နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေဟာ နိုင်ငံ့ခေါင်းဆောင်ပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။ သူ့ရဲ့ဦးဆောင်ဆုံးဖြတ်မှုဟာ အဓိကဖြစ်ပြီး နိုင်ငံကို တိုးတက်စေနိုင်သလို ဆုံးရှုံးနစ်နာမှုတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒီလို အရေးကြီးတာဝန်ကို ထမ်းဆောင်ရတဲ့အတွက် သူတို့ရဲ့ လစာဝင်ငွေတွေဟာ များပြားနေလေ့ရှိပါတယ်။ နိုင်ငံအလိုက် အစိုးရအဖွဲ့ခေါင်းဆောင်တွေ ရရှိတဲ့ လစာဝင်ငွေနှုန်းထားကလည်း ကွာခြားပါတယ်။ ဒီတခါ ဝေမျှပေးမှာကတော့ လစာ အများဆုံး နိုင်ငံခေါင်းဆောင် အစိုးရခေါင်းဆောင် ၁၀ ဦး အကြောင်းဖြစ်ပါတယ်။ (ဒီစာရင်းမှာ ဘုရင် တွေကိုတော့ ထည့်သွင်းထားခြင်း မရှိပါဘူး။ သူတို့အတွက် ခွင့်ပြုငွေက အစိုးရခေါင်းဆောင်တွေထက် အဆမတန် များပြားနေလို့ ဖြစ်ပါတယ်)
၁၀။ ဘယ်လ်ဂျီယံ
ဘယ်လ်ဂျီယံ နိုင်ငံရဲ့တရားဝင်အမည်က ဘယ်လ်ဂျီယံဘုရင့်နိုင်ငံဖြစ်ပြီး ဖက်ဒရယ်ပါလီမန် စည်းမျဉ်းခံ ဘုရင်စနစ် အုပ်ချုပ်ရေးဖြစ်ပါတယ်။ ဘုရင်ရှိပေမယ့် နိုင်ငံ့ရေးရာကို အဓိက ဆုံးဖြတ် စီစဉ်တာ ကတော့ ဝန်ကြီးချုပ်ဖြစ်ပါတယ်။ အစိုးရအဖွဲ့ရဲ့ အမြင့်ဆုံးရာထူးကို လက်ရှိ ရယူထားသူက Alexander De Croo ဖြစ်ပြီး သူဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာလကမှ ဝန်ကြီးချုပ်တာဝန် ကို စတင်ထမ်းဆောင်တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံသားတယောက်ရဲ့ နှစ်စဉ်ပျမ်းမျှလစာက အမေရိကန်ဒေါ်လာ ၄၅၀၀၀ ဝန်းကျင်ခန့်ရှိပြီး ဝန်ကြီးချုပ်ရဲ့နှစ်စဉ် လစာဝင်ငွေကတော့ ဒေါ်လာ ၂၆၂,၉၆၄ ဖြစ်ပါတယ်။
၉။ လူဇင်ဘတ်
ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတနိုင်ငံဖြစ်တဲ့ လူဇင်ဘတ် နိုင်ငံရဲ့ တရားဝင်အမည်က လူဇင်ဘတ် မဟာနယ်စားနိုင်ငံ ဖြစ်ပြီး ကမ္ဘာပေါ်မှာ နယ်စားအုပ်ချုပ်တဲ့ တခုတည်းသောနိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် အုပ်ချုပ်တဲ့စနစ်က တပြည်ထောင် ပါလီမန် စည်းမျဉ်းခံဘုရင်စနစ်ဖြစ်တဲ့အတွက် အစိုးရအဖွဲ့ကို ဦးဆောင်တာကတော့ ဝန်ကြီးချုပ် Xavier Bettel ဖြစ်ပါတယ်။ လူဇင်ဘတ်နိုင်ငံသားတယောက်ရဲ့ နှစ်စဉ်ပျမ်းမျှလစာက အမေရိကန်ဒေါ်လာ ၁၁၃,၁၉၆ ဖြစ်တဲ့အချိန်မှာ ဝန်ကြီးချုပ်ရဲ့နှစ်စဉ် လစာဝင်ငွေကတော့ ဒေါ်လာ ၂၇၈,၀၀၀ ဖြစ်ပါတယ်။
၈။ နယူးဇီလန်
ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ရှိတဲ့ နယူးဇီလန်နိုင်ငံကတော့ တောင်ကျွန်း နဲ့ မြောက်ကျွန်းဆိုတဲ့ ကျွန်းကြီးနှစ်ခုပေါင်းစပ် ဖွဲ့စည်းထားနိုင်ငံဖြစ်ပါတယ်။ ဓနသဟယာယနိုင်ငံဖြစ်ပြီး အင်္ဂလန်ဘုရင်မကြီး အဲလိဇဘက်ကို နိုင်ငံအကြီးအကဲနေရာမှာ ထားရှိပေမယ့် နိုင်ငံ့အစိုးရအဖွဲ့ကို မောင်းနှင်သူက ဝန်ကြီးချုပ်ဖြစ်ပါတယ်။ လက်ရှိဝန်ကြီးချုပ်တာဝန်ကိုယူထားသူကတော့ နယူးဇီလန် လေဘာပါတီခေါင်းဆောင် Jacinda Ardern ဖြစ်ပါတယ်။ နယူးဇီလန်ဟာလည်း တပြည်ထောင် ပါလီမန် စည်းမျဉ်းခံဘုရင်စနစ်ဖြစ်ပြီး နိုင်ငံသား တဦးချင်းရဲ့နှစ်စဉ် ပျမ်းမျှဝင်ငွေဟာ ဒေါ်လာ ၄၁,၀၇၂ ဖြစ်နေချိန်မှာ ဝန်ကြီးချုပ်ရဲ့ တနှစ်စာ လစာဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၃၂၅,၅၄၆ ဖြစ်ပါတယ်။
၇။ ဂျာမနီ
တချိန်က ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်ခဲ့တဲ့ ဂျာမနီနိုင်ငံဟာ လက်ရှိအချိန်မှာလည်း စီးပွားရေး အင်အားကြီးနိုင်ငံတနိုင်ငံဖြစ်နေဆဲပါ။ နိုင်ငံရဲ့တရားဝင်အမည်က ဂျာမနီဖက်ဒရယ် သမ္မတနိုင်ငံဖြစ်ပြီး ဖက်ဒရယ်ပါလီမန် သမ္မတ စနစ်နဲ့ အုပ်ချုပ်ပါတယ်။ သမ္မတရှိပေမယ့် နိုင်ငံကို အဓိကဦးဆောင် အုပ်ချုပ်သူက ဂျာမနီ အဓိပတိ Angela Merkel ဖြစ်ပါတယ်။ ဂျာမနီ နိုင်ငံသားတဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေက အမေရိကန်ဒေါ်လာ ၄၅,၄၆၆ ဖြစ်ပြီး အဓိပတိရဲ့ နှစ်စဉ်လစာဝင်ငွေကတော့ ၃၆၉,၇၂၇ ဒေါ်လာ ဖြစ်ပါတယ်။
၆။ သြစတြေးလျ
သြစတြေးလျရဲ့ တရားဝင်အမည်က သြစတြေးလျ ဓနသဟာယနိုင်ငံဖြစ်ပြီး ဖက်ဒရယ်ပါလီမန် စည်းမျဉ်းခံ ဘုရင်စနစ် နဲ့ အုပ်ချုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ နိုင်ငံ့အကြီးအကဲအဖြစ် အင်္ဂလန်ဘုရင်မကြီး ဒုတိယ အဲလိဇဘက်ကို ထားရှိပေမယ့် နိုင်ငံရေးရာ အုပ်ချုပ်မှုတွေကိုတော့ အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဝန်ကြီးချုပ်က ကိုင်တွယ်ရပါတယ်။ သြစတြေးလျရဲ့ လက်ရှိဝန်ကြီးချုပ်ကတော့ ၂၀၁၈ ခုနှစ်မှာ တာဝန်စထမ်းဆောင်တဲ့ Scott Morrison ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံသားတဦးချင်းစီဟာ နှစ်စဉ်ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ ၅၀,၈၄၄ ရရှိနေချိန်မှာ ဝန်ကြီးချုပ်ရဲ့ တနှစ်စာ ဝင်ငွေကတော့ ၃၈၄,၇၆၇ ဒေါ်လာ ဖြစ်ပါတယ်။
၅။ အမေရိကန်
ကမ္ဘာ့ထိပ်သီး အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်ကတော့ ဖက်ဒရယ် ပါလီမန် သမ္မတ စနစ်နဲ့ အုပ်ချုပ်ပါတယ်။ နိုင်ငံကို အဓိက ဦးဆောင်အုပ်ချုပ်သူက သမ္မတဖြစ်ပြီး လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံသားတယောက်ရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ ဒေါ်လာ ၆၃,၀၅၁ ဖြစ်ပြီး အမေရိကန်သမ္မတရဲ့ လစာက ဒေါ်လာ ၄၀၀,၀၀၀ ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့လစာကို မယူပဲ မယူမဖြစ် စတိအနေနဲ့ ၁ဒေါ်လာသာ အယူပြပါတယ်။ အမေရိကန် သမ္မတတွေဟာ လစာအပြင် ခရီးစရိတ် ၊ အသုံးစရိတ် စတာတွေကိုပါ ခံစားခွင့် ရရှိတာဖြစ်ပါတယ်။
၄။ သြစကြီးယား
ဥရောပမှာတည်ရှိတဲ့ သြစတြီးယား သမ္မတနိုင်ငံကတော့ ဖက်ဒရယ် ပါလီမန် သမ္မတစနစ် နဲ့ အုပ်ချုပ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်က သမ္မတဖြစ်ပြီး အစိုးရအဖွဲ့ခေါင်းဆောင်က အတိုင်ပင်ခံဖြစ်ပါတယ်။ သြစတြီးယားနိုင်ငံသား တဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေက အမေရိကန်ဒေါ်လာ ၅၁,၉၃၆ ဖြစ်ပြီး သမ္မတရဲ့နှစ်စဉ် လစာဝင်ငွေ ကတော့ ဒေါ်လာ ၄၁၀,၀၀၀ ဖြစ်ပါတယ်။ အတိုင်ပင်ခံကတော့ အမေရိကန်ဒေါ်လာ ၃၂၈,၆၀၀ ဖြစ်ပါတယ်။
၃။ ဆွစ်ဇာလန်
ကမ္ဘာပေါ်မှာ တတိယ လစာဝင်ငွေ အများဆုံး နိုင်ငံခေါင်းဆောင်က ဆွစ်ဇာလန် အစိုးရအဖွဲ့ ခေါင်းဆောင်တွေဖြစ်ပါတယ်။ ဆွစ်ဇာလန်ရဲ့ တရားဝင်အမည်က ဆွစ်ကွန်ဖက်ဒရေးရှင်း နိုင်ငံဖြစ်ပါတယ်။ ဖက်ဒရယ် တစိတ်တပိုင်း ဒီမိုကရေစီ သမ္မတ စနစ်နဲ့ အုပ်ချုပ်တာဖြစ်ပြီး လက်ရှိ သမ္မတက Simonetta Sommaruga ဖြစ်ပါတယ်။ တခြားနိုင်ငံတွေနဲ့ မတူညီတဲ့အချက်ကတော့ သမ္မတရှိပေမယ့် နိုင်ငံအရေးကို သမ္မတ တဦးတည်းက ဆုံးဖြတ်တာမဟုတ်ပဲ သမ္မတအပါအဝင် လူကြီး ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ကောင်စီက ဆုံးဖြတ်တာဖြစ်ပါတယ်။
ဆွစ်ဇာလန် နိုင်ငံသားတဦးချင်းစီရဲ့ နှစ်စဉ် ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၆၇,၅၅၇ ဖြစ်တဲ့အချိန်မှာ သမ္မတရဲ့ နှစ်စဉ် လစာဝင်ငွေက ဒေါ်လာ ၅၀၇,၀၀၀ ဖြစ်ပါတယ်။ အခြားကောင်စီဝင်လူကြီးတွေရဲ့ လစာဝင်ငွေကလည်း သမ္မတ နဲ့ သိပ်မကွာပဲ ဒေါ်လာ ၄၉၅,၀၀၀ စီ ရရှိကြတာဖြစ်ပါတယ်။
၂။ ဟောင်ကောင်
ကမ္ဘာပေါ်မှာ ဒုတိယ အများဆုံး လစာဝင်ငွေကို ရရှိထားတဲ့ နိုင်ငံ့ခေါင်းဆောင်ကတော့ တရုတ်နိုင်ငံရဲ့ အထူးအုပ်ချုပ်ရေးနယ်မြေ ဟောင်ကောင် SAR (Special Administrative Region) က ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့နယ်မြေတခုဖြစ်ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ရေး နဲ့ အုပ်ချုပ်ပြီး အစိုးရဖွဲ့ခေါင်းဆောင်က Chief Executive ဖြစ်ပါတယ်။ လက်ရှိဒီရာထူးကို ရထားသူက ၂၀၁၇ ခုနှစ်မှာ တာဝန်စထမ်းဆောင်တဲ့ Carrie Lam ဖြစ်ပါတယ်။ ဟောင်ကောင်သား တယောက်ရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေက ဒေါ်လာ ၄၅,၁၇၆ ဖြစ်ပြီး အစိုးရအဖွဲ့ အကြီးအကဲရဲ့ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၅၆၈,၀၀၀ ဖြစ်ပါတယ်။
၁။ စင်ကာပူ
ကမ္ဘာပေါ်မှာ လစာဝင်ငွေ အများဆုံး နိုင်ငံခေါင်းဆောင်ကတော့ စင်ကာပူရဲ့ ဝန်ကြီးချုပ် လီရှန်လွန်းဖြစ်ပါတယ်။ နိုင်ငံရဲ့ တရားဝင်အမည်က စင်ကာပူ သမ္မတနိုင်ငံဖြစ်တဲ့အတွက် သမ္မတ ထားရှိပေမယ့် အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ကတော့ ဝန်ကြီးချုပ်ဖြစ်ပါတယ်။ ဒါကြောင့်လည်း စင်ကာပူ သမ္မတ Halimah Yacob ထက် ဝန်ကြီးချုပ် လီရှန်လွန်းကို လူသိပိုများတာဖြစ်ပါတယ်။ စင်ကာပူ ခေါင်းဆောင်တွေ လစာဝင်ငွေဟာ အခြားနိုင်ငံတွေထက် အဆမတန်များခဲ့တာဟာ စင်ကာပူကို စတင်တည်ထောင်စဉ်ကတည်းက ဖြစ်ပါတယ်။
လီကွမ်ယုဟာ စီးပွားရေး ၊ အုပ်ချုပ်ရေး နဲ့ ကဏ္ဍအသီးသီးက ခေါင်းဆောင်တွေကို ခန့်အပ်တဲ့နေရာမှာ လုပ်ငန်းရှင်ကြီးများ အပါအဝင် နယ်ပယ်အသီးသီးက ထိတ်ထိတ်ကြဲ ပုဂ္ဂိုလ်ကြီးတွေကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ကိုယ်ပိုင်အလုပ်တွေကို စွန့်ကာ အစိုးရအဖွဲ့ထဲ ဝင်ရောက်လာခဲ့တဲ့ ဒီပုဂ္ဂိုလ်ကြီးတွေကို လစာအဖြစ် သန်းနဲ့ချီပေးခဲ့ရတာဖြစ်ပါတယ်။ ပေးရတာနဲ့ တန်အောင်ပဲ ဒီပုဂ္ဂိုလ်ကြီးတွေဟာ ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ စင်ကာပူကို ထိပ်တန်းရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြပါတယ်။
လက်ရှိအချိန် စင်ကာပူနိုင်ငံသားတယောက်ရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၆၈,၄၈၇ ဖြစ်တဲ့အချိန်မှာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ နှစ်စဉ် လစာဝင်ငွေက အမေရိကန်ဒေါ်လာ ၁,၆၁၀,၀၀၀ ဖြစ်ပါတယ်။ ဒါတောင်မှ မူလက လစာ ဒေါ်လာ ၃သန်းဝန်းကျင် ရှိခဲ့ရာကနေ လျှော့ယူခဲ့တာဖြစ်ပါတယ်။ စင်ကာပူဟာ အစိုးရအဖွဲ့အတွင်းမှာ ပါဝင်တဲ့ လူပေါင်း ၃၁ ဦးအတွက် နှစ်စဉ်လစာအဖြစ် စုစုပေါင်း ဒေါ်လာ သန်း ၅၀ ကျော်အထိ သုံးစွဲထားကြောင်း သိရပါတယ်။
Discussion about this post