ရေးသားသူ – ဆရာဋ္ဌေး (DVB Burmese)
သုတကဖေး
ဟိုတလောက မော်လမြိုင်ဘက် ခရီးထွက်တော့ သုံးဘီးဆိုင်ကယ်အငှားယာဉ် စီးဖြစ်တယ်။ ဒါကိုအကြောင်းပြုပြီး ဆက်စပ်စဉ်းစားမိတာက ဟိုအရင် ဖဆပလခေတ်က သုံးဘီးကားတွေ အကြောင်းပါ။ စစ်လျော်ကြေးအဖြစ် မြန်မာနိုင်ငံကို ဂျပန်က ပေးတာတွေလို့ ကြားဖူးခဲ့တယ်။
တကယ်တော့ သုံးဘီးဆိုင်ကယ်၊ သုံးဘီးကားတို့ ဆိုတာတွေ အားလုံးဟာ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုကြတာ။ သေသေချာချာ လေ့လာကြည့်တော့ သူတို့အားလုံးဟာ တချိန်က လူအားနဲ့ဆွဲတဲ့ လန်ချားနွယ်ဖွားတွေ ဖြစ်နေတယ်ဆိုရင်…. သင်ယုံနိုင်ပါ့မလား…။
လန်ချားကို အင်္ဂလိပ်လိုခေါ်တာက “ရစ်ရှော” (Rickshaw) ပါ။ အဘိဓာန်မှာတော့ လန်ချားလို့ခေါ်တဲ့ Rickshaw လေးမျိုးခွဲထားတာကို တွေ့ရတယ်။
၁) Pulled Fickshaw
ဒါက အရင်ခေတ်က မြန်မာပြည်မှာရှိခဲ့ဘူးတဲ့ ဘီးနှစ်ဘီးတပ်ပြီး ထိုင်ခုံမှာ ခရီးသည်တင်ပြီး ဆွဲခဲ့ဖူးတဲ့ လူဆွဲယာဉ်တမျိုး။
၂) Cycle Rickshaw
ဒါကတော့ မူလ လန်ချားက လူဆွဲတဲ့နေရာမှာ စက်ဘီးကို ပြောင်းတပ်လိုက်တဲ့ယာဉ်ပါ။
၃) Auto Riskshaw
ဒါကလည်း မြန်မာလူထုနဲ့ ရင်းနှီးပြီးသား သုံးဘီးကားဆိုရင် အားလုံးသိ။
၄) an electric Rickshaw
ဒါကလည်း ဘက်ထရီသုံး သုံးဘီးဆိုင်ကယ်တမျိုးပါပဲ။ ဒါတွေအားလုံးဟာ လန်ခြားကနေတဆင့် ဆင်းသက်လာခဲ့တာလို့ ဆိုနိုင်ပါတယ်။ ကဲ ..ဒါဆိုရင် လန်ချားအကြောင်း လေ့လာကြည့်ရအောင်…။
လန်ချား ဘယ်က စတင်သလဲ…
“လန်ချား” ဆိုတဲ့ အသံထွက်ကိုကြည့်ပြီး အတော်များများက ကုလားကလာတဲ့ ယာဉ်တမျိုး ထင်တတ်ကြတယ်။ လန်ချားကို ကုလားကစတယ်လို့ ထင်ကြတာ။ မြန်မာနိုင်ငံကို လန်ချားရောက်လာတာကိုက တရုတ်ကတဆင့် ရောက်လာတာ။ ပထမဦးဆုံး မြန်မာနိုင်ငံမှာ လန်ချားဆွဲတာ တရုတ်လူမျိုးတွေပါ။ မြန်မာနိုင်ငံမှာ ၁၈၉၇ ခုနှစ်မှာပဲ “လန်ချား” လို့ခေါ်တဲ့ လူစီးယာဉ်တမျိုးနဲ့ စတင်မိတ်ဆက်ခွင့် ရခဲ့တယ်။
အစပိုင်း တရုတ်တွေဆွဲနေပေမယ့် မြန်မာနိုင်ငံရောက် တရုတ်လူကြီးတွေက တရုတ်လူမျိုးတွေကို မဆွဲဖို့ တောင်းပန်ကြတာကြောင့် တရုတ်တွေနေရာမှာ “ဂေါ်ရင်ဂျီ” နဲ့ “တမီးလ်” လူမျိုးတွေက နေရာယူ လုပ်ကိုင်လာကြတာပါ။ ၁၉၅ဝ နှစ်ကာလများဆီအထိ မြန်မာနိုင်ငံမှာ ပြေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘာမှာ လန်ချားပေါ်ခဲ့တာက ၁၉ ရာစု အလယ်လောက်မှ ဂျပန်နိုင်ငံကနေ စတင်ပေါ်လာခဲ့တာ။ အချို့သော သမိုင်းပညာရှင်တွေကတော့ ၁၈၆ဝ ခုနှစ်မှ စတင်ခဲ့တာလို့ ဆိုတယ်။ ဂျပန်ဘုရင် Tokugawa ခေတ် (၁၆ဝ၃-၁၈၆၈) ထဲမှာ ပေါ်ခဲ့တာ။ စတင်တီထွင်သူက Izumi Yosuke ကSuzuki Tokujiro နဲ့ Takayama Kosuke တို့ရဲ့ကူညီမှုနဲ့ စတင်တီထွင်ခဲ့တာပါ။ ပထမဆုံး တိုကျိုလမ်းမပေါ်မှာ စတင်ပြေးဆွဲစေခဲ့တယ်။ ၁၈၇ဝ ခုနှစ်မှ ထုတ်ရောင်းချဖြန့်ချိခွင့်ကို ဂျပန်အစိုးက ခွင့်ပြုခဲ့တာ။ အဲ့ဒီအချိန်ကစပြီး ကမ္ဘာပေါ်မှာ လန်ချားဆိုတာ ရောက်ရှိခဲ့တာပါ။
စင်ကာပူနိုင်ငံမှာတော့ ၁၈၈ဝ ခုနှစ်ထဲမှာ စတင်အသုံးပြုနိုင်ခဲ့တယ်။ အိန္ဒိယကလည်း ၁၈၈ဝ ထဲမှာ စတင်အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံကတော့ ၁၈၇၃ နွေဦးရာသီမှာ ပြင်သစ်ကုန်သည် Menard က ဂျပန်ကနေ ဝယ်ယူမိတ်ဆက်ပေးခဲ့ရာက စတင်ခဲ့တာလို့ ဆိုပါတယ်။ တရုတ်မှာ အသုံးပြုတာ အတော်ကြာတော့မှ ၁၈၉၇ ခုနှစ်ထဲရောက်မှ စတင်ပြေးဆွဲခဲ့တာ။
အချို့မှတ်တမ်းတွေကတော့ သီပေါ ပါတော်မူပြီး အနှစ် နှစ်ဆယ်ကြာမှ ရောက်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို ဘယ်သူ ဘယ်အဖွဲ့က လန်ချားယာဉ် သယ်ဆောင်လာခဲ့တယ်ဆိုတဲ့ မှတ်တမ်းမရှိပေမယ့် ၁၈၉၇ ခုနှစ်မှာ ရောက်ရှိတယ် ဆိုတာကိုတော့ မှတ်တမ်းမှတ်ရာတွေ ရှိခဲ့ပါတယ်။
လန်ချားဆိုတဲ့ဝေါဟာရ ဘယ်ကလာသလဲ
လန်ချားကို အင်္ဂလိပ်လို Rickshaw လို့ခေါ်ကြောင်း ပြောခဲ့ပြီးပြီ။ မူလအစဖြစ်တဲ့ ဂျပန်အခေါ်ကတော့ Jinrikisha လို့ သုံးပါတယ်။ အဓိပ္ပာယ်က လူဆွဲလှည်းလို့ ဆိုတယ်။ တရုတ်ကတော့ Renliche လို့ခေါ်တယ်။ အများစုအခေါ်က dongyanche လို့သုံးတယ်။ ဂျပန်အသံကို တရုတ်အသံထွက် Renliche နဲ့ ဆင်နေတယ်။
မြန်မာလိုက တရုတ်ကတဆင့် လာတာမို့ အနီးစပ်ဆုံး တရုတ်အသံထွက်အရ လန်ချားရယ်လို့ ဖြစ်သွားတယ်လို့ သုံးသပ်ရပါတယ်။ မြန်မာအဘိဓာန်က ဖော်ပြရာမှာလည်း “လူဆွဲသည့် လူစီးယာဉ်” (တရုတ်လို Renliche) လို့ ဖော်ပြထားတာလည်း ရှိတယ်။ ဒါကြောင့် မြန်မာတို့ရဲ့ လန်ချားဝေါဟာရဟာ ဂျပန်အသံကနေ တရုတ်၊ တရုတ်ကနေ ရောက်ရှိလာတဲ့ ဝေါဟာရ ဖြစ်တယ်လို့ ဆိုရမှာပါ။
ဒီလိုနဲ့ ခေတ်ကာလတွေ ပြောင်းလဲလာခြင်းနဲ့အတူ သယ်ယူပို့ဆောင်ရေး ယာဉ်တွေကလည်း တိုးတက်ပေါ်ထွက်လာခဲ့တယ်။ တချို့သော နိုင်ငံတွေမှာ လူလုပ်အားနဲ့ ပြေးဆွဲနေခြင်းကို ညှဉ်းပန်းနှိပ်စက်ရာ ကျတယ်ဆိုပြီး လန်ချားယာဉ်ကို ပိတ်ပင်လာကြတယ်။
သူ့နေရာမှာ စက်တပ်သုံးဘီးယာဉ်၊ သုံးဘီးကား၊ သုံးဘီးဆိုင်ကယ်မှအစ အခုနောက်ပိုင်း လောင်စာဆီမသုံးတော့ဘဲ e-rickshaw များအထိ တိုးတက်လာခဲ့ပါတယ်။ ဘယ်လိုပဲ သုံးဘီးတပ်ယာဉ်တွေ ပေါ်ထွက်လာခဲ့ပေမယ့် ဒီယာဉ်အမျိုးအစားတွေဟာ လန်ချားနွယ်ဖွား ယာဉ်အမျိုးအစားများသာဖြစ်ကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ပြလိုက်ပါတယ်။
ဆရာဋ္ဌေး (DVB Burmese)
သုတကဖေး
ကိုးကား- Encylopedia Britannica/ Wikipedia
ဦးရည်စိန် (လက်ရွေးစင်စာတမ်းများ) မြန်မာအဘိဓာန်
Discussion about this post