ရေးသားသူ – Academy Page
အရှေ့တောင်အာရှဒေသရှိလွတ်လပ်သည့် ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည် ။ ဧရိယာစတုရန်းမိုင် ၉၁၈၇၅ – ရှိပြီး တောတောင်ထူထပ်ကာ မဲခေါင်မြစ်သည် လာအိုနိုင်ငံကိုဖြတ်ကျော်စီးဆင်းသွားသည် ။ အနောက်မြောက်ဘက်တွင် မြန်မာ ၊ တရုတ် ၊ အရှေ့ဘက်တွင် ဗီယက်နမ် ၊ အနောက်တောင်ဘက်တွင် ကမ္ဘောဒီးယား နှင့် အနောက်ဘက်တွင် ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည်။
လူဦးရေ ၆.၈ သန်းခန့် ရှိပြီး လူမျိုးစုပေါင်း ၁၀၀ – ကျော်ရှိကာ လာအိုဘာသာစကားမှာ ရုံးသုံးဘာသာစကားဖြစ်သည် ။ လာအိုနိုင်ငံသည်ဗုဒွဘာသာကိုကိုးကွယ်သူ အများစုရှိသည့်ဗုဒွဘာသာနိုင်ငံဖြစ်သည် ။ စုစုပေါင်း လူဦးရေ၏ ၆၇%ခန့်သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး လာအိုရိုးရာဘာသာကိုးကွယ်သူ ၃၀% ရှိကာ ခရစ်ယာန်ကိုးကွယ်သူလည်း ၁.၅% ခန့်ရှိသည်။ မြို့တော်မှာ “ဗီယမ်ကျင်း” မြို့ဖြစ်ပြီး နိုင်ငံ၏ Official name မှာ Lao People’s Democratic Republic ဖြစ်သည် ။
သမိုင်း
ဘီစီ ၁၀၀၀ – အချိန်မှစ၍ လာအိုနိုင်ငံ တောင်တန်းဒေသများတွင် လူများနေထိုင်ခဲ့ကြ သည်ဟု သမိုင်းသုတေသီများမှဆိုသည် ။ အေဒီ ၁ – ရာစုအချိန်တွင် အရှေ့တောင် အာရှဒေသများ၌ ဘုရင့်နိုင်ငံငယ်များ ပေါ်ထွန်းလာခဲ့ရာ ထိုအထဲမှလာအိုနိုင်ငံ၏ ဘုရင့်နိုင်ငံငယ်မှာ Zhenla ဖြစ်သည် ။
အေဒီ ၇ – ရာစုတွင်လာအိုများသည်မဲခေါင်မြစ် အလယ်ပိုင်းဒေသသို့တဖြည်းဖြည်းရောက်ရှိ လာပြီးထိုမှတဆင့် တောင်ဖက်သို့တဖြည်းဖြည်းရွေ့လျှားလာခဲ့ကြသည် ။ အေဒီ ၁၀ – ရာစုတွင်ယနေ့လာအိုနိုင်ငံ ဒေသ အထိကျယ်ပြန့်လာခဲ့သည် ။ သို့သော်အေဒီ ၁၂ – ရာစုတွင် ဤဒေသသည် ခမာအင်ပါယာအောက်သို့၎င်း ၊ ၁၃ – ရာစုအချိန်တွင် မွန်ဂိုအင်ပါယာအောက်သို့၎င်းကျရောက်ခဲ့သည် ။
အေဒီ ၁၄ -ရာစုအလယ်ခန့်တွင်လာအိုဘုရင် Fa Ngum မှ Lan Xang(လင်ဇင်း) ဘုရင့်နိုင်ငံ ကိုပြန်လည်ထူထောင်ခဲ့ကြသည် ။ အေဒီ ၁၅ -ရာစုတွင် Lan Xang အင်ပါယာချိနဲ့လာပြီး တချို့ဒေသမှာ ဗီယက်နမ် ဘုရင် လက်အောက်သို့၎င်း တချို့ဒေသမှာ ထိုင်းဘုရင်လက်အောက်သို့၎င်းကျရောက်ခဲ့ပြန်သည် ။ အေဒီ ၁၇- ရာစုတွင် လာအိုဘုရင် Surinyavongsa မှစစ်အောင်နိုင်ပြီး လာအိုဘုရင့်နိုင်ငံ ကိုပြန်လည် ထူထောင်ခဲ့သည် ။
ဘုရင် Surinyavongsa သေဆုံးပြီးနောက် တဖန် နိုင်ငံ – ၃ ပိုင်းကွဲထွက်သွားပြီး တချို့ဒေသသည် ထိုင်းဘုရင်လက်အောက်သို့ကျရောက်သွားခဲ့သည် ။ အေဒီ ၁၈၉၃ – ခုနှစ်တွင်ပြင်သစ်တို့သည်ထိုင်းတို့ထံမှလာအိုနယ်မြေများကိုရယူပြီး လာအိုဘုရင်ကို အုပ်ချုပ်ရေးအတွက် ခန့်အပ်ကာပြင်သစ်- အင်ဒိုချိုင်းနားဒေသထဲသို့ထည့်သွင်းခဲ့သည် ။
ဒုတိယကမ ္ဘာစစ်ပြီးချိန် ၁၉၄၅ – ခုနှစ်တွင် လာအိုဒေသ၌ လာအိုလွတ်လပ်ရေး လှုပ်ရှားမှုအဖွဲ့များ ပေါ်ပေါက်ခဲ့သည် ။ ပထမ အင်ဒိုချိုင်းနားကျွန်းဆွယ်စစ်ပွဲအတွင်း ပြင်သစ်တပ်များရှုံးနိုမ့်မှု နှင့်အတူ ဗီယက်နမ်တပ်များ လာအိုနိုင်ငံထဲသို့ ဝင်ရောက်လာခဲ့သည် ။
၁၉၅၃ – ခုနှစ်တွင်ပြင်သစ်တို့သည် ဖွဲ့စည်းပုံအခြေခံရေးဆွဲကာ လာအိုဘုရင့်နိုင်ငံကို ထူထောင် ပေးခဲ့သည် ။ ကွန်မြူနစ်လှုပ်ရှားမှု နှင့်အတူ ၁၉၅၉ မှ ၁၉၇၅ – ခုနှစ် အတွင်း ဖြစ်ပွားခဲ့သည့်ဗီယက်နမ်စစ်ပွဲအတွင်း လာအိုနိုင်ငံ ပါဝင်ပါတ်သက်ခဲ့သည် ။
၁၉၇၅ – ခုနှစ်တွင်ကွန်မြူနစ်အဖွဲ့မှစစ်ပွဲများ အောင်နိုင်ခဲ့ပြီး နောက် ရာစုနှစ် ၆ – ခုခန့်အုပ်ချုပ်ခဲ့သည့် ဘုရင်စနစ်ပျောက်ကွယ်ခဲ့ရပြီး လာအိုနိုင်ငံသည် Lao People’s Democratic Republic နိုင်ငံဖြစ်လာခဲ့သည် ။ လာအိုနိုင်ငံသည် ၁၉၅၅ – အချိန်မှစ၍ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ၁၉၉၇ – ခုနှစ်တွင် အရှေ့ တောင်အာရှအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်လာခဲ့သည် ။
လာအိုနိုင်ငံသည် အရှေ့တောင်အာရှတွင် တစ်ခုတည်းသော ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး လူဦးရေသိပ်သည်းမှုနည်းပါးသောနိုင်ငံဖြစ်သည်။ ပျမ်းမျှအားဖြင့် ၁စတုရန်းမိုင်တွင် လူဦးရေ ၇၀ခန့်သာ နေထိုင်သည်။
တစ်နိုင်ငံလုံးနီးပါးကို တောင်တန်းများနှင့် တောအုပ်များက ဖုံးလွှမ်းထားသည်။ နိုင်ငံဧရိယာ၏ ၄၆% မှာ တောအုပ်များဖြစ်သည်။ အမြင့်ဆုံးတောင်မှာ Phou Bia တောင်ဖြစ်ပြီး အမြင့်ပေ ၉၂၄၉ပေ မြင့်သည်။
မေလမှ နိုဝင်ဘာလအထိ မိုးသည်းထန်စွာ ရွာသွန်းပြီး ဒီဇင်ဘာမှ ဧပြီလအထိ အလွန် ခြောက်သွေ့သည်။ ဒေသခံတို့အလိုအရ နွေ၊ မိုး၊ ဆောင်း ရာသီ၃မျိုးရှိသည်။ မြို့တော်မှာ အကြီးဆုံးမြို့ဖြစ်သော ဗီယင်ကျန်းဖြစ်ပြီး အခြားထင်ရှားသော မြို့ကြီးများမှာ လွမ်ပရာဘွမ် (Luang Prabang)၊ ဆဗ္ဗန္နခက် (Savannakhet) နှင့် ပက်ဆီ (Pakse) တို့ဖြစ်ကြသည်။
လာအိုနိုင်ငံကို ပထဝီဝင်အနေအထားအရ မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း ဟူ၍ သုံးပိုင်းခွဲခြား နိုင်သည်။ လာအိုနိုင်ငံသည် တောကြီးမြွေဟောက် ၊ အင်ဒိုချိုင်းနားကျား ၊ အာရှကျွဲကြီးမျိုးနှင့် အာရှဆင်တို့၏ အဓိက ကျက်စားရာ ဖြစ်သည်။ တိရစ္ဆာန် မျိုးစိတ်အသစ်ပေါင်းများစွာကိုလည်း ပြီးခဲ့သော နှစ်များအတွင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။
လာအိုနိုင်ငံသည် ကွန်မြူနစ် တစ်ပါတီစနစ် ကျင့်သုံးသော ဆိုရှယ်လစ်သမ္မတနိုင်ငံ ဖြစ်သည်။ တစ်ခုတည်းသော ပါတီမှာ လာအိုပြည်သူ့တော်လှန်ရေးပါတီ Lao People’s Revolutionary Party (LPRP) ဖြစ်ပြီး နိုင်ငံ့အကြီးအကဲမှာ သမ္မတ ဖြစ်ပြီး LPRP ခေါင်းဆောင်ဖြစ်သူ ချွမ်မလီဆာယာဆုန် (Bounnhang Vorachith) ဖြစ်သည်။ အစိုးရမူဝါဒများကို ပါတီမှချမှတ်ပေးပြီး ဗဟိုဦးစီးကော်မတီအဖွဲ့တွင် အဖွဲ့ဝင် (၄၉)ဦး ရှိသည်။ အရေးပါသော အစိုးရအဖွဲ့ ဆုံးဖြတ်ချက်များကို ဝန်ကြီးများကောင်စီ (Council of Ministers) ကဆုံးဖြတ်သည်။ အစိုးရအဖွဲ့ကိုဦးဆောင်သူ ဝန်ကြီးချုပ်မှာ Thongloun Sisoulith ဖြစ်သည်။
ပြည်သူအများစု၏ အသက်မွေးဝမ်းကျောင်းမှာ လယ်ယာလုပ်ငန်းဖြစ်ပြီး အများစုမှာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းတွင် ပါဝင်နေကြသည်။ ပုံမှန်နှစ်များ တွင် လာအိုနိုင်ငံ သည် ဆန်ဖူလုံသည်။ ပုဂ္ဂလိက လယ်ယာပိုင်ဆိုင်မှုနှင့် ဈေးကွက်ဆွဲဆောင်မှုများ အောင်မြင် နေကြောင်း ထင်ဟပ်နေပေသည်။ အမျိုးမျိုးသော ရိက္ခာသီးနှံများအပြင် ကြံ၊ ဆေးရွက်ကြီး၊ ကော်ဖီကဲ့သို့သော ရောင်းချရန် စိုက်ပျိုးသည့် သီးနှံများကိုလည်း စိုက်ပျိုးကြသည်။
လာအို၏ ကျယ်ပြောလှသော သစ်တောများမှ ကျွန်းနှင့်အခြားသစ်များ၊ ဘင်ဇိုအင်သစ်စေး၊ ဟင်းခတ်အမွှေးအကြိုင်နှင့် ချိတ်များ ထွက်ရှိသည်။ သစ်တောပြုန်းတီးမှုမှာ လောင်စာအတွက် ထင်းခုတ်ခြင်းကြောင့် ဖြစ်သည်။ သစ်တောပြုန်း၍ တောင်စောင်းများတွင် တိုက်စားမှုများဖြစ်ပေါ်ခြင်း၊ မြစ်ချောင်းများတွင် အနယ်ကျခြင်းများ ဖြစ်ပေါ်စေပြီး ရေကြီးမိုးခေါင်ခြင်းများကို ပိုမိုဆိုးရွားစေသည်။ ငါးဖမ်းခြင်းမှာအနိမ့်ပိုင်းနေသူများအတွက်အရေးပါလှသည်။ငါးမွေးမြူမှုများတိုးတက်လာသည်။တိရိစ္ဆာန်မွေးမြူရေးမှာလည်း၁၉၈၀ပြည့်နှစ်ကစ၍အရေးပါလာသည်။
အခြားစီးပွားရေးလုပ်ငန်းများမှာ ကြေးနီ ၊ ရွှေ ၊ သံဖြူ တူးဖော်ရေးလုပ်ငန်းများ ၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း ၊ သစ်ထုတ်လုပ်ရေး ၊ သတ္တုတူးဖော်ရေး ၊ ဘိလပ်မြေ ၊ ရာဘာ ၊ အဝတ်အထည် နှင့် ခရီးသွားလာရေးဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည်။
မဲခေါင်မြစ်သည် လာအိုနိုင်ငံ၏ အသက်သွေးကြောဖြစ်သည်။ ကုန်သင်္ဘော နှင့် လူစီးသင်္ဘောများအဓိကသွားရာလမ်းကြောင်း ၊ ရေအားလျှပ်စစ်ထုတ်လုပ်ရန် ဆည်များအတွက် အဓိကရင်းမြစ် ၊ သီးနှံများစိုက်ပျိုးရန်အတွက် အဓိကရေထောက်ပံ့သည့် အရာဖြစ်သလို ဒေသခံတို့အတွက် ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ရာနေရာလည်းဖြစ်သည်။
လာအိုနိုင်ငံတွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားရာ နေရာနှစ်ခုရှိသည်။ မြောက်ပိုင်းရှိ Luang Prabang မြို့နှင့် Vat Phou ဘုရားကျောင်းတို့ဖြစ်သည်။ Luang Prabang မြို့ သည် ၁၉ ၊ ၂၀ ရာစု ပြင်သစ်ကိုလိုနီလက်ရာ အဆောက်အအုံပေါင်းများစွာရှိပြီး Vat Phou ဘုရားကျောင်းသည် ၅ရာစုကတည်းက တည်ဆောက်ခဲ့သော ခမာတို့၏လက်ရာ ဟိန္ဒူဘုရားကျောင်းဖြစ်သည်။
လာအိုနိုင်ငံ၏ လူသိများသည့် ဗုဒ္ဓဘာသာအဆောက်အအုံမှာ ပုထိုးတော်ကြီးဟုခေါ်ကြသည့် Pha That Luang ဖြစ်သည်။ ဖာသက်လူယန်သည် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင်တည်ရှိကာ လာအို နိုင်ငံ၏ အထင်ကရ အဆောက်အအုံတစ်ခုဖြစ်သည်။ ပုထိုးတော်ကြီး၏ မျက်နှာလေးဘက်တွင် လှေကားဆင့်များပြုလုပ်ထားကာ လှေကားတစ်ဆင့်စီကို ဗုဒ္ဓ ဘုရားရှင် ပွင့်ထွန်းလာမှုအဖြစ် ကိုယ်စားပြုတည်ဆောက်ခဲ့သည်။
ပုထိုးတော်၏ အောက်ဆုံးအဆင့်သည် ရုပဘုံများကို ရည်ညွှန်းလျက် အမြင့်ဆုံးအဆင့်သည် အရူပဘုံများကိုရည်ညွှန်းသည်။ ဖာသက်လူယန်ကို ၁၆ ရာစုတွင် ယင်းနေရာ၌ အစောပိုင်းက တည်ရှိခဲ့သည့် ခမာအဆောက်အအုံပျက်များပေါ်တွင်တည် ဆောက်ခဲ့သည်။ လာအိုနိုင်ငံသို့ ထိုင်းတို့ကျူးကျော်ဝင်ရောက်ခဲ့စဉ် ဖာသက်လူယန်သည် ၁၈၂၈ ခုနှစ်တွင် ဖျက်ဆီးခြင်းခံခဲ့ရ ပြီး ၁၉၃၁ ခုနှစ်တွင် ပြင်သစ်တို့က ပြန်လည်တည်ဆောက်ခဲ့သည်။
နောက်ထပ် နာမည်ကျော် ဗုဒ္ဓဘာသာ အဆောက်အဦးမှာ Luang Phrabang မြို့ရှိ Wat Xieng Thong ဘုန်းကြီးကျောင်းဖြစ်သည်။ ၁၆ရာစုလက်ရာ ထိုဘုန်းကြီးကျောင်းတွင် အံမခန်းအနုပညာလက်ရာများကို မြင်တွေ့နိုင်သည်။ မဲခေါင်မြစ်ကမ်းပေါ်ရှိ Pak Ou ဗုဒ္ဓဘာသာလိုဏ်ဂူတွင်လည်း ရာပေါင်းများစွာသော ဗုဒ္ဓဆင်းတုတော်များ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တည်ရှိနေသည်။
Plain of Jars ဆိုသည်မှာ ယနေ့လာအိုနိင်ငံမြောက်ဖက်ဒေသတွင့်တွေ့ရသည့် ရှေးခေတ်သချိုင်းမြေမှ အရိုးပြာထည့်သည့်အိုးများဟုဆိုသည် ။ သမိုင်းပညာရှင်များမှ လွန်ခဲ့သည့်ဘီစီ ၁၀၀၀ – ခန့်အချိန်က ယူဆကြပြီး Lao Thoeng လူမျိုးများ၏ သမိုင်းမှတ်တမ်းတခု ဟုဆိုသည် ။
နိုင်ငံတော် အထိမ်းအမှတ်တိရစ္ဆာန်မှာ အိန္ဒိယဆင်ဖြစ်ပြီး အထိမ်းအမှတ်ပန်းမှာ တရုတ်စကားအနီဖြစ်သည်။ လာအိုအလံတွင် အနီရောင် ၊ အပြာရောင်အစင်းများနှင့် အဖြူရောင်စက်ဝိုင်းတစ်ခုပါဝင်သည်။ အနီရောင်မှာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရာတွင် ကျခဲ့သောသွေးများကို ဆိုလိုပြီး အပြာရောင်မှာ ကြွယ်ဝမှု ဖြစ်သည်။ အဖြူရောင်စက်ဝိုင်းမှာ မဲခေါင်မြစ်ပေါ်တွင်သာနေတဲ့လပြည့်ည ကို ကိုယ်စားပြုသလို ကွန်မြူနစ်အစိုးရ၏ စည်းလုံးမှုကိုလည်း ကိုယ်စားပြုသည်။
ပညာရေးအားနည်းသောနိုင်ငံဖြစ်ပြီး စာတတ်မြောက်မှုနှုန်းမှာ ၇၅%ခန့်သာ ရှိသည်။ NUOL ဟုခေါ်သော လာအိုအမျိုးသားတက္ကသိုလ်ကို ၁၉၉၆ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး နှစ်စဉ်ကျောင်းသားပေါင်း ၂သောင်းကျော် တက်ရောက်လျှက်ရှိသည်။ ၂၀၁၇ခုနှစ် ကမ္ဘာ့ဘဏ်စာရင်းအရ လာအိုနိုင်ငံသားတစ်ဦးစီ၏ နှစ်စဉ်ပျမ်းမျှဝင်ငွေမှာ အမေရိကန်ဒေါ်လာ 7,023 ဖြစ်ပြီး ကမ္ဘာ့အဆင့် ၁၂၁တွင်ရပ်တည်နေသည်။
Discussion about this post