တရုတ်ပြည်တောင်ဘက် Jianxi ပြည်နယ်က လယ်သမားကြီးတစ်ယောက်ဟာ သူ့ရဲ့အိမ်ကို လမ်းဖောက်လုပ်ရေးလုပ်ငန်းနေရာနဲ့ ဝေးရာ ၄၀မီတာအကွာထိရောက်အောင် သစ်သားချောင်းတွေအမြောက်အများအသုံးပြုပြီး ရွှေ့ဖို့ စီစဉ်ခဲ့ပါတယ်။
Gao Yiping လို့အမည်ရတဲ့လယ်သမားကြီးဟာ သုံးထပ်တိုက်ကြီးတစ်ခုကို ၂၀၁၄ခုနှစ်ကမှ သူနေတဲ့နေရာဖြစ်တဲ့ Jianxi ပြည်နယ် Zhouxi မြို့မှာ ဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ သူနဲ့သူ့မိသားစုနေထိုင်ကြပြီး တစ်နှစ်ကျော်လောက်အကြာမှာတော့ နယ်မြေတာဝန်ခံတွေကသူ့ကို အကြောင်းကြားလာပါတယ်။ ဒီအိမ်ဟာ အသစ်ခင်းတော့မယ့်လမ်းမကြီးရဲ့အလယ်မှာတည်ရှိနေတာကြောင့် ဖျက်ဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းပါ။ အဲဒီအတွက် လျော်ကြေးထိုက်သင့်သလောက်ပေးပါမယ်လို့အာဏာပိုင်တွေကပြောလာပါတယ်။
သို့ပေမယ့် Gao ဟာ ဒီအိမ်ကြီးကို ယွမ် ၁သန်းခန့်အကုန်အကျခံကာ နှစ်ပေါင်းများစွာ ကြိုးစားဆောက်ခဲ့ရတာ ဖြစ်တာကြောင့် မဖျက်ချင်ခဲ့ပါဘူး။ သူအရမ်းချစ်တဲ့ဒီအိမ်ကြီး မကြာခင်ဖျက်ဆီးခံရတော့မှာကို တွေးမိပြီး Gao တစ်ယောက် ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့နှစ်ကစပြီး သူဟာ အကောင်းဆုံးဖြစ်မယ့် နည်းလမ်းတစ်ခုကိုရှာဖွေခဲ့ပါတော့တယ်။ နောက်တော့ သူ့ရဲ့အခက်အခဲကိုသိတဲ့ မိတ်ဆွေတစ်ယောက်ဆီကအကြံတစ်ခုကိုရခဲ့ပါတယ်။
သူ့မိတ်ဆွေဟာ သူတို့နယ်မှာရှိတဲ့ ယန်ချန်းဆိုတဲ့ ကုမ္ပဏီတစ်ခုကို ဆက်သွယ်ပေးခဲ့ပါတယ်။ ဒီကုမ္ပဏီကတော့ အိမ်ရွှေ့ခြင်းလုပ်ငန်းကို အဓိကလုပ်ကိုင်တာပဲဖြစ်ပါတယ်။ ဒီလိုမှမရွှေ့ရင်လည်း တစ်ခြားတစ်နေရာမှာ အိမ်အသစ်ထပ်ဆောက်ဖို့ကလွဲပြီး သူ့မှာရွေးချယ်စရာမရှိတော့တာကြောင့် မျော်လင့်ချက်တစ်ခုအနေနဲ့ ဆက်သွယ်ခဲ့ပါတော့တယ်။ အစိုးရဆီက လျော်ကြေးအနေနဲ့ ယွမ် ၄သိန်းခန့်ရနိုင်တယ်လို့ သူခန့်မှန်းထားပြီး ရသမျှလျော်ကြေးငွေတွေအားလုံးကို အိမ်ရွှေ့ပေးတဲ့ ကုမ္ပဏီကိုပဲပေးလိုက်ဖို့သူဆုံးဖြတ်ခဲ့ပါတယ်။ ဒီနည်းနဲ့ သူအိမ်ဖျက်ဆီးခံရခြင်းကလဲလွတ်ပြီး အိမ်အသစ်လဲထပ်ဆောက်ဖို့မလိုတော့ဘူးလေ။
ကုမ္ပဏီက လာရောက်စစ်ဆေးတဲ့အခါမှာတော့ ကံကောင်းစွာနဲ့ပဲအိမ်ရွှေ့ဖို့ဖြစ်နိုင်ကြောင်းနဲ့ ကုန်ကျစရိတ်အနေနဲ့ သူထင်ထားတာထက်တောင်ပိုနည်းနေပါသေးကြောင်းသိလိုက်ရပါတယ်။
“စဉ်းစားကြည့်လိုက်ရင် ယွမ် ၄သိန်းပေးရမယ်ဆိုရင်တောင် ဒါလုပ်သင့်လုပ်ထိုက်တယ်လို့ကျွန်တော်ခံစားရတယ်။အိမ်အသစ်ဆောက်ဖို့ အချိန်ထပ်ပေးစရာလဲမလိုတော့ဘူးလေ”လို့ Chinese reporters ကိုပြောကြားခဲ့ပါတယ်။ ၂၀၁၇ စက်တင်ဘာလမှာတော့ သူ့အိမ်အောက်ခြေ ဖောင်ဒေးရှင်းကနေခွာဖို့အတွက် ကျွမ်းကျင်ဆောက်လုပ်ရေးအဖွဲ့ကိုငှားခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ရွှေ့ဖို့လမ်း
တစ်လျှောက် မြေတွေကိုလဲပြင်ဆင်ထားပါတယ်။
အကုန်အဆင်သင့်ဖြစ်ရင်တော့ ဆောက်လုပ်ရေးအဖွဲ့ကို အဖိုးအခအနေနဲ့ထိုက်ထိုက်တန်တန် ပေးဖို့အချိန်ကျပါပြီ။ ပေ ၁၃၀ ဆိုတာသိပ်တော့မဝေးပေမယ့်လဲ Gao ရဲ့ သုံးထပ်အိမ်ကြီးဟာ တန် ၁၀၀၀ခန့်လေးတာကြောင့် သိပ်ပြီးမြန်မြန်နဲ့ လွယ်လွယ်ကူကူမရွှေ့နိုင်ခဲ့ပါဘူး။ Black China ရဲ့ပြောပြချက်အရ အိမ်တစ်ခုလုံးရွှေ့ပြီးဖို့ အနည်းဆုံး ၁လခွဲခန့်ကြာမြင့်ခဲ့ပြီး သစ်သားချောင်းပေါင်း ၁၀၀၀ခန့်သုံးရတယ်လို့သိရပါတယ်။
လုပ်ငန်းဆောင်ရွက်နေစဉ်ရိုက်ထားတဲ့ပုံတွေကိုကြည့်ခြင်းအားဖြင့် ဒီအိမ်ကြီးမြေကြီးပေါ်ကကြွလာပြီး သစ်သားချောင်းတွေစင်ထားတဲ့အပေါ်တင်တဲ့ပုံကိုတွေ့ရမှာဖြစ်ပါတယ်။ အရမ်းကို ခိုင်မာကျစ်လစ်တဲ့ကြိုးတွေနဲ့မ တင်တဲ့ကိရိယာတွေကိုအသုံးပြုပြီး ဂရုတစိုက် ဆွဲတင်ခဲ့ကြပါတယ်။ လုပ်ငန်းပြီးဆုံးတဲ့အချိန်မှာတော့ Gao Yiping ဟာ ကုမ္ပဏီကို ယွမ် ၂သိန်း ၂သောင်း ပေးချေခဲ့ပြီး ရွှေ့ဖို့အတွက်ဖောင်ဒေးရှင်းကို ခွာပြီးနောက် ပြန်လည်ပြင်ဆင်စရိတ်အနေနဲ့ ယွမ် ၁သိန်း ၁သောင်းပေးချေခဲ့ပါတယ်။ စုစုပေါင်း ၃သိန်း၃သောင်းသာကုန်ကျခဲ့ပါတယ်။သူထင်ထားတာထက် အကုန်အကျသက်သာပြီး အသစ်ဆောက်ဖို့အတွက်ကုန်ကျစရိတ်လဲမကုန်တော့ပါဘူး။
ပြောင်းရွှေ့စရိတ်လျော်ကြေးအနေနဲ့ ယွမ် ၆သိန်း ၈သောင်း ရရှိခဲ့တာကြောင့် အိမ်ကိုကောင်းမွန်စွာရွှေ့နိုင်ခဲ့တဲ့အပြင် အကျိုးအမြတ်လဲရရှိခဲ့ပါတယ်။ အိမ်ကြီးကိုကောင်းကောင်းရွှေ့လိုက်နိုင်ပေမယ့် နေထိုင်ဖို့စိတ်ချရတဲ့အခြေအနေမှာရှိ/မရှိသံသယဖြစ်သူများလဲရှိနေပါတယ်။ တချို့တွေက အိမ်အလုံးလိုက်ရွှေ့လိုက်ရတာဖြစ်တာကြောင့် နဲ့ မူလ ဖောင်ဒေးရှင်းမဟုတ်တော့တာကြောင့် နံရံအက်ကြောင်းတွေဖြစ်မှာပဲလို့ထင်ကြေးပေးကြပါတယ်။
VIDEO
ဘယ်လိုပဲဖြစ်ဖြစ် Gao ကတော့ သူနဲ့ သူ့မိသားစုတစ်စုလုံး နေရာပြောင်းထားတဲ့အိမ်ကြီးမှာ နေထိုင်တာ ၃လရှိပြီဖြစ်ပေမယ့် ဘာနံရံအက်ကွဲကြောင်းမှ မပေါ်လာကြောင်း၊ ဒါ့အပြင် ဖောင်ဒေးရှင်းကို အရင်ကထက်ပိုပြီးကောင်းမွန်အောင်ပြန်လုပ်ထားတာကြောင့် အိမ်ကအရင်ကထက်တောင်ပိုခိုင်ခံမှာသေချာပါတယ်လို့ သတင်းထောက်တွေကိုပြောပါတယ်။
ဒီနည်းလမ်းအသုံးပြုခြင်းဟာ အချိန်၊ ငွေနဲ့အားစိုက်ထုတ်မှု တွေကိုပိုမိုသက်သာစေတယ်လို့ လယ်သမားကြီးက တခြားသူတွေကိုလဲအကြံပြုပြောကြားခဲ့ပါတယ်။ သူ့ရဲ့သတင်းကိုကြားတဲ့ သူတို့အိမ်နားကအိမ်နီးချင်းတစ်ယောက်က သူအိမ်လဲ လမ်းဖောက်လုပ်ရေးစီမံချက်မှာပါဝင်နေတာဖြစ်တာကြောင့် မီတာ ၁၂၀အကွာကို ဒီနည်းနဲ့ပဲရွှေခဲ့တယ်လို့ သိရပါတယ်။
Discussion about this post