လီဆူဒဏ္ဍာရီ
လီဆူလူမျိုးတို့၏ပုံပြင်အရ ရှေးအခါကကမ္ဘာကြီးကို ရေလွှမ်းခဲ့ကြသည်။ ရေမလွှမ်းမီအချိန်တွင် ကမ္ဘာပေါ်တွင် လူများပြည့်နှက်နေထိုင်ကြသည်ဟုဆို၏။ ထိုစဉ်က လူတို့မှာ ယနေ့လူသားများနှင့်မတူဘဲ အလွန်သန်မာထွားကျိုင်းကြသည်။ အသက်ရှည်ကြသည်ဟုလည်းဆိုပါသည်။ ထိုပုံပြင်အရ ကမ္ဘာကိုရေလွှမ်းမိုးခဲ့ရာတွင် ရွှာကျိနှင့် ရွှာဆာခေါ် မောင်နှမနှစ်ယောက်မှအပ ကျန်လူများအားလုံး သေကျေပျက်စီးခဲ့ကြသည်။ ရွှာကျိနှင့် ရွှာဆာခေါ် မောင်နှမနှစ်ယောက်ကျန်ခဲ့ရာမှ ယနေ့ကမ္ဘာသူကမ္ဘာသားများ ပေါက်ဖွားများပြားခဲ့ကြသည်ဟူ၍ အယူရှိပါသည်။
သူတို့နှစ်ယောက်မှ သားသုံးယောက်မွေးဖွားခဲ့သည်။ သားတစ်ယောက်သည် အသားဖြူပြီး သားတစ်ယောက်မှာ ညိုသောအသားအရေရှိ၍ ကျန်သားတစ်ယောက်မှာ ဝါသောအသားအရေရှိသည်။ လီဆူမျိုးနွယ်စုတို့သည် ထိုအသားဝါမျိုးနွယ်မှ ဆင်းသက်ပေါက်ဖွားလာခဲ့ကြသည်ဟုဆိုပါသည်။ လီဆူလူမျိုးတို့သည် ဖခင်အုပ်ချုပ်သော ဖမျိုးယူစနစ်ကို အခြေခံသောလူမျိုးများဖြစ်သည်။
နေထိုင်ရာဒေသ
လီဆူလူမျိုးတို့၏မူရင်းဒေသသည် တရုတ်နိုင်ငံ မူကူးဒီဒေသဖြစ်ပါသည်။ မူကူးဒီဒေသမှတစ်ဆင့် ရေကြည်ရာမြက်နုရာဒေသများသို့ ပြောင်းရွှေ့နေထိုင်လာရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးသို့ရောက်ရှိသွားကြသကဲ့သို့ မြန်မာနိုင်ငံသို့လည်း အလုံးအရင်းဖြင့်ဝင်ရောက်နေထိုင်ခဲ့ကြကြောင်းသိရှိရပါသည်။ လီဆူလူမျိုးများကို အချို့ဒေသများတွင် ယောယင်ဟု ခေါ်၍ အချို့ဒေသများတွင် လီရှော(ယခင်အခေါ်အဝေါ်)ဟု ခေါ်ဆိုကြသည်။ အေဒီ ၈၅၀ ခန့်တွင် မြန်မာနိုင်ငံ ချီဗွေမြို့နယ်၊ ဗြားမာဒေသတွင် ပထမဦးစွာနေထိုင်ခဲ့ကြသည်။ အချို့တို့သည် သံလွင်မြစ်ကြောင်းအတိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ တစ်စတစ်စပျံ့နှံ့သွားခဲ့ကြသည်။
လီဆူလူမျိုးတို့သည် မိမိတို့လူမျိုးများ၏ မူလနေထိုင်ရာ ဒေသ ကြီးမားကျယ်ပြန့်သော (မြစ်ကြီး) တစ်ခု၏ အဖျားပိုင်းမှ ဖြစ်သည်၊ မြင့်မားသော အထက်ပိုင်း အရပ်ဒေသဆီမှ ဆင်းသက်လာ ကြသော လူမျိုးများဖြစ်သည်ဟု လက်ခံယုံကြည်ထားကြပေသည်။ တစ်နေရာတည်းတွင် အတည်တကျ နေထိုင်တတ်ခြင်း မရှိပဲ လည့်ပတ်သွားလာရင်း အဆင်ပြေရာတွင် နေထိုင်ကြလေ့ရှိသည်။ လီဆူလူမျိုးများကို အများအပြား တွေ့မြင်နိုင်ကြသည့် နေရာတစ်ချို့ကား ၎င်းတို့ အခြေချနေထိုင်သည့် ပူတာအိုနယ် အချိန်းခမြစ်ဝှမ်းဒေသပင် ဖြစ်သည်။ တရုတ်နိုင်ငံ နှင့် မြန်မာတွင်သာမက ထိုင်းနိုင်ငံ နှင့် အိန္ဒိယအရှေ့မြောက်ပိုင်းတွင်လည်း နေထိုင်ကြသည်။ တစ်ကမ္ဘာလုံးတွင် လီဆူမျိုးနွယ် လူဦးရေ စုစုပေါင်း ၁.၂သန်း ခန့်ရှိသည်။
လီဆူတို့သည် တင်းတိမ်ရောင့်ရဲသောလူမျိုးများဖြစ်သည်။ လုံ့လ၊ ဝီရိယရှိသည်။ ရိုးသားဖြောင့်မတ်သည်။ ဧည့်ဝတ်ကျေပွန်မှုရှိကြသည်။ တောတောင်ထဲတွင် တောင်ယာလုပ်ငန်း၊ အမဲလိုက်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်၍ လောဘသိပ်မကြီးပေ။ သားရဲတိရစ္ဆာန်များနှင့် တွေ့ကြုံမှုလည်းရှိကြသဖြင့် အသက်အန္တရာယ်အတွက် လုံ့လ၊ ဝီရိယရှိကြသည်။
လူမျိုးစု ၊ ဘာသာစကား ၊ ကိုးကွယ်မှု
လီဆူလူမျိုးသည် တိဗက်မြန်မာအနွယ်ဝင် လိုလိုမူဆို အုပ်စုတွင် ပါဝင်၏။ လီဆူလူမျိုးတို့တွင် အဓိကအားဖြင့် အနွယ်(၃)မျိုးရှိသည်ယင်းတို့မှာ လီဆူမည်း၊ လီဆူဖြူနှင့် ပန်းလီဆူ ဟူ၍ပင်ဖြစ်သည်။ လီဆူအနွယ်တို့သည် ၎င်းတို့၏ မူလနေရင်းဌာနေဖြစ်သော သံလွင်မြစ်ဝှမ်း အထက်ပိုင်းဒေသ၌ နေထိုင်လျှက်ရှိနေကြပြီး၊ တရုတ်လူမျိုးတို့၏ ယဉ်ကျေးမှု လွှမ်းမိုးနေခြင်းကို ခံနေရပေသည်။ လီဆူအနွယ် သုံးမျိုးတွင် ဆွေမျိုးပေါင်း (၁၄) စုခန့်ရှိသည်။ ယင်းတို့မှာ ဂျာခေါ်ဆွေမျိုးနှင့် ဖာ့ခေါ်ယောက်ျားမျိုးဟု အဓိပ္ပာယ်ရသော ဆွေမျိုးစုများ ဖြစ်ကြလေသည်။
ဘာသာစကားတွင် ၁။ မူရင်းလီဆူစကား ၂။ လီဆူနောစကား ၃။ လီဆူလေမယ်စကား ဟူ၍ သုံးမျိုးရှိသည်။ သို့သော် မူရင်းလီဆူစကားကိုသာ သုံးစွဲမှုများပြားကြောင်းတွေ့ရှိရသည်။ ယုံကြည်ကိုးကွယ်မှု သုံးမျိုးတွေ့ရှိရသည်။
၁။ နတ်ကိုးကွယ်ခြင်း ၊ ၂။ ခရစ်ယာန်ဘာသာဝင်များဖြစ်လာခြင်း ၊ ၃။ ဗုဒ္ဓဘာသာကိုးကွယ်ခြင်း
ဆင်ယင်ထုံးဖွဲ့မှု
လီဆူတို့၏ရိုးရာဝတ်စုံသည် အခြေခံအားဖြင့် ၆ မျိုးရှိသည်။
၁။ ပူတာအိုနယ်ဝတ်စုံ
၂။ မြစ်ကြီးနားနယ်ဝတ်စုံ
၃။ ဗန်းမော်နယ်ဝတ်စုံ
၄။ မိုးကုတ်နယ်ဝတ်စုံ
၅။ ရှမ်းပြည်နယ်တောင်ပိုင်းဝတ်စုံ
၆။ ရှမ်းပြည်နယ်မြောက်ပိုင်းဝတ်စုံတို့ဖြစ်သည်။
လီဆူလူမျိုး အမျိုးသားများသည် ဘောင်းဘီအနက်ကို ဝတ်ဆင်၍ တိုက်ပုံအင်္ကျီခပ်ပွပွ ချုပ်လုပ်ထားပြီးလျှင် ငွေကြယ်သီး သို့မဟုတ် ကြွေကြယ်သီးများကို ရှေ့နောက်လှသလို ဆင်ယင်စီထားကာ ဝတ် ဆင်ကြသည်။ အမျိုးသမီးများမှာ အောက်ပိုင်းအဝတ်များသည် ထဘီလည်းမဟုတ်၊ ဂါဝန်လည်းမဟုတ်သည့် ပုံစံတစ်မျိုးချုပ်ကာ အထဲဝတ်စုံ ၊ အပြင်ဝတ်စုံဟူ၍ နှစ်မျိုးဝတ်ဆင်ကြ၏။ အပေါ်ပိုင်းဝတ်စုံအင်္ကျီမှာ လောင်းကွတ်ပုံဏ္ဌာန်ရင်ဖုံးအင်္ကျီပုံမျိုး ချုပ်လုပ်ပြီးလျှင် ယောက်ျား အင်္ကျီနည်းအတိုင်း ငွေကြယ် သီး သို့မဟုတ် ကြွေကြယ်သီးများဖြင့် စိတ်တိုင်းကျ လှသလိုဝတ်ဆင်ထား၏။
ပူတာအိုမှ လီဆူတို့သည် မလိခမြစ်ဖျားနှင့် အရှေ့ဘက် ကမ်းမိုင် ၂ဝ ပတ်လည်အတွင်းရှိ ကျေးရွာများတွင် အများအပြား နေထိုင် လေ့ရှိကြပြီးလျှင် ဆင်ယင်ထုံးဖွဲ့ပုံတွင် အခြားဒေသရှိလီဆူများနှင့် မတူတစ်မူထူးခြားလျက်ရှိသည်ကို တွေ့ရပေသည်။ ဒေသအလိုက် လီဆူလေးမျိုးရှိသည့်အနက် ပူတာအိုနယ်မှ လီဆူတစ်မျိုးတည်းသာ ဂါဝန်များဝတ်ကြသည်။ လီဆူတို့နေထိုင်သော အိမ်များမှာ တဲတန်းလျားဆန်ဆန်ဆောက် ထား၍ အိမ်ခန်းနှစ်ခုရှိပြီးလျှင် အလယ်တွင် မီးဖိုကိုထားရှိသည်။ လီဆူအချို့တို့သည် လောခေါင်နှင့် စိန်းလုံတောင်တန်းတွင်လည်းနေထိုင်ကြပေသည်။
ထိမ်းမြားခြင်း နှင့် အလေ့အထ
လီဆူလူမျိုးတို့သည် လက်ထပ်မင်္ဂလာပွဲကို သုံးရက်သုံးညကျင်းပကြသည်။ သတို့သားအိမ်တွင်သာ လက်ထပ်မင်္ဂလာပွဲကျင်းပရသည်။ ကလေးမွေးဖွားရာတွင်လည်း သားယောက်ျားလေးဖြစ်ပါက ၃ ရက်ပြည့်လျှင် အမည်ပေးရသည်။ မိန်းကလေးဖြစ်ပါက ၂ ရက်ပြည့်လျှင်အမည်ပေးရသည်။ ကင်ပွန်းတပ်အမည်ပေးခြင်းကို များသောအားဖြင့် အဘိုး၊ အဘွားတို့ကပေးသောအမည်ကို လက်ခံရသည်။
မွေးဖွားပြီးသောကလေးသည် ကျန်းမာရေးမကောင်းလျှင် မွေးစားအဖေလိုက်ရှာရသည်။ လောလောဆယ်မွေးစားအဖေရှာမရပါက မွေးဖွားပြီးနောက်တစ်ရက်နံနက်တွင် အိမ်သို့ဦးဆုံးရောက်ရှိလာသူကို မွေးစားအဖေဟုသတ်မှတ်ပြီး အမည်ပေးခိုင်းသည်။ ထိုကလေးသည် ကြီးပြင်းလာသောအခါ ထိုမွေးစားအဖေအား တစ်နှစ်တစ်ကြိမ် ဆန်ဖြင့်သွားရောက်ကန်တော့ရသည်။ မွေးစားအဖေက ပြန်လည်ပြီး အဝတ်အစားများပေးကာ ဆုတောင်းမေတ္တာပို့သရသည်။
အမွေခွဲဝေပုံ
ဖမျိုးယူစနစ်ကိုကျင့်သုံးသဖြင့် အမွေခွဲဝေရာတွင် သမီးများကို အမွေခွဲဝေပေးရိုးထုံးစံမရှိပါ။ သားများထဲမှ အငယ်ဆုံးသားကိုသာအမွေခွဲဝေပေးလေ့ရှိသည်။ သားကြီး၊ သမီးကြီးများထဲမှ အိမ်ထောင်ပြုပြီး အိမ်ခွဲထွက်သောအခါ ရသင့်သောအခွင့်အရေးခံစားမှုများကို ပေးလိုက်ပြီဖြစ်၍ နောက်ထပ်မရရှိတော့ပါ။ သားကြီး၊ သမီးကြီးများကလည်း မိမိတို့ရိုးရာဓလေ့ထုံးစံများအရ နားလည်မှုရှိကြသည်။
စီးပွားရေးလုပ်ကိုင်မှုများ
လီဆူတို့သည် များသောအားဖြင့် သစ်လုပ်ငန်း တောင်ယာလုပ် ငန်းနှင့် ဘဲ၊ကြက်၊ ဝက်မွေးမြူခြင်းလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ရှမ်းပြည်မြောက်ပိုင်း၌အစိုးရသစ်တောကြိုးဝိုင်းမရှိသောနေရာများတွင် လီဆူများသည် တောင်ပေါ်မှ သစ်များကို ခုတ်လှဲ၍ ပျဉ်များ၊ တိုင်များခွဲစိတ်ကာ နီးရာဈေးမြို့များသို့ ယူဆောင်ရောင်းချကြသဖြင့် ငွေဝင်လမ်း ကောင်းကြသည်။ သို့သော် ယခုအခါ မြို့ကြီးများရှိ သစ်စက်များမှထွက် သောသစ်များကိုသာအသုံးများလာသောကြောင့် ယင်းတို့၏ သစ်လုပ်ငန်းမှာအနည်းငယ်ဝင်ငွေလျော့သွားလေသည်။
တောင်ယာလုပ်ငန်းမှာ ယင်း တို့အဖို့ ဝင်ငွေအများဆုံးရသော လုပ်ငန်းပင်ဖြစ်သည်။ အကြီးဆုံး တောင်ယာလုပ်ငန်းမှာသစ်သော့ သီးခြံစိုက်ပျိုးခြင်း၊ မုန်ညင်း၊ အာလူး၊ မုန်လာဥ၊တောင်ဝှေးသီးနှင့် အခြားဟင်းသီးဟင်းရွက် အမျိုးမျိုး စိုက်ပျိုးခြင်းများဖြစ်သည်။ ယင်းတို့ကို ဈေးမြို့များသို့ ပို့ဆောင်ရောင်းချ၍ တစ်ဖန်စားရန် ဆန်အိတ်များ ဝယ်ယူသွားကြသည်။ဘဲ၊ ကြက်၊ဝက်များကိုသာမက မြည်းနှင့် လားများကိုလည်း သယ်ယိူပို့ဆောင်ရေးအတွက် မွေးမြူ ထားကြလေသည်။ လီဆူများသည် အလွန် ရိုးသားပြီးလျှင်အေးချမ်း သာယာစွာနေတတ်သော တောင်ပေါ်သားများဖြစ်ကြသည်။
မသီတာမြင့် (Content Translation Department)
Myanmar Wikipedia