ တစ်ဒေါ်လာအောက်သာ ရနေတဲ့ ဆင်းရဲသားတွေဆီကို မျက်မှန်တွေ ထောက်ပံ့ပေးနိုင်မယ် ဆိုရင် ဒါဟာ ခြေလှမ်းအကြီးကြီး လှမ်းလိုက်နိုင်တာပဲ” တဲ့။
“မျက်စိမှ ကောင်းကောင်းမမြင်နိုင်တဲ့ သူက ငတ်မွတ်ခေါင်းပါးမှုတွေကနေ လွန်မြောက်နိုင်ဖို့ကူညီတယ် ဆိုတာ ရေပေါ်အရုပ်ရေးနေတာပဲဗျ ”
လို့လည်း ထပ်မံပြောခဲ့ပါတယ်။
မာတင် ဟာ ဒီစာကိုဖတ်ပြီးပြီးချင်းပဲ ဒီစာရဲ့ ရည်ရွယ်တဲ့သဘောကို ကောင်းကောင်းသဘောပေါက်ပြီး ချက်ချင်းအကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအလုပ်ဆိုတာမျိုးက ကျွမ်းကျင်သူတွေနဲ့လုပ်မှဖြစ်မယ့် အလုပ်မျိုး။ သူ့တစ်ယောက်ထဲအတွက်ကြတော့ ဝန်ကကြီးလွန်းနေတယ်လေ။ ရက်အနည်းငယ် အကြာမှာ လမ်းဘေးလျှော့ဈေးဆိုင် တစ်ဆိုင်က စာကြည့်မျက်မှန်တွေကို တစ်ယူရိုနဲ့ ရောင်းနေတာ သူတွေ့လိုက်မိတယ်။ “ဒါဆိုရင် မျက်မှန်ဆိုတာ ဈေးပေါပေါနဲ့ထုတ်လို့ရတဲ့ အမျိုးပေါ့လို့” သူတွေးမိသွားတယ်။ မျက်မှန်ကိုင်းလုပ်ဖို့ ခိုင်ခိုင်ခံ့ခံ့ ရှိမယ့် အရာဘာရှိမလဲ ဆက်စဉ်းစားတယ်။ မရှိလဲ ထွင်မယ်ကွာဆိုပြီး ဆုံးဖြတ်တယ်။ ငယ်ဘဝ ထွင်ဆရာအိပ်မက် ကိုအသက်သွင်းပြီပေါ့။ သူ့အတွေးက ဘယ်လောက်ထိနယ်ချဲ့သွားလဲ ဆိုရင် သူမျက်မှန်ကိုင်းလုပ်လို့ကောင်းမဲ့ ပစ္စည်းတစ်ခုထွင်မယ်။ ထွင်ပြီးရင် ပြည်တွင်းက လူတွေကို လုပ်နည်းသင်ပေးခဲ့မယ်။ သူတို့ရောင်းကြပစေ။ ဈေးတော့ပေါရမယ်ပေါ့။ အတွေးကနေ ရည်ရွယ်ချက် ဖြစ်လာခဲ့ပြန်တယ်။
“လူတွေကို ယုံကြည်ပေးဖို့နဲ့ တာဝန်ယူခိုင်းတတ်ဖို့က အရေးကြီးပါတယ်။”
လို့ သူကပြောတယ်။
မာတင် ဟာ သူ့အိမ်လေးရဲ့ မြေအောက်ခန်းထဲမှာပဲ သူ့အလုပ်ရုံကို စတင်တည်ဆောက်ခဲ့တယ်။ လက်တွေ့စမ်းသပ်ချက်တွေ အများကြီးလုပ်တယ်။ သူတို့နားက ကုန်မာဆိုင်တွေမှာဆိုရင် ဖောက်သည်တောင် ဖြစ်နေပြီ။ သူအောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့လက်တွေ့စမ်းသပ်ချက်တွေကနေ steel wire တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့တယ်။ ပြောရမယ်ဆိုရင် စတီးလ်ချောင်းလေးပေါ့။ ကွေးနိုင်ကောက်နိုင်တယ်။ ကွေးပြီးကောက်ပြီးရင် နဂိုနေအတိုင်း ပြန်ဖြစ်တယ်။ စပရိန် ဂုဏ်သတ္တိရှိတဲ့ စတီးချောင်းလေးဖြစ်လို့ spring steel လို့ ခေါ်တဲ့ သတ္တုချောင်းလေးပေါ့။ အက်ဖ်မက် က သူ့စတီးချောင်းလေးဟာ နွားတက်နင်းရင်တောင် မကျိုးပါဘူးတဲ့။
ဒီ စတီးလ်ချောင်းလေးကို သူတီထွင်မဲ့ မျက်မှန်ရဲ့ကိုင်း အဖြစ်အသုံးပြုမှာပါ။ မှန်ကိုတော့ တရုတ်က ကုမ္ပဏီ တစ်ခုနဲ့ သွေးမှာပါ။ သူတို့သွေးထားတဲ့မှန်ကို လက်ကလေးနဲ့ ကလစ်ခနဲ ဖိပြီး ထည့်လိုက်ရုံနဲ့ တပ်ဆင်လို့ရအောင် မျက်မှန်ကိုင်းကို ပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ အက်ဖ်မက်ဟာ မျက်မှန်ကိုင်းကွေးကိရိယာကို အင်ဂျင်နီယာအချို့ရဲ့ အကူအညီယူပြီး ကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့ပါတယ်။ 30 cm ပတ်လည်ရှိတဲ့ သေတ္တာလေး တစ်လုံး ဖြစ်လာခဲ့ပါတယ်။ အဲ့သေတ္တာလေးထဲမှာ မျက်မှန်တလက် ပြုလုပ်ဖို့ လိုအပ်တဲ့ အရာတွေ အားလုံးထည့်ထားပါတယ်။ သေတ္တာလေးရဲ့ အပေါ်မှာမှ မျက်မှန်ကိုင်းကွေးတဲ့ ကိရိယာလေးကို အသေထိုင်ပြီး တပ်ဆင်ထားတာပါ။ သေတ္တာလေးထဲက စတီလ်းချောင်းလေးကို အဲ့ဒီ ကိရိယာလေးအသုံးပြုပြီး မိနစ်ပိုင်းအတွင်း လက်ဖြစ်မျက်မှန်ကိုင်းလေးတစ်ခု ခွေလို့ရပါတယ်။ ပြီးမှ အသင့်လုပ်ပြီးသား မှန်လေးကို ဂွပ်ခနဲ တပ်လိုက်တာနဲ့ တပြိုင်နက် မျက်မှန်တစ်လက် ရသွားတာပါပဲ။ စတီးလ်ချောင်းနဲ့ မှန်ရဲ့ကုန်ကျစရိတ်ဟာ တစ်ဒေါ်လာခန့်သာ ကျသင့်ပါတယ်။
၂၀၁၂ ခုနှစ်အရောက်မှာတော့ မာတင် ဟာ သူ့ရဲ့ သေတ္တာလေးတွေကို အာဖရိဆီသို့ သယ်ဆောင်လာခဲ့ပါတော့တယ်။ ယူဂန်ဒါက မျက်စိအတွင်းတိမ်ခွဲထုတ်ပေးတဲ့ ဆရာဝန်များအဖွဲ့ရဲ့ ဖိတ်ကြားချက်နဲ့ပါ။ သူတို့က မာတင့် ကိုခရီးစဉ်တစ်လျှောက်လုံး တာဝန်ယူပါ့မယ်ပြောတယ်။ တစ်ခါများကြတော့ သူရဲ့ မျက်မှန်လုပ်သေတ္တာလေးတွေဟာ သင်္ဘော ချိန် နောက်ကျလို့ ရောက်ရမယ့် အချိန်လွန်နေတဲ့ အတွက် ထိုင်စောင့်နေရတာပေါ့။ အဲ့အချိန်မှာ ရွာလူကြီးတွေက သူ့နားလာပြီး သိချင်တာတွေ လာမေးကြပါတယ်။ သူ ပျော်ခဲ့ရတယ်။ သူတို့ကို ” အာဖရိကတိုက်ကြီး ဟာခင်ဗျားတို့အတွက်ပါ” လို့ သူပြောဖြစ်ခဲ့တယ်။
သူ အာဖရိကကို ပထမဆုံးအကြိမ် ရောက်ဖူးတာပဲ။ ရောက်ရောက်ချင်းပဲ အာဖရိကကို သူချစ်သွားတယ်။ “အာဖရိက ဟာ ကျွန်တော်နေခဲ့ဖူးတဲ့ နေရာတိုင်းထက် အရောင်အသွေးပိုစုံတယ် ပိုလည်း ပျော်ဖို့်ကောင်းတယ်” လို့ သူမှတ်ချက်ချတယ်။ သူရဲ့ အစီအစဉ်ကို စတင်စမ်းသပ်ခဲ့တယ်။ အာဖရိကတိုက်ရဲ့ မျက်မှန်လိုအပ်ချက်ပမာဏက အတော်ကြီးကိုကြီးမားနေတာ သူတွေ့ခဲ့ရတယ်။ အဲ့ဒီအထဲမှာ လူနှစ်စားရှိတယ်။ သူတို့ရဲ့ လုပ်အားခ နှစ်ရက်သုံးရက်စာကို စုပြီး မျက်မှန်ဝယ်မယ်ဆိုတဲ့လူတွေရယ်၊ မျက်မှန်လုပ်နည်းကို သင်ချင်တဲ့သူတွေရယ်။ နှစ်စားလုံး အတွက်အဆင်ပြေအောင် စီစဉ်ဖို့ သူလုပ်ရမှာပေါ့။ လုပ်နိုင်ခဲ့တယ်။
ယူဂန်ဒါ ခရီးစဉ် အပြီးမှာတော့ သူ့စီမံကိန်းဟာ အရှိန်ရလာခဲ့ပါတယ်။ စေတနာ့ဝန်ထမ်းပေါင်းများစွာနဲ့ အလှူရှင်တွေဟာ တစ်ဒေါ်လာတန်မျက်မှန်လေးတွေ ထုတ်လုပ်နိုင်ဖို့အတွက် လူအား ငွေအား စိုက်ထုတ်လာကြပါတယ်။ ရဝန်ဒါ၊ မာလာဝီ နဲ့ ဘာကီနာဖာဆို တို့မှာ ထုတ်လုပ်ရေး နဲ့ Training Center တွေကို့ တည်ထောင်နိုင်ခဲ့ပါတယ်။ တောင်အမေရိကတိုက်က ပရဟိတ အဖွဲ့တွေတောင် သူတို့ရဲ့ စီမံကိန်းကို စိတ်ဝင်စားလာကြပြီလေ။
မာတင် နဲ့ သူ့အဖွဲ့ဟာ မျက်မှန်ပေါင်း အလက် တစ်သိန်းလောက် ရောင်းချပေးခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ မျက်စိအမြင်အာရုံ ချို့ယွင်းတဲ့သူ သန်း ၁၅၀ ရှိတယ်လို့ဆိုခဲ့ပေမယ်။ တကယ်တမ်း တွက်ကြည့်ရင် မျက်မှန်တပ်မှ စာဖတ်လို့ ရတဲ့သူပေါင်းဟာ သန်းငါးရာ လောက်ရှိနေတယ်။ တလှမ်းခြင်း လှမ်းရင်းနဲ့ပဲ ပန်းတိုင်ရောက်သွားမှာပေါ့။
“နောက်ငါးနှစ်ကနေ ဆယ်နှစ်အတွင်းမှာ မျက်မှန်နဲ့ မျက်စိမှုန်တဲ့သူအချိုးကို ညီမျှအောင် ကျွန်တော်တို့ လုပ်နိုင်မှာပါ။ အဲ့ဒီအချိန်ကြရင်တော့ ကျွန်တော်ပျော်လို့ ရပြီ။” တဲ့။ အာဖရိက တိုက်သားတွေကတော့ မာတင့် ရဲ့ ပြုံးနေတဲ့ မျက်နှာကို ကြည်ကြည်လင်လင် ကြည့်နေကြမှာပေါ့။
ဆင့်ပွားခံစားနိုင်ကြပါစေဗျာ။
အောင်ဇော်မော်
ဒီဇင်ဘာ ၁၁၊ ၂၀၁၆
၂၀၁၆ ခုနှစ် ဒီဇင်ဘာ လထုတ် Reader’s digest မဂ္ဂဇင်း မှ Felix Hutt ရေးသားသော Glasses: $1 ကို ဘာသာပြန်ဆိုပါတယ်။
One Dollar Glasses ပြုလုပ်နည်းကို သင်ပေးတဲ့ Training center မှာသွားရောက်ရိုက်ကူးထားတဲ့ မှတ်တမ်း Video ပါ။
မာတင် အက်ဖ်မက် ကိုယ်တိုင် One Dollar Glasses ကို ပြုလုပ်ပြတဲ့ video ဖိုင်ပါ။