ရေးသားသူ – ဘိက္ခု ကေသရ
ပုဂံခေတ်ဦးပိုင်းတွင် ထင်ရှားသော ပိဋကတ်တိုက် (၂) လုံးရှိသည် ဟု ဆိုကြပေသည်။ ပထမ ပိဋကတ်တိုက်မှာ ပုဂံ မြို့ တံတိုင်းအတွင်း မှ အနော်ရထာမင်း၏ ပိဋကတ်တိုက်ဖြစ်၍ ဒုတိယ ပိဋကတ်တိုက်မှာ ယခု ပုံတွင်ပြထားသော မြကန် ပိဋကတ်တိုက်ဖြစ်သည် (မြကန်စက္ကူတိုက် ဟုလည်းခေါ်ကြသည်) ။ ပုဂံ ခေတ်ဦးတွင် ပိဋကတ်တော်နှင့် တကွ အဋ္ဌကထာ၊ ဋီကာကျမ်းများ သာမက သမိုင်းဆိုင်ရာ ဝံသ ကျမ်းများ လည်း ပုဂံသို့ ရောက်ရှိခဲ့မည် ဟု မှန်း ဆ ကြပေသည်။ ကျန်စစ်သားမင်းလက်ထက်တွင် ထိုသို့ ရောက်ရှိလာသော ပိဋကတ်တော်ကျမ်းဂန် များအား မူကောင်းမူမှန်ဖြစ်ရန် တိုက်ဆိုင် သန့်စင်ခဲ့သည် ဟူ၍လည်း သိရပေသည်။ ခဲရာခဲဆစ် ကျမ်းဂန်များစွာ ပါဝင်သော ပိဋကတ်တော် သန့်စင်ရေး လုပ်ငန်းသည် လွယ်ကူလှသည်တော့ မဟုတ်ပေ။ ထို လုပ်ငန်းကြီးတွင် ရဟန်း ပညာရှိ၊ လူပညာရှိ တိုင်းပြည်၏ အကောင်းဆုံး ဦးဏှောက်ပိုင် ရှင် များ ပါဝင်ခဲ့ကြပေလိမ့်မည်။
ကျန်စစ်သားမင်း၏ နန်းတည်ကျောက်စာ အရ ပုဂံတွင် သံဃာပေါင်း (၄၀၀၀) ကျော်ရှိသည် ဟုသိရပေသည်။ မြစေတီကျောက်စာနှင့် ဂူ ပြောက်ကြီး ဂူဘုရား ဒါယကာ ရာဇကုမာရ အမတ်ကြီးသည်လည်း ကျန်စစ်သားမင်းလက်ထက် တွင် ကျမ်းဂန် နှံ့စပ်ပညာ ထက်မြက် သူဖြစ်ကြောင်း သူ၏ ဂူဘုရား ဆေးရေးများနှင့်သူရေးထိုးသော ကျောက်စာ အရ သိရှိကြရပေသည်။ ထို့ ကြောင့် ရှင်အရဟံမထေရ် မြတ်နှင့် တကွ ပညာထက်မြက်သော ရဟန်းတော်များ၊ ရာဇကုမာရ အမတ်ကြီးနှင့်တကွ ပညာထက်မြက်သော ပုဂံသားများသည် ခဲရာ ခဲဆစ် ဖြစ်သော ပိဋကတ် သန့်စင်ရေး လုပ်ငန်းကြီး အား အားတက် သရော ရွက်ဆောင်ခဲ့ကြပေလိမ့်မည်။
ပုဂံသည် ထိုခေတ် အခါက သီရိလင်္ကာ၊ အိန္ဒိယတောင်ပိုင်း၊ တရုတ်၊ ခမာ အင်ပါယာ အစရှိသော အခြား အိမ်နီးချင်း နိုင်ငံများနှင့် ယဉ်ကျေးမှုချင်း များစွာ ဆက် နွယ်လျက်ရှိရာ ထိုပိဋကတ်သန့်စင်ရေး လုပ်ငန်းကြီးတွင် ဗြာဟ္မဏဝါဒ၊ မဟာယာနဝါဒ ဆိုင်ရာ ရောထွေး ယှက်နွယ်လျက်ရှိသော ကျမ်းဂန်များကိုလည်း ပိဋကတ်တော်မှ ခွဲခြားရှင်းလင်းခဲ့ရပေလိမ့်မည်။ နှောင်းခေတ် တွင် မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓသာသနာနှင့် ပတ်သက်၍ ဦးဆောင် နိုင်ငံ အဖြစ် ထင်ရှား ထွန်းတောက်ခဲ့သည် မှာ ယင်းလုပ်ငန်းကြီး ၏ ထောက်ပံ့မှု ကြီးမားစွာ ပါခဲ့ပေလိမ့်မည်။
ယခု ပုံတွင် ပြထားသော မြကန်ပိဋကတ်တိုက်မှာ ဆိုခဲ့သည့် ပိဋကတ် သန့်စင်ရေး လုပ်ငန်းကြီး လုပ်ကိုင်ရာ အချက်အခြာ နေရာ တစ်နေရာ ဖြစ်ခဲ့မည် ဟု ပညာရှင်များ မှန်းဆကြပါသည်။
သို့ရာတွင် ကံမကောင်းအကြောင်းမလှသည်မှာ ထိုမျှ သမိုင်းဆိုင် ရာ အရေးပါသော ပိဋကတ်တိုက် အဆောက်အဦး မှာ ရှားရှား ပါးပါး ကျောက်သားဖြင့် ဆောက်လုပ်ခဲ့ပါသော်လည်း နှောင်းခေတ်တွင် ပျက်စီး ခဲ့ရပေသည်။ ပျက်စီး၍ ကျန်ရစ်ခဲ့သော အဆောက်အဦး ဟောင်း အားလည်း ဖြိုဖျက်၍ ကားလမ်းခင်းလိုက်သည်ဟု ဆိုပေသည်။ သို့ရာတွင် ဓာတ်ပုံ မှတ်တမ်းကား ကျန်ရစ်ခဲ့ပေသည်။ ယခု ပုံ မှာ G.H Luce ၏ Old Burma Early Bagan စာအုပ် တ-တွဲ မှ ပုံ ဖြစ်ပေသည်။ မူလ ဖြူ မဲ ပုံ ကို ဆော့ဝဲလ် ဖြင့် ကာလာ ပြောင်း လိုက် ပါသည်။ ပုံ ကို ကြည့်ရှု၍ ထို ခေတ်ကာလ ရဟန်းပညာရှိ၊ လူပညာရှိတို့၏ ကျေးဇူးတရားတို့ အား အောက်မေ့နိုင်ကြစေကုန်သတည်း။
ပုဂံပြည်၏ စိတ်ဝင်စားဆုံး အဆောက်အဦးများ
ပုဂံတွင် စိတ်ဝင်စားဆုံး အဆောက်အဦးမှာ လေးထောင့် နှစ်ထပ် တိုက်ကျောင်းများဖြစ်ပါသည်။ ထို တိုက်ကျောင်းများသည် ပိဋကတ်တော်များ ထားရှိရာ စာကြည့်တိုက်များ ဖြစ်နိုင် ကြောင်း သုံးသပ်ကြ၍ စိတ်ဝင်စားခြင်း ဖြစ်သည်။ ထို သုံးသပ်ချက်မှာ အများကြီးဖြစ်နိုင်သည်။ အကယ်၍ ထို သုံးသပ်ချက် အမှန်သာ ဖြစ်လျှင် ယင်း အဆောက်အဦးများသည် ပုဂံ ပြည် ၏ ဉာဏ်ပညာကို ကိုယ်စားပြုသော ခေါင်းပိုင်းများ ဟု ဆိုချင်ပါသည်။
ယင်းသို့ လေးထောင့် နှစ်ထပ်တိုက်ကျောင်းများကို စေတီ ပုထိုးများ၏ အနီးဝန်းကျင် နေရာများတွင် တွေ့ မြင်နိုင်၍ အထူးသဖြင့် ဆင်ဖြူရှင်ကျောင်းတိုက်ကြီးနှင့် မင်း နန်သူ ရွာ ဝန်းကျင်တွင် များစွာတွေ့ မြင်နိုင်သည်။ လေးထောင့် ကျောင်းတိုက် ၏ မျက်နှာတစ်ဖက်တွင် ကပ်လျက် သစ် ပြဿဒ် ဆောင် တစ်ဆောင် လည်း ပူးတွဲ ဆောက်လုပ်လေ့ရှိကြောင်း သိ ရပါသည်။ သံဃာတော် သီတင်းသုံး နေထိုင်ရန် ဖြစ်နိုင်သော်လည်း အတွင်းဖက် အခန်းဖွဲ့ ပုံ အရ ပိဋကတ်တိုက်က ပို၍ ဖြစ်နိုင်သည် ထင်မိသည်။ အချို့ ပုံစံတူ အဆောက်အဦးများတွင် အတွင်းဖက် အခန်းဖွဲ့ ပုံ ကွဲပြားမှုအရ သံဃာထေရ်များ နေ ထိုင် သီတင်းသုံးခြင်းလည်း ဖြစ်နိုင်ပါသည်။
အောက်တွင် (၁၃) ရာစုနှစ်က ဟု ဆိုသည့် ရှင်ဘို့မယ် အုတ် ကျောင်းကို ဖော်ပြလိုက်ပါသည်။ အလျား အနံ တစ်ဖက် လျှင် ၄၆ ပေ စီရှိ၍ အမြင့်ပေ ၄၀ ရှိသော နှစ်ထပ် အုတ် ကျောင်းဖြစ်သည် ဟု ဆိုပေသည်။ အတွင်းဘက်တွင် ပတ်လည် လျှောက်လမ်းနှင့် အလည် မဏ္ဍိုင် ခန်းရှိကာ အလယ်ခန်း မှာ ၉ ပေ ပတ်လည်ခန့်ရှိသည် ဟု ဆိုသည်။ အပေါ်ထပ် တွင်မူ သစ်များခင်းထား၍ သစ်သားစ များ ယခု ထိ မြင် နိုင်ပါသေးသည်။ အရှေ့ ဘက်မျက်နှာ တွင်မူ ယခင် က ရှိခဲ့မည် ဖြစ်သော သစ်သား ပြဿဒ်ဆောင် အတွက် ဖောက်ထားသည့် နံရံရှိ ထုတ်လျောက် အမိုး အပေါက်များကို တွေ့ မြင်နိုင်သည်။
ရှင်ဘို့မယ် အုတ်ကျောင်း
သဒ္ဒနီတိ ကျမ်းပြု ဆရာတော်ကဲ့သို့သော ပုဂံပြည်၏ ကျမ်းဂန်တတ် ဆရာတော်ကြီးများသည် ယင်း အုတ်ကျောင်းကြီးများတွင် ဝင်ချည် ထွက်ချည် သီတင်းသုံး ကျင် လည်ခဲ့ပါလိမ့်မည်။ စာချ ဆရာတော်ကြီးများ ၏ အန္တေဝါသိက တပည့်ဖြစ်သူ စာပေ ဝါသနာအိုး ပဉ္ဇင်းငယ်များသည် ယင်း ပိဋကတ် စာကြည့်တိုက်များတွင် ဝင်ခွင့်ရသည့် အခါ တိုင်း စိတ်လှုပ်ရှားမူ ကြီးစွာဖြင့် အလင်း မှုန်မှုန်တွင် စိတ်ဝင်စားရာ ကျမ်းဂန်များကို မွေနှောက် ရှာဖွေ ဖတ်ရှုခဲ့ကြပေလိမ့်မည်။ စင်စစ် ယင် အုတ်ကျောင်း ကြီးများသည် ပုဂံသူ၊ ပုဂံသား တို့၏ အတွေးအခေါ် စိတ်နေ သဘောထားကို ကြီးမားစွာ လွှမ်းမိုးပဲ့ပြင်ပေးခဲ့ သည့် ဉာဏ်ကြီးရှင် ဆရာသခင်များ၏ ကျက်စားရာ နေ ရာ များပင် ဖြစ်ခဲ့ပါလိမ့်မည်။
မိမိသည် ဤသို့ တွေးရင်း၊ တွေးရင်းနှင့် ပုဂံ ပြည်၏ ပိဋကတ် ကျမ်းတတ် စာပေ ပညာရှင် ဆရာတော်ကြီးများ၊ ပဉ္ဇင်းပျိုများ၊ လူ ပညာရှိများ ၏ ခြေရာလက်ရာများ၊ အသက်ရှုသံများ၊ စိတ်အားထက် သန်မှုများ ကျန်ရစ်ဆဲ ဖြစ်သော ရှင်ဘို့မယ် အုတ်ကျောင်းကြီးကို ကျောင်းဝန်းရှိ အုတ်ကျိုး၊ အုတ်ပဲ့များ၊ ဆူးခတ်များ၊ အနံအသက်ဆိုးများကို သည်းခံကာ ဝင်ကြည့်ခဲ့ဖူးသည်။ အပြင်ဖက်တွင် ဆိုင်ကယ် တစ်စီး ရပ် ထားသည်ကို တွေ့ရ၍ ကိုယ့်လို တခုတ်တရကြည့်ရှုသူ အဖော်ရှိသေးသည် ဟု အားတက်လျက် ကျောင်း အတွင်း ဝင်ခဲ့ခြင်းဖြစ်သည်။ ဆူများရှိသော်လည်း ရိုသေမူဖြင့် ဖိနပ် ပါ ချွတ်ထားခဲ့သော်လည်း အတွင်း၌ မြင် ရသောမြင်ကွင်းကြောင့် အံ့အားသင့်ခဲ့ရသည်။
မြင်ရသည်ကား အတွဲ ဖြစ် သတည်း။ ကောင်လေးနှင့် ကောင်မလေး လန့်သွားသည်။ ဒီ ဦးဇင်း ဇာတ်ရှိန်တတ်နေတုန်း ချောင်ကြိုချောင် ကြား ဘာလုပ်လာပါလိမ့်ဟု တွေး ကာ မိမိကို ဒေါသ ထွက်နေမလား မပြောတတ်ပေ။မတတ်နိုင်ပေ။
မည်သို့ဖြစ်စေ အောက်တွင် Timothy M. Ciccone ဆိုသည့် နိုင်ငံခြားဆရာတစ်ဦး ဆွဲထားသည့် ရှင်ဘို့မယ် အုတ်ကျောင်း 3D ပုံကို လေ့လာကြည်ရှုရင်း ပုဂံပြည်သားတို့၏ ပိဋကတ်စာကြည့်တိုက်ကြီးကို ဂုဏ်ယူမြတ်နိူးကြစေသတည်း။ ပုံများကို oriental architecture ဝက်ဆိုဒ်မှ ယူပါသည်။
ဘိက္ခု ကေသရ
Discussion about this post