အမေရိကန်ဟာ စူပါပါဝါနိုင်ငံ ဖြစ်တာနဲ့အညီ ဒီနိုင်ငံက သမ္မတတွေကိုလည်း အသက်အန္တရာယ်အတွက် လုံခြုံမှုမြင့်မားစွာနဲ့ လုံခြုံရေးအထပ်ထပ်နဲ့ စောင့်ရှောက်လျှက်ရှိပါတယ်။ ခေတ်အဆက်ဆက် အမေရိကန် သမ္မတတွေဟာ အကြိမ်ကြိမ်လုပ်ကြံခံခဲ့ရပြီး တာဝန်ထမ်းနေစဉ်သမ္မတ (သို့) သမ္မတဟောင်း (သို့) ရွေးကောက်လျာထားခံသမ္မတ တွေဟာ အကြိမ် ၃၀ထက်မနည်း လုပ်ကြံရန်ကြံစည်ခြင်း ခံခဲ့ရပါတယ်။ ဒီလုပ်ကြံမှုတွေကြောင့် သမ္မတ ၄ ဦး သေဆုံးခဲ့သလို ၊ ၂ဦးကတော့ ဒါဏ်ရာ အပြင်းအထန်ရခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ယနေ့မှာ အမေရိကန်ဟာ သူတို့ခေါင်းဆောင်တွေကို မထိခိုက်စေဖို့ လုံခြုံရေးအထပ်ထပ်နဲ့ ကာကွယ်ထားတာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ သတ္တမမြောက်သမ္မတ အင်ဒရူး ဂျက်ဆင်ဟာ လုပ်ကြံမှုတွေကနေ ပထမဆုံးလွတ်မြောက်လာနိုင်ခဲ့တဲ့ သမ္မတဖြစ်ပြီး ဖြစ်ပွားခဲ့တဲ့ခုနှစ်ကတော့ (၁၈၃၅)ခုနှစ်ကဖြစ်ပါတယ်။ နောက်ထပ်နှစ်ပေါင်း (၃၀)ကြာ တဲ့အချိန်မှာတော့ သမ္မတ အေဗရာဟမ်လင်ကွန်းဟာ လုပ်ကြံမှုနဲ့ သေဆုံးခဲ့ရပြန်ပါ တယ်။ အမေရိကန်သမ္မတသမိုင်းမှာနောက်ဆုံးလုပ်ကြံခံခဲ့ရသူကတော့ (၁၉၆၃)ခုနှစ် နိုဝင်ဘာ(၂၂)ရက်နေ့ကလုပ်ကြံခံခဲ့ရတဲ့ John F. Kennedy ဖြစ်ပါတယ်။ သီအိုဒိုရုစဗဲ့ နဲ့ ရော်နယ်ရေဂင်တို့ကတော့ ဒါဏ်ရာရခဲ့ပါတယ်။ ထူးခြားချက် ကတော့အမေရိကန်သမ္မတအားလုံးဟာ သေနတ်နဲ့လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။ ဒီတခါ သုတဇုန် မိတ်ဆွေတွေကို မျှဝေပေးချင်တာကတော့ လုပ်ကြံခြင်းခံခဲ့ရတဲ့ အမေရိကန်သမ္မတတွေ ရဲ့အကြောင်းဖြစ်ပါတယ်။
(၁) Abraham Lincoln
အမေရိကန်ပြည်တွင်းစစ်တရားဝင်ပြီးဆုံးခဲ့တဲ့ (၅)ရက်မြောက်နေ့ဖြစ်တဲ့ (၁၈၆၅)ခုနှစ်၊ ဧပြီလ(၁၅)ရက်နေ့မှာတော့ အမေရိကန်သမ္မတ Abraham Lincoln ဟာဇနီးသည်ဖြစ် သူနဲ့အတူ Our Ameriacn Cousin အမည်ရတဲ့ပြဇာတ်ကိုကြည့်ရှုဖို့ Ford ကဇာတ်ရုံ အတွင်းစောင့်ဆိုင်းနေစဉ်အတွင်းမှာပဲ John Wilkes Booth ဆိုသူရဲ့လုပ်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ သမ္မတရဲ့ဦးခေါင်းကိုနောက်ကနေသေနတ်နဲ့ပစ်ခတ်ပြီးလုပ်ကြံခဲ့ရတဲ့ ယင်းဖြစ်စဉ်အပြီးမှာတော့ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ Abraham Lincolnကို Petersen House ကိုသယ်ဆောင်ပြီးဆေးကုသမှုတွေပြုလုပ်ခဲ့ပေမဲ့ နောက်မနက် (၇) နာရီ (၂၂)မိနစ်မှာပဲကွယ်လွန်ခဲ့ပါတယ်။
အချက်အလက်တွေအရ Abraham Lincoln ကိုလုပ်ကြံသူ Booth ဟာ လူသိများတဲ့ ပြဇာတ်သရုပ်ဆောင်တစ်ယောက်ဖြစ်တယ်လို့သိရပြီး သမ္မတကိုလုပ်ကြံခဲ့ပြီး ရက်သတ္တပတ် (၂)ပတ်ကြာတဲ့အထိ လွတ်မြောက်နေခဲ့ပါတယ်။ ဧပြီလ(၂၆)ရက်ရောက်ချိန်မှသာ ဗာဂျီးနီးယားပြည်နယ်အတွင်း Port Royal အပြင်ဘက်မှာရှိတဲ့ ကားဂိုဒေါင်အတွင်းမှာ ရှာဖွေတွေ့ရှိခဲ့ပြီး အာဏာပိုင် တွေက လက်နက်ချဖို့ပြောကြားခဲ့ပေမဲ့ လိုက်နာချင်းမရှိလို့ အသေပစ်သတ်ခဲ့ပါတယ်။ ပူးပေါင်းကြံစည်သူ ၈ယောက်ထဲက ၄ယောက်ကိုလည်း မကြာမီမှာပဲ ကြိုးပေးသတ်ခဲ့ပါတယ်။
(၂) James A. Garfield
အမေရိကန်ပြည်ထောင်စုသမိုင်းတွင် မဲပေးသူအများဆုံးဖြစ်တဲ့ (၁၈၈၀)ရွေးကောက်ပွဲ မှာအနိုင်ရပြီး အမေရိကန်သမိုင်းရဲ့ (၂၀)ဦးမြောက်သမ္မတဖြစ်လာခဲ့သူ James Garfield ဟာသမ္မတသက်တမ်းတစ်လျှောက် ဘာမှမယ်မယ်ရရမပြုလုပ်နိုင်သေးခင် (၁၈၈၁)၊ ဇူလိုင် (၂)ရက်နေ့မှာပဲလုပ်ကြံခံခဲ့ရပါတယ်။ သူဟာ ဝါရှင်တန်မှာရှိတဲ့ မီးရထားဘူတာရုံအတွင်းမှာရထားစီးနင်းဖို့ပြင်ဆင် နေချိန်မှာပဲ ဘာသာရေးအစွန်းရောက် တစ်ယောက်ဖြစ်တဲ့ Charles Guiteau ရဲ့လက်ချက်နဲ့ နောက်ကျောကိုပစ်ခတ်လုပ်ကြံခဲ့ရတာဖြစ်ပါတယ်။
ယင်း သေနတ်ဒဏ်ရာကြောင့် James Garfield ဟာအိပ်ရာထဲမှာ ရက်ပေါင်း (၈၀)လောက် ဝေဒနာခံစားရပြီးမှကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ယခုခေတ်ကာလလို ဆေးပညာတိုးတက်ချိန်နဲ့ကြုံခဲ့ရင်တော့ James Garfield ဟာအသက်ချမ်းသာရာရမှာ အသေအချာဖြစ်ပါတယ်။ လုပ်ကြံသူ Guiteau ကိုတော့ဖမ်းဆီးကာ၊ရုံးတင်စစ်ဆေးနိုင်ခဲ့ပြီး (၁၈၈၂)ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့မှာတော့ ကြိုးပေးခဲ့တယ်လို့သိရပါတယ်။ (တကယ်တော့ ဂါဖီးဟာ လုပ်ကြံမှုကြောင့်သေဆုံးခဲ့ခြင်းမဟုတ်ပဲ ဒါဏ်ရာကနေ ပိုးဝင်ကာ သေဆုံးခဲ့ရခြင်းဖြစ်ပါတယ်)
(၃) William Mckinley
ရှေ့နေ၊ဗိုလ်မှူးစတဲ့အလုပ်အကိုင်တွေကိုလုပ်ကိုင်ဖူးတဲ့ အမေရိကန်ပြည်ထောင်စုရဲ့(၂၅) ဦးမြောက်သမ္မတ William Mckinley ဟာ မဲဆွယ်ကာလအတွင်း Buffalo မြို့မှာ Leon Czolgosz ဆိုသူရဲ့ သေနတ်နဲ့ ဝမ်းဗိုက်ကိုပစ်ခတ်ပြီး လုပ်ကြံခြင်းခံခဲ့ရပါတယ်။ (၁၉၀၁) ခုနှစ်၊စက်တင်ဘာ(၆)ရက်နေ့ကဖြစ်ပွားခဲ့တဲ့ယင်းလုပ်ကြံမှုပြီးလို့ နောက်ထပ်(၈)ရက် ကြာမြင့်ချိန်မှသာ William Mckinleyဟာသေဆုံးခဲ့ရတာဖြစ်လို့ ဆေးပညာဆိုင်ရာ နည်းပညာအားနည်းမှုတွေကပဲ အမေရိကန်သမိုင်းရဲ့သမ္မတစ်ယောက်ကိုဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
အခင်းဖြစ်စဉ်က William Mckinley ဟာ လူအုပ်အကြားမှာရှိနေကြောင့် လည်းသက်တော်စောင့်တွေဟာ လူသတ်သမား Czologosz ရဲ့လုပ်ကြံမှုကိုမတားဆီးနိုင်ခဲ့တာဖြစ်ပြီး လုပ်ကြံသူဟာ အောက်တိုဘာ(၂၉)ရက်နေ့မှာပဲ လျှပ်စစ်ကုလားထိုင်ကိုအသုံးပြုပြီး သေဒဏ်စီရင်ခြင်းခံခဲ့ရပါတယ်။ သေဒဏ်မပေးချိန်မှာ မင်းမဲ့ဝါဒီထောက်ခံသူဖြစ်တဲ့ Czolgosz က သူအနေနဲ့ ယင်းလုပ်ကြံ မှုအတွက်တောင်းပန်သွားမှာမဟုတ်သလို၊သေဒဏ်ပေးခံရတဲ့အတွက်လည်းဝမ်းမနည်း ပါကြောင်း၊ဖခင်ဖြစ်သူနဲ့ မတွေ့လိုက်ရတာကိုပဲ ဝမ်းနည်းမိကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့သိရပါတယ်။
(၄) John F. Kennedy
JFK လို့လည်းအမေရိကန်ပြည်သူတွေရည်ညွှန်းလေ့ရှိသူ အမေရိကန်ပြည်ထောင်စုရဲ့ (၃၅)ယောက်သမ္မတ John F. Kennedy ဟာ(၁၉၆၃)ခုနှစ်၊နိုဝင်ဘာ(၂၂)ရက်နေ့မှာ Dallas မြို့မှာလုပ်ကြံခြင်းခံခဲ့ရပြီးကွယ်လွန်ခဲ့ပါတယ်။ သူဟာသမ္မတယာဉ်တန်းနဲ့အတူ Dellas မြို့လေဆိပ်ကနေထွက်ခွာလာခဲ့ပြီးကြိုဆိုသူများစွာရှိနေတဲ့လမ်းတစ်လျှောက်မှာ ရှိနေခိုက် သူရဲ့ဦးခေါင်းနောက်ကို ရိုင်ဖယ်သေနတ်နဲ့ ပတ်ခတ်လုပ်ကြံခြင်းခံခဲ့ရပါတယ်။ ဦးခေါင်းခွံကွဲကာ ဦးနှောက်များပင်ထွက်ခဲ့တဲ့အထိ ဒါဏ်ရာပြင်းထန်ခဲ့ပြီး အနီးဆုံးမှာရှိတဲ့ Parkland ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် နာရီဝက်အကြာမှာပဲ သေဆုံးသွားခဲ့ရပါတယ်။
လူသတ်သမားရဲ့နောက်ထပ်ကျည်ဆံကတော့ Texas ပြည်နယ်အုပ်ချုပ်ရေးမှူး John Connally ကိုထိမှန်ခဲ့ပေမယ့် Connally ကတော့သေဆုံးခဲ့ခြင်းတော့မရှိပါဘူး။ ကျူးလွန်သူကတော့ အမေရိကန်စစ်တပ်ရဲ့ ရေတပ်သားဟောင်း Lee Harvey Oswald လို့သိရပြီးသူဟာ သမ္မတယာဉ်တန်းကို အပေါ်စီးကနေမြင်တွေ့ရတဲ့ Texas ပြည်နယ် Book Depository အဆောက်အအုံရဲ့ (၆)လွှာ ကနေ လူသတ်မှုကိုကျူးလွန်ခဲ့တယ်လို့သိရပါတယ်။ လူသတ်သမား Lee Harvey Oswald ဟာ ယင်းနေ့မှာပဲ Dellas ရဲဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ J.D. Tippit ကိုလည်းပစ်သတ်ခဲ့ပါသေးတယ်။
ကနေဒီဟာအမေရိကန်သမ္မတတွေထဲမှာတော့ နောက်ဆုံးလုပ်ကြံခံရသူဖြစ်ခဲ့ပြီး ယင်းကာလက ကမ္ဘာတဝှမ်းက ရုပ်မြင်သံကြား၊ရေဒီယို၊သတင်းတွေအားလုံးမှာလည်း ကနေဒီလုပ်ကြံခံရတဲ့သတင်းတွေကပဲ နေရာယူထားခဲ့တာကိုတွေ့ရပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ အာဏာပိုင်တွေက Lee Harvey Oswald ကိုလက်ရဖမ်းဆီးနိုင်ခဲ့ပြီး ကနေဒီကွယ်လွန်ပြီး (၂)ရက်အကြာမှာ Dellas ရဲဌာနချုပ်မြေအောက်ခန်းမှာပြုလုပ်ခဲ့တဲ့ ရုပ်သံကနေတရားခံကိုတိုက်ရိုက်ပြသနေချိန်မှာပဲ Texas နိုက်ကလပ်ပိုင်ရှင် Jack Ruby ရဲ့ပစ်ခတ်မှုနဲ့ အသက်ပျောက်ခဲ့ရပါတယ်။ ဒီအတွက် Rudy ဟာထောင်ချအပြစ်ပေးခြင်းခံခဲ့ရပြီး (၁၉၆၇)ခုနှစ်၊ဇန်နဝါရီ (၃) ရက်နေ့မှာ အဆုတ်ကင်ဆာရောဂါနဲ့ထောင်ထဲမှာပဲကွယ်လွန်သွားခဲ့ပါတယ်။
Discussion about this post