ရေးသားသူ – နေသစ် (Myanmar Network)
အလုပ်မှာ ကိုယ်တာဝန်ယူရတဲ့ လုပ်ငန်းတစ်ခုပြီးသွားတဲ့အချိန်မှာ ကိုယ့်ဘာသာကိုယ်တော့ အကောင်းဆုံးလို့ယူဆထားလိုက်ပြီ။ ဒါပေမဲ့ အဲ့ဒါကို ဘော့စ်ကိုတင်ပြချိန်မှာ ကိုယ်တိုးတက်ဖို့၊ ပိုကောင်းအောင်လုပ်ဖို့လိုတယ်လို့ ယူဆထားတဲ့အရာတွေ၊ လိုအပ်ချက်တွေကို ဘော့စ်က ကိုယ့်ကိုပြန်ပြောဖို့ စာရင်းလုပ်ပြီးနေပြီ။ အဲ့ဒီလို လိုအပ်ချက်တွေကို ထောက်ပြခံရလို့ စိတ်ဓာတ်မကျလိုက်ပါနဲ့။ အပြုသဘောဝေဖန်မှုဆိုတာ ဘယ်အလုပ်မှာမဆို အရေးပါပါတယ်။ ဒီတော့ ဝေဖန်မှုတွေကို ဘယ်လိုလက်ခံပြီး ကိုယ့်အလုပ်ကို အကောင်းဆုံးဘယ်လိုလုပ်မယ်ဆိုတာ လေ့လာကြည့်ရအောင်။
၁။ ကိုယ်ဟာ အဖက်ဖက်ကပြည့်စုံကောင်းမွန်သူ မဟုတ်ဘူးဆိုတာ လက်ခံထားပါ။
အလုပ်စလုပ်တဲ့အချိန်မှာ ငါတော့ ဘာမှမှားမှာမဟုတ်ဘူးလို့ တွေးထားရင် ကိုယ့်ကိုယ်ကို အရူးလုပ်နေတာပါပဲ။ သင်အမှားတွေ လုပ်မိလိမ့်မယ်။ ဒါက ပြဿနာမဟုတ်ပါဘူး။ အရေးကြီးတာက အဲ့ဒီအမှားတွေကနေ သင်ခန်းစာယူပြီး အမှန်ကိုလုပ်ဖို့ပါ။
၂။ ကိုယ့်အလုပ်ကို နှစ်ခါပြန် စစ်ဆေးပါ။
အလုပ်ပြီးသွားလို့ ကြီးကြပ်သူကို မတင်ပြခင်မှာ ကိုယ့်အလုပ်ကို အမှားအယွင်းမရှိအောင် ဂရုတစိုက်သေချာ ပြန်စစ်ပါ။ ဒီလိုပြန်စစ်တာက စိတ်ပျက်စရာကောင်းတဲ့ အမှားတွေကို ဖယ်ထုတ်လိုက်နိုင်သလို အသေးအဖွဲအမှားတွေအတွက် သင့််ဘော့စ်က သင့်ကို အနှောင့်အယှက်ပေးတော့မှာ မဟုတ်ပါဘူး။
၃။ ကိုယ်ရေးကိုယ်တာအရ မခံစားပါနဲ့။
ကို့ယ်လုပ်ဖော်ကိုင်ဖက်က ကိုယ့်ကိုဝေဖန်ထောက်ပြလာချိန်မှာ “ဟာ ဒီလူကတော့ ငါ့ကိုကြည့်မရလို့” ဒါမှမဟုတ် “ငါ့ကိုဒီအလုပ်နဲ့မတန်ဘူးလို့ ဒီလူထင်နေတာပဲ” စတဲ့အတွေးမျိုးတွေမတွေးပါနဲ့။ သူ သင့်ကို ဝေဖန်ထောက်ပြတာဟာ သင် ဒီအလုပ်မှာ တကယ်အားစိုက်ထုတ်ခဲ့သလား၊ သင်တတ်နိုင်သလောက် အကောင်းဆုံးလုပ်ခဲ့ရဲ့လားဆိုတာ သူသေချာသိဖို့ ကြိုးစားနေတာပါ။
၄။ ဂရုတစိုက်နားထောင်ပါ။
ကိုယ်က အရေးပါတဲ့ အပြုသဘောမှတ်ချက်တွေကို လျစ်လျူရှုလိုက်ရင် နောက်ထပ်အလားတူအမှားတွေ ထပ်မှားဖို့အစပျိုးလိုက်တာနဲ့ အတူတူပါပဲ။ ဒါ့ကြောင့်မို့ အမှားတွေကို မှတ်စုရေးပါ။ ပြီးရင် ဒီအမှားကို ငါဘယ်လိုပြင်မလဲဆိုတာ ကိုယ့်ဘာသာတွေးတော သတိပေးနေပါ။
၅။ ကိုယ်ရလိုက်တဲ့ ဝေဖန်မှုကနေ ငါ ဘာသင်ယူနိုင်မလဲ ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးပါ။
အဝေဖန်ခံရလို့ မခံချင်စိတ်တွေကြီးထွားလာရင်၊ ဒေါသတွေအလိပ်လိုက်ထွက်လာရင် ငါ ဒီကနေ ဘာသင်ယူနိုင်မလဲဆိုပြီး ပြန်မေးပါ။
၆။ ကိုယ့်ကိုဝေဖန်တာတွေရဲ့ တစ်စိတ်တစ်ပိုင်းကို သဘောတူလက်ခံလိုက်ပါ။
ဝေဖန်ခံရလိုက်တဲ့အချိန်မှာ လူအများစုက အမှန်တကယ်မဖြစ်နိုင်တဲ့ ဝေဖန်ချက်နဲ့ မကောင်းမြင်တုံ့ပြန်မှုတွေကိုပဲ အာရုံစိုက်မိတတ်ပြီး ကျန်တဲ့အပိုင်းကို လျစ်လျူရှုမိထားတတ်ကြတယ်။ အပျက်သဘောဝေဖန်မှုတွေကိုပဲ အာရုံစိုက်တာက ဘယ်ပြဿနာကိုမှ ဖြေရှင်းမပေးနိုင်သလို ဘာသင်ခန်းစာမှလည်း ယူနိုင်မှာမဟုတ်ပါဘူး။ ဝေဖန်မှုရဲ့ တစ်စိတ်တစ်ပိုင်းကို သဘောတူလက်ခံလိုက်တာနဲ့ သင်ခန်းစာယူဖို့ ကိုယ့်စိတ်ကိုအစပျိုးလမ်းဖွင့်ပေးလိုက်ပြီးသား ဖြစ်နေပါပြီ။
ဝေဖန်ချက်တိုင်းကို သဘောတူလက်ခံနေစရာမလိုပါဘူး။ ဝေဖန်ချက်ရဲ့ အစိတ်အပိုင်း အနည်းငယ်လေးကိုပဲ လက်ခံရင်တောင်မှ ကိုယ့်အဖွဲ့ထဲမှာ အသင်းအဖွဲ့စိတ်ဓာတ်ကို တည်ဆောက်ပြီးသားဖြစ်သွားပါလိမ့်မယ်။ အသင်းအဖွဲ့စိတ်ရှိပြီးသွားရင် အားလုံးအတူတကွ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုပြီး ပြသနာအပေါ်မှာပဲ အာရုံစိုက်သွားမယ်။ ဒါ့အပြင် “ငါ့ကို ဒီလူတွေက ဝိုင်းဆော်နေတာပဲ” ဆိုတဲ့အတွေးတွေ နည်းသွားလိမ့်မယ်။
၇။ ကိုယ်ကြားလိုက်တာကို ခွဲခြားစိတ်ဖြာ အကဲဖြတ်ပါ။
ကိုယ်ရလိုက်တဲ့ သတင်းအချက်အလက်ကို စိစစ်ဖို့နဲ့ ကိုယ့်ကိုဝေဖန်တာတွေဟာ တကယ်ပဲမှန်ကန်ခိုင်မာရဲ့လား၊ သူတို့ပြောတာမှန်နေတယ်ဆိုရင် ငါဘာလုပ်မယ်၊ အမှားကိုဘယ်လိုပြင်ဆင်မယ် စသဖြင့်ဆုံးဖြတ်ချက်ချဖို့ သင် အချိန်လိုပါတယ်။ ဒီအကြောင်းအရာတစ်ခုတည်းနဲ့ပဲ ထပ်ခါထပ်ခါ အပြောခံ၊ ဝေဖန်ခံနေရရင် ဒီအခြေအနေကနေ ငါဘာကိုသင်ခန်းစာယူပြီး ပြင်ဆင်မလဲလို့ စဉ်းစားသင့်ပါတယ်။ ဒါမှလည်း နောက်ထပ် ဒီလိုအမှားမျိုးထပ်မဖြစ်တော့မှာပါ။
၈။ အငြိုးမထားပါနဲ့။
ကိုယ့်ကိုဝေဖန်လိုက်လို့ ဒေါသပဲထွက်နေမယ်၊ အရွဲ့တိုက်တာတွေလုပ်နေမယ်ဆိုရင် ဒါတွေက ကိုယ့်အလုပ်ရဲ့ အနာဂတ်ကို သက်ရောက်မှုရှိနိုင်ပါတယ်။ အမှားတွေကို စိတ်ထဲက ထုတ်ပစ်လိုက်ပါတော့။ နောက်ထပ်ပေးလာတဲ့တာဝန်ကို အကောင်းဆုံးလုပ်ဖို့ပဲ အာရုံစိုက်ထားလိုက်ပါ။
၉။ အကျိုးတရားတိုင်းမှာ အကြောင်းတရားနောက်ခံရှိတယ်ဆိုတာ မမေ့ပါနဲ့။
အချို့လုပ်ဖော်ကိုင်ဖက်တွေက နွေးနွေးထွေးထွေး မဆက်ဆံတဲ့အခါ၊ တစ်လတာ ဝန်ထမ်းထူးချွန်ဆုပေးလို့ ကိုယ့်နာမည်ပါမလာတဲ့အခါ ပိုကောင်းတယ်လို့ပဲ ယူဆလိုက်ပါ။ ကိုယ်လုပ်စရာရှိတာ အကောင်းဆုံးလုပ်ပါ။ ပိုကောင်းတဲ့ဆုလာဒ်တွေက သင့်အတွက်စောင့်ကြိုနေပါလိမ့်မယ်။ အလုပ်ကြိုးစားတဲ့လူ စိတ်ရှည်သည်းခံတဲ့လူအတွက် ထိုက်တန်တဲ့ဆုလာဒ်မရဘူးဆိုတာ မရှိပါဘူး။
၁၀။ ပက်သက်ဆက်နွယ်မှုကို ရှင်းရှင်းလင်းလင်းဖြစ်ပါစေ။
ကိုယ့်လုပ်ဖော်ကိုင်ဖက်က ကိုယ့်ကိုဝေဖန်တဲ့အပေါ်မှာ မခံချင်ဖြစ်နေရင် တတ်နိုင်သမျှ သူ သို့်မဟုတ် သူမနဲ့ သိကျွမ်းအောင်လုပ်ပါ။ ဒီလိုဆို သင်တို့နှစ်ယောက်ကြားမှာ မကောင်းတဲ့အမြင်တွေကြာကြာရှိနေတော့မှာ မဟုတ်ပါဘူး။ သူပြောလိုက်တာက သင့်ကိုဘယ်လို မခံချင်ဖြစ်စေတယ်ဆိုတာ ရှင်းပြပါ။ သင်တို့ကြားက ဆက်ဆံရေးကောင်းမွန်ဖို့ လိုအပ်တဲ့ပြောင်းလဲမှုတွေကို အကြံပြုလိုက်ပါ။
၁၁။ သင်မမြင်နိုင်တဲ့အရာတွေကို အခြားလူတွေကမြင်နိုင်တယ်ဆိုတာ လက်ခံပါ။
ကိုယ့်ကိုဝေဖန်တာတွေကို သဘောမတူနိုင်ဘူးဆိုရင်တောင်မှ ကိုယ်မမြင်တဲ့အရာတွေကို သူများတွေက မြင်နိုင်တယ်ဆိုတာ သင်သိထားဖို့လိုပါတယ်။ လူတွေက သင်က ပျင်းတတ်တယ်၊ အပြုသဘောမဆန်ဘူး စသဖြင့်ပြောလာတဲ့အခါ သင်ကတော့ ငါဒီလိုမဟုတ်ပါဘူးလို့ တွေးမိလိမ့်မယ်။ ဒီလိုတွေးမိတာ သဘာဝကျပါတယ်။ ဒါပေမယ့် သင်က သူတို့ပြောသလိုဖြစ်နေနိုင်ပြီး ကိုယ့်ကိုယ်ကို အမှန်ကိုမမြင်နိုင်တာလည်း ဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့တွေက ကိုယ့်ကိုယ်ကို ညှာတွေးတတ်ကြတယ်မလား။ အခြားသူတွေရဲ့ထင်မြင်ချက်တွေက မှန်နိုင်တယ်လို့ နှလုံးသွင်းထားပြီး ဒီဖြစ်နိုင်ခြေကို ကိုယ့်ကိုယ်ကိုဝေဖန်ချိန်မှာ အသုံးပြုပါ။
၁၂။ ကိုယ့်အပေါ်မှာ ဘယ်လိုပဲဝေဖန်ဝေဖန် ပျော်ပျော်နေလိုက်ပါ။ ဝေဖန်မှုတွေက ကိုယ့်ကို ဆွဲချသွားတာမျိုး အဖြစ်မခံပါနဲ့။
ကိုယ့်ကို ဝေဖန်လာတဲ့အပေါ်မှာ အပြုသဘောနဲ့ဝေဖန်တာလား၊ အပျက်သဘောနဲ့ဝေဖန်တာလား ခွဲခြားလိုက်ပါ။ အပြုသဘောနဲ့ဝေဖန်တာဆို ကိုယ့်ကိုယ်ကိုပြုပြင်လိုက်ပါ။ ပျော်ရွှင်စွာ ရှေ့ဆက်ပါ။
အပျက်သဘောနဲ့ဝေဖန်နေကြတယ်ဆိုလည်း လျစ်လျူရှုလိုက်ပါ။ ပျော်ရွှင်စွာ ရှေ့ဆက်ပါ။ သူများစကားနဲ့ သူများပါးစပ်ဖျားမှာတင် လမ်းမဆုံးပဲ ကိုယ့်ဘဝကို ကိုယ်ထိန်းကျောင်းရင်း ရှင်သန်လိုက်ပါ။ အပြုသဘောဝေဖန်ချက်တွေကို လက်ခံရင်း အလုပ်ခွင်မှာ ပျော်ရွှင်စွာ ရှင်သန်နိုင်ကြပါစေ။
နေသစ်
(Myanmar Network)
Discussion about this post