စာရိုက်တင်သူ – ကိုကြယ်စင်(ဗဟုသုတကြယ်စင်ဂရု)
တချိန်တုန်းက ဥရောပတိုက် မှာ အချမ်းသာဆုံး၊ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ပုဂ္ဂိုလ်တွေ ထဲ က တစ်ယောက်၊ သူသေတော့ ( ကျန်ရှိ ခဲ့တဲ့ ) ဖိုးထိုက်ဖိုးတန် ငွေကြေးတွေ က အမြောက် အမြား၊ ငွေကြေး က ပေါင် ၁၀,၀၀၀,၀၀၀၊ စိန်၊ ပုလဲ၊ ပတ္တမြား ( စတဲ့ ) ရတနာ တန်ဖိုး က ပေါင် ၁၆,၀၀၀၊ တစ်လ ဝင်ငွေ က ပေါင် ၂၀၀,၀၀၀၊ တစ်စက္ကန့်တိုင်း မှာ ( ၅ ) ပေါင် ဝင်ငွေရှိတဲ့သူ။
ဒါပေမယ့် ( သူရော သူ့မိသားစုတွေပါ လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ကြရ ပါတယ် )၊ ၁၉၁၈ ခု ဇူလိုင် လ ၁၆ ရက်၊ သန်းခေါင်ယံ ကျော်ကျော် အချိန်လေး မှာပေါ့။ သူ နဲ့ သူ့ မိသားစုဝင် တွေကို ပင့်ကူအိမ်တွေ အပြည့် နဲ့ ညစ်ပတ် ပေရေနေတဲ့ မြေအောက် အခန်းလေးထဲ ကို အတင်းအကြပ် မောင်းသွင်း လိုက်ကြ တယ်။ ပြီးတော့ ပစ်သတ်လိုက်ကြ ပါတယ်။
သူတို့ကို လုပ်ကြံ သတ်ဖြတ်မှု ဟာ ကမ္ဘာကို ရုတ်တရက် အာရုံစိုက်မိတဲ့၊ သမိုင်း မှတ်တမ်း မှာ ထူးခြားတဲ့ အဖြစ်အပျက်ကလေး တစ်ခုပေါ့။
သူ ကတော့ ရုရှားပြည် ထီးနန်းကို နောက်ဆုံး အုပ်ချုပ် စိုးစံခဲ့တဲ့ ဇာဘုရင် ဒုတိယ မြောက် နီကိုလပ်စ် ဖြစ်ပါတယ်။ ကမ္ဘာကြီး ရဲ့ ခြောက်ပုံတစ်ပုံ အကျယ်အဝန်း ရှိတဲ့ သူ့တိုင်းပြည်ကို ၂၅ နှစ်နီးပါး တင်းကျပ်တဲ့ သံမဏိစည်းမျဉ်းတွေ နဲ့ အုပ်ချုပ်ခဲ့ သူပေါ့။
လူတွေ ကို အစုလိုက်အပြုံလိုက် သတ်ဖြတ် အပြစ်ပေးခဲ့ တယ်။ အဲ့ဒီ လို အချည်းနှီး အကျိုးမထင်တဲ့ သတ်ဖြတ်မှုတွေ လုပ်ပြီးတဲ့ (၃) နှစ် နီးပါး အကြာ ၁၉၁၇ ခုနှစ် မှာပေါ့။ သူ့ရဲ့ တပ်တွေ က သူ့ကို ပုန်ကန်မှု ပြုတယ်။
ဒါကြောင့် ၁၉၁၇ ခု မတ်လ (၁၄) ရက် သန်းခေါင်ယံ မတိုင်မီ မိနစ် အနည်းငယ် အလိုမှာ ဗိုလ်ချုပ်ကြီးတွေ ပါဝင်တဲ့ ကော်မတီအဖွဲ့နဲ့ ဇာ ဘုရင်မင်းမြတ် နဲ့ တွေ့ဆုံကြတယ်။ ဘုရင့် ကိုယ်ပိုင် ရထားတွဲ ဧည့်ခန်းထဲ မှာပေါ့။ သူတို့က ဇာ ဘုရင်ကို နန်းစွန့်ဖို့ လျှောက်ထား ပြောဆို ကြတယ်။
သူ့အနေနဲ့ အလွန် ချောက်ချား တုန်လှုပ်ရ ပါတယ်။ ထိုင်နေရင်း နဲ့ ဒယီးဒယိုင် ဖြစ်ခဲ့ ရတယ်။ သူ့ မျက်နှာ ကလည်း လူသေ မျက်နှာလို ဖြူဖပ်ဖြူရော် နဲ့ ဗိုလ်ချုပ်ကြီးတွေ အဖွဲ့ကတောင် စိုးရိမ်သွား ကြတယ်။ သူဟာ တကယ်ကို မေ့မြောပြီး ကြမ်းပြင် ပေါ်ကို ထိုးကျသွားလေ မလားလို့။
သူ အိပ်ရာထဲ ကို ဝင်တယ်။ ဒါပေမယ့် ဘယ်လို မှ အိပ်လို့ မပျော်။ ဒါကြောင့် သူ အိပ်ရာ က ထတယ်။ ည ကာလ ရဲ့ ကျန်သမျှ အချိန်ပိုင်း ကို စာဖတ်ခြင်းအားဖြင့် ကုန်လွန်စေခဲ့ တယ်။ ရှိတ်စပီးယား ရဲ့ စာပေတွေ ထဲက ဂျူးလီးယပ်ဆီဇာ ဆိုတဲ့ ကျော်ကြားတဲ့ ပြဇာတ် တစ်ပုဒ် ကို ဖတ်ရင်း နဲ့ပေါ့။
နောက်တစ်နေ့မနက် ၁၀ နာရီ နဲ့ ၁၅ မိနစ် တိတိ အချိန်မှာ သူ နန်းစွန့်တယ် ဆိုတာကို လက်မှတ် ရေးထိုးတယ်၊ သာမန်ရိုးရိုး ခဲတံလေးနဲ့ပါပဲ။ သူ့ရဲ့နှုတ်တော်ကလည်း “ကျေးဇူး ကြီးမားလှ ပါဘိ ဘုရားသခင်၊ ကျွန်တော်မျိုး ထာဝရ တောင့်တခဲ့ရသည့် ဆန္ဒ တစ်ခုကို ယခု ဖြည့်ဆည်း နိုင်ပါတော့ မည်။
ခရိုင်းမီးယား တွင် ရှိသော ကျွန်တော်မျိုး ၏ အိမ်တော်သို့ ပြန်ပြီး ပန်းမာလာများ ကို စိုက်ပျိုးနိုင် ပါတော့မည်။ အေးအေးချမ်းချမ်း နေနိုင်ပါတော့ မည်။
ဇာ ဘုရင် နှင့် သူ့မိသားစု တွေဟာ မသေမီ သူတို့ ရဲ့ နောက်ဆုံး လ တွေကို အခန်း (၂) ခန်း ပါတဲ့၊ အိမ်အိုကြီး တစ်လုံး မှာ ကုန်လွန်စေခဲ့ရ ပါတယ်။ ယူရယ် တောင်ခြေမှာ ရှိတဲ့ မြို့လေးတစ်မြို့ရဲ့ ဆင်ခြေဖုံး မှာပေါ့။
တော်လှန်ရေးသမားတွေ က သူတို့ ကို အကျဉ်းသားတွေ အဖြစ် ဖမ်းထားပါတယ်။ သူတို့ ကို သာမန် တောသူတောင်သားတွေ စားသလို အတင်းအကြပ် စားစေတယ်။ သူတို့ ကို သကြား၊ ကော်ဖီ၊ မလိုင်၊ ဆား၊ ထောပတ် တစ်ခု ကိုမှ (စားဖို့မပေး) ခွင့်မပြု ပါဘူး၊
သူတို့အနေ နဲ့ တစ်နေ့မှာ (၂) ကြိမ် ပေါင်မုန့် ခပ်ကြမ်းကြမ်း တစ်လုံးရယ်၊ ခပ်ပျစ်ပျစ် ချက်ထားတဲ့ ဟင်းသီးဟင်းရွက် ဟင်းချို တစ်ခွက်ရယ် က လွဲရင် ဘာမှ မစားရပါဘူး။
အဲ့ဒီ အိမ်ရဲ့ ပြတင်းပေါက်တွေ ကိုလည်း ဆေးနဲ့သုတ်ထားတယ်။ အပြင်ဘက် ကို လှမ်းကြည့်လို့ မရအောင်လေ၊ အဲ့ဒီ ပြတင်းပေါက်တွေ ကို ဖွင့်ခွင့်လည်း မပေးဘူး၊
တစ်နေ့ကျတော့ အငယ်ဆုံး သမီးတော် မင်းသမီးလေး “အနက်တရှာ” က ပြတင်းပေါက် ကလေး တစ်ပေါက်ကို ဖွင့်လိုက်မိတယ်။ လေရှူချင်လို့ပါ။ အဲ့ဒီလို ဖွင့်မိလို့ စစ်သား တစ်ယောက်က သေနတ်နဲ့ လှမ်းပစ်လိုက် တယ်လေ။
သူတို့ကို တစ်နေ့မှာ (၅) မိနစ်တော့ ခြံထဲ မှာ လမ်းလျှောက်ခွင့် ပြုပါတယ်။ အငယ်ဆုံး သားတော်လေး “ဇာရီဇစ်ချ်” က လမ်း မလျှောက်နိုင်လောက်အောင် ဖျားနာ နေတယ်၊ ဒါကြောင့် ခမည်းတော် ဘုရင် မင်းမြတ် က ချီပိုးပြီး လျှောက်ရပါတယ်။
စောင့်ကြပ်နေတဲ့ စစ်သားတွေ ကလည်း ပမာမခန့် မလေးမစား စစ်ဝတ်စုံ အပြည့် နဲ့ မဟုတ်။ ဘုရင့် သမီးတော်တွေ ကိုလည်း မဖွယ်မရာ စကားတွေ ပြောကြသည်။ ညညဆို ပြတင်းပေါက် အောက်နား ကနေပြီး ညစ်ညမ်းတဲ့ မကြားဝံ့မနာသာ သီချင်းတွေ ဆိုကြ သည်။
တစ်နေ့တော့ အစောင့် စစ်သား တစ်ယောက် က မိဖုရားကြီး ရဲ့ ခါးပိုက်ဆောင် အိတ်ငယ် ကို လုယူ တယ်။ ပြီးတော့ “ခင်ဗျား အနေနဲ့ ဒီ ပိုက်ဆံတွေ ဟာ မလိုအပ်တော့ ပါဘူး” လို့ ပြောရင်း မိဖုရားကြီး ရဲ့ ပိုက်ဆံကို ယူသွားတယ်။
ဘုရင်မင်းမြတ် ကိုယ်တိုင်ကတော့ စိတ်နှလုံး နူးညံ့တယ်၊ သည်းခံတတ်တယ်၊ ဒါပေမယ့် မိဖုရားကြီး က မာန ကြီးတယ်။ ဒါကြောင့် သူမ အနေနဲ့က မကျေနပ်၊ အမြဲတစေ မရပ်မနား ဘုရားသခင် ကို တိုင်တည်ပြီး ကျိန်ဆိုတယ်၊ တစ်နေ့နေ့ကျရင် တိရစ္ဆာန်လို ဆိုးရွား ယုတ်မာ လှတဲ့ ဒီ ကောင်တွေ ကို ကလဲ့စားချေမယ် ပေါ့။
၁၉၁၈ ခု ဇူလိုင်လ (၁၆) ရက် နေ့ ည သန်းခေါင်ကျော် အချိန်။ အစောင့် စစ်သားတွေ ရဲ့ တပ်မှူး ဗိုလ်ကြီး တစ်ယောက်က ဇာဘုရင် နဲ့ မိသားစု ကို နှိုးတယ်။
“မြို့ထဲမှာ အဓိကရုန်းတွေ၊ ရုန်းရင်ဆန်ခတ်မှုတွေ ဖြစ်ကုန်ပြီ၊ အဝတ်အစားတွေ မြန်မြန်လဲကြ၊ မြေအောက်ခန်း ကို သွားကြ၊ လုံခြုံတဲ့ နေရာ တစ်ခုခု ကို ခေါ်သွားဖို့အတွက် ကားတွေ ရောက်လာတဲ့ အထိ စောင့်ကြ” လို့ ပြောတယ်။
မြေအောက်ခန်းထဲ ရောက်တော့ မိဖုရားကြီး ဟာ ကြောက်လွန်းလို့ တုန်နေတယ်။ မတ်တပ်တောင် မရပ်နိုင်ရှာ လို့ ကုလားထိုင် တစ်လုံး ယူလာခိုင်းပြီး ထိုင်ရတယ်။ ဖျားနာနေတဲ့ သားတော်လေး ကို ပေါင်ပေါ်မှာ တင်ပြီး ပွေ့ထားရင်း နဲ့ပေါ့။
ချက်ချင်း ရုတ်ချည်းပဲ၊ စစ်သားတွေ မြေအောက်ခန်းထဲ ကို ကသုတ်ကရက် ရောက်လာ ကြတယ်။ “ခင်ဗျားတို့ရဲ့ မိတ်ဆွေတွေ က ခင်ဗျားတို့ကို ကယ်ဖို့ ကြိုးစားခဲ့ ကြတယ်၊ ဒါပေမယ့် မအောင်မြင် ပါဘူး၊ ဒါကြောင့် ခင်ဗျားတို့ကို သတ်ရ တော့မယ်။”
အလျင်အမြန်ပါပဲ၊ စစ်သား တစ်ယောက် က ဇာ ဘုရင် ရဲ့ နှလုံးသား ကို ချိန်ရွယ်ပြီး ပြစ်ထည့် လိုက်တယ်။ ရုတ်တရက် ပဲ လဲကျ သေဆုံး သွားတယ်လေ။
အဲ့ဒီတော့ မှ စစ်သားတွေ က မိန်းမသားတွေ ကို ပစ်ခတ်တော့တာ ပါပဲ။ ဒါပေမယ့် သူတို့က သိပ် စိတ်လှုပ်ရှား နေကြတယ်။ ထပ်တလဲလဲ နဲ့ အရမ်းကာရော ရောက်တတ် ရာရာ ပြစ်ခတ် ကြတယ်။
မိန်းမသားတွေ ဆိုတော့ ကြောက်လန့်တကြား အော်ရင်းဟစ်ရင်း၊ တစ်ယောက်နောက် မှာ တစ်ယောက် ပုန်းကွယ်ရင်း ပြေးကြ လွှွှားကြ လွတ် နိုးနိုးရယ် ခေါင်းအုံးလေးတွေ ကို သူတို့ရှေ့ထားပြီး ကွယ်ရင်း ကာရင်းပေါ့။
ဒါပေမယ့် အစောင့် စစ်သားတွေ ဟာ အောင်မြင်ခဲ့ ပါတယ်။ မိန်းမသားတွေ ကို သေနတ် နဲ့ ပြစ်သတ်နိုင်ခဲ့ရုံ သာမက၊ သူတို့ရဲ့ လှံစွပ်တွေ နဲ့လဲ ထိုးသတ်နိုင်ခဲ့ ပါတယ်။
မိနစ် အနည်းငယ် တော်တော်လေး ကြာတော့၊ လွမ်းဆွတ် ကြေကွဲဖွယ်ရာ ကောင်းလှတဲ့ အဲ့ဒီ မြေအောက်ခန်းလေး ထဲမှာ အသံလေး တစ်သံ ထွက်လာတယ်။ အပြင်းအထန် ကို ကြောက်ရွံ့ တုန်လှုပ်နေတဲ့ ခွေးငယ်လေး တစ်ကောင်ပေါ့။
သေဆုံး လဲကျနေတဲ့ ရုပ် အလောင်းတွေနား မှာ သူ့သခင်မ ကို လှည့်ပတ် ရှာဖွေနေတဲ့ ခွေးလေးပေါ့။ စစ်သား တစ်ယောက်က သူ့ကို လှံစွပ် နဲ့ထိုးပြီး သတ်နိုင် ခဲ့တယ်။
တော်ဝင် မိသားစုတွေ ရဲ့ ရုပ် အလောင်းတွေကို စစ်သားတွေ က အပိုင်းပိုင်း ဖြစ်အောင် ခုတ်ထစ် လှီးဖြတ် ကြတယ်။ ဓာတ်ဆီ နဲ့ လောင်းပြီး မီးရှို့ကြတယ်။ မီးသွေး ဖြစ်အောင် ကျွမ်းနေတဲ့ ရုပ် အလောင်းတွေ ကို သတ္တုမိုင်းတွင်းကြီး တစ်ခုကို ပြစ်ထည့် လိုက်ကြ တယ်။
ရက် အနည်းငယ် ကြာတော့၊ အလောင်းတွေ မီးရှို့ခဲ့တဲ့ ပြာပုံ ကို စစ်သားတွေ က တုတ် နဲ့ထိုးပြီးတူးဆွ ရှာဖွေကြ ပါတယ်။ ကျောက်သံပတ္တမြား အမြောက်အများကို တွေ့ခဲ့ကြ တယ်လေ။ မိဖုရားကြီး နဲ့ သမီးတော်တွေ ဟာ စိန်တွေ ပတ္တမြားတွေ ကို သူတို့ ဝတ်တဲ့ ဝတ်ရုံတွေ အနားသားမှာ လုံးချုပ်ပြီး ဝှက်ခဲ့၊ သိမ်းခဲ့ကြတာကိုး။
ဒီ လုပ်ကြံသတ်ဖြတ်မှုကြီး ကို နောက်တက်လာတဲ့ ရုရှား အစိုးရသစ် က ပြုလုပ် ခဲ့တာ တော့ မဟုတ်ပါဘူး။ အစိုးရ က တော်လှန်ရေးသမား အတော်များများ ကို ဖမ်းဆီးခဲ့တယ်။ ဇာဘုရင် ကို သတ်ဖြတ်မှု အတွက် ရုံးတင် စစ်ဆေးခဲ့ တယ်။ သူတို့ အထဲက (၅) ဦး ကို သေဒဏ်ပေး ခဲ့တယ်။
ဘုရင် နဲ့ မိသားစု ကို သတ်ဖြတ်မှု ဟာ သွေးဆာနေတဲ့ တော်လှန်ရေးသမား တချို့ရဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။ သူတို့ ဟာ ဘယ်သူ့ ဆီက မှ အမိန့် တစ်စုံတစ်ရာ ကို ရယူ တောင်းခံခဲ့ခြင်း လည်း မရှိခဲ့ ပါဘူး။
ယခုအခါ မီးကျွမ်းနေတဲ့ တော်ဝင် မိသားစုတွေ ရဲ့ ရုပ်ကလပ် အရိုးစုတွေ ကို ပဲရစ် (ပါရီ) မြို့ မှာ မြှုပ်နှံထား ပါတယ်။ အမေရိကန် သံတမန် အခွင့်အရေး အကူအညီ နဲ့ပဲ ဒီ နေရာကို သယ်ခဲ့ကြ တာပေါ့။
ဖြစ်ပုံက … ၁၉၂၀ ခုနှစ် ဇန်နဝါရီ လ မှာပေါ့။ ဆိုက်ဘေးရီးယား မှာ ရှိတဲ့ အမေရိကန် ကောင်စစ် အရာရှိ ဗိုလ်ချုပ် တစ်ယောက်ကို သူ့မိတ်ဆွေတစ်ဦး က ပန်ကြား အကူအညီတောင်း တယ်။ ကြိုးချည်ထားတဲ့ ခပ်ကြမ်းကြမ်း သစ်သား တစ်လုံးကို သယ်ဆောင်ပေးဖို့ပါ။
ဆိုက်ဘေးရီးယား ကို ကျော်ဖြတ်ပြီး ဟာဗင် အရပ်မှာ ရှိတဲ့ ဗြိတိသျှ မဟာမင်းကြီး ထံ ပို့ ပေးဖို့ ဖြစ် ပါတယ်။ အမေရိကန် ကောင်စစ် အရာရှိ အနေနဲ့ သေတ္တာထဲ မှာ ဘာပါသလဲ မသိခဲ့သလို ဂရုလည်း မစိုက်ခဲ့ဘူး ပေါ့။
ရထားပေါ်မှာ အေးလွန်းလို့ သွေးပူ လေ့ကျင့်ခန်း ရအောင် အဲ့ဒီ သေတ္တာကို ခြေထောက် နဲ့ ကန်ကန်ပြီးတော့ တောင် လာခဲ့ သေးတယ်။ ဟာဗင် ကို ရောက်တော့မှ သူ့အနေ နဲ့ အံ့သြရ ပါတယ်။ ဒီ သေတ္တာထဲမှာ ဇာဘုရင် နဲ့ မိသားစု ရဲ့ ကြွင်းကျန် ရစ်တဲ့ အရိုးတွေ ကို ထည့်ထားမှန်း သိရတာကိုး၊
အဲ့ဒီ သေတ္တာကို ရှန်ဟဲ သို့ပို့လိုက်တယ်။ ပြီးတော့ မှ ပဲရစ် (ပါရီ) သို့ ပို့တယ်။ ပါရီ ကို ရောက်တော့မှ သေတ္တာ ကို ဖွင့်တယ်။
အဲ့ဒီ အထဲမှာ အခြား အရိုးစုတွေ နဲ့အတူ မိဖုရားကြီး လက်ချောင်း အရိုးလေး တစ်ခု ကိုလည်း တွေ့ရတယ်။ အဲ့ဒီ လက်ချောင်းလေး မှာ သူမ ရဲ့ လက်ထပ် လက်စွပ် က စွပ်လျက် ရှိဆဲ ………
မောင်သိန်းလွင် – ကမ္ဘာကျော်ကြား ပုဂ္ဂိုလ်များ ၏ မကျော်ကြားသော ဖြစ်ရပ်များ
စာရိုက်တင်သူ – ကိုကြယ်စင်(ဗဟုသုတကြယ်စင်ဂရု)
Discussion about this post